ရေသန့်ဗူးခွံကို မော်တော်ကားလေး လုပ်ပြီး ကြိုးရှည်ရှည်ဆွဲ၍ ယာယီတဲအိမ်ငယ်များကြားက မြေသားလမ်း ကျဉ်းကျဉ်းထဲတွင် ဆော့ကစားနေသူ မိန်းကလေးငယ်တစ်ဦးကို မြင်နေရသည်။
သူမကမူ အဝတ်ခပ် နွမ်းနွမ်းလေးကို ဝတ်ဆင်ထားသည့် အသက် ၁၀ ကျော်အရွယ် မိန်းကလေးဖြစ်သည်။ သူမနှင့် မလှမ်းမကမ်းတွင် ခန္ဓာကိုယ်ပိန်ပိန်သွယ်သွယ်ဖြင့် သက်ကြီးပိုင်း အမျိုးသမီးတစ်ဦးကလည်း လိုက်ပါစောင့်ကြည့် နေသည်။
“စိတ်မချလို့ အနီးကပ် လိုက်ကြည့်နေရတာ ” ဟု အသက် ၅၇ အရွယ် ဒေါ်ဦးသန်းယဉ်က စကားဦးဆိုသည်။
ထိုမြင်ကွင်းသည် အာရက္ခတပ်တော် ထိန်းချုပ်နယ်မြေ ရခိုင်ပြည်၊ မြောက်ဦးမြို့နယ်က စစ်ဘေးရှောင်စခန်းထဲ ဖြစ်သည်။ ထိုကလေးမသည် ဆွံ့အ၊ စိတ်မနှံ့ရှာဖြစ်နေသည့် အသက် ၁၄ အရွယ် မသန်စွမ်းသူ မမေဇင်ဦးဖြစ် သည်။
မမေဇင်ဦးသည် မွေးရာပါ ဆွံ့အ၊ အမြင်အာရုံနှင့် ဦးနှောက်ဖွံ့ဖြိုးမှု အားနည်းသူလည်းဖြစ်ပေသည်။
မမေဇင်ဦးသည် ပါးစပ်ကနေ သွားရည်အမြဲတမ်းစီးကျနေတတ်ပြီး၊ စကားပြောလည်း မပီသပေ။ စကားကို တောက်လျှောက်ပြောမရဘဲ တစ်ခွန်းစနှစ်ခွန်းစလောက်သာ မိသားစုနှင့် ပြောနိုင်စွမ်းရှိသည်။
“မှတ်ဉာဏ်မရှိဘူး။ ဦးနှောက်မဖွံ့ဖြိုးတော့ဘာမှ မမှတ်မိဘူး။ အသိဉာဏ်နည်းတယ်။ မျက်လုံးလည်း သိပ်မမြင်ဘူး။ စမ်းစမ်းနဲ့ လမ်းလျှောက်တယ်” ဟု ဒေါ်ဦးသန်းယဉ်က သူ့မြေးမလေး လက်ရှိ ဘဝကို ရှင်းပြသည်။
သူတို့မိသားစုသည် စစ်တွေမြို့၊ ဆက်ရိုးကျ အကွက် ၂ ရပ်ကွက်မှဖြစ်သည်။ ရခိုင် ရခိုင်မြို့သိမ်းတိုက်ပွဲများ ပြင်း ထန်ချိန် ၂၀၂၄ ခုနှစ် ဇန်နဝါရီလတွင် စစ်တွေကနေပြီး မိသားစုလိုက်ဘေးလွတ်ရာသို့ ထွက်ပြေးလာခြင်း ဖြစ် သည်။
စစ်တွေမြို့ထဲတွင် စစ်ကောင်စီတပ်သားများ မကြာခဏစစ်ဆေးမေးမြန်းမှုများရှိလာခြင်း၊ အလုပ်အကိုင်မရှိ စားဝတ်နေရေး ကျပ်တည်းခြင်းနှင့် တိုက်ပွဲများပြင်းထန်လာမှုတို့ကြောင့် အနီးကမြို့ခံများနှင့်အတူ ထွက်ပြေး တိမ်းရှောင်လာခြင်းဖြစ်သည်။
ပုဏ္ဏားကျွန်းမြို့နယ်တွင် ၆ လနေထိုင်ခဲ့ပြီးနောက်တွင် မြောက်ဦးမြို့နယ်သို့ ထပ်မံ ရွှေ့ပြောင်းလာရခြင်းဖြစ်သည်။
■ တကွဲတပြား မိသားစု အသိုက်အမြုံ
လက်ရှိ မမေဇင်ဦးတို့ မိသားစုတွင် အဘိုးဖြစ်သူ ဦးမောင်စောမြ အသက် ၆၂ နှစ်၊ အဖွားဖြစ်သူ ဒေါ် ဦးသန်းယဉ် အသက် ၅၇ နှစ်၊ အဒေါ် ဖြစ်သူ မလုံးလုံးအသက် ၂၂ နှင့် ၁၄ နှစ်အရွယ် မမေဇင်ဦး တို့ဖြစ်သည်။
စစ်တွေတွင်နေတုန်းက သူတို့မိသားစုသည် သမီး ၂ ဦး ကြုံရာကျပန်း အလုပ်လုပ်သည့် ငွေကြေးဖြင့် နေထိုင်စားကြသည်။ လက်ရှိတွင် သမီးတစ်ဦးဖြစ်သူ မမေဇင်ဦးမိခင်မှာ ပေါက်တောမြို့နယ်တွင် စစ်ဘေးရှောင်ရင်း မီးဖွားချိန်၌ အသက်ဆုံးပါးသွားခဲ့ပြီးဖြစ်သည်။
အဘိုးဖြစ်သူမှာ အဆုပ်ရောဂါသည်ဖြစ်သည်။ မကြာခဏ နေမကောင်းဖြစ်နေတတ်သည်။ အဖွားဖြစ်သူမှာလည်း အသက်ကြီးပြီးဖြစ်သဖြင့် အလုပ်မလုပ် နိုင်တော့ပေ။ အဒေါ်ဖြစ်သူ(မလုံးလုံး)၏ လုပ်အားခ ဝင်ငွေကို အဓိက မှီခိုပြီး စားဝတ်နေရေး ရုန်းကန်ကြသည်။
သူတို့၏ နေ့စဉ်အလုပ်မှာ စစ်ဘေးရှောင်စခန်းနှင့် တစ်နာရီကျော်ဝေးသည့် တောင်သို့သွားကာ ထင်းခုတ်ကြသည်။ အဘိုးဖြစ်နေကောင်းချိန်တွင် အဘွားဖြစ်သူနှင့် အတူတောင်ပေါ်သွားပြီး ထင်းခုတ်သည်။
“ကျမတို့က သူများတွေလို ထင်းမထမ်းနိုင်ဘူး။ ခွန်အားမရှိတော့ နှစ်ယောက်ပေါင်းမှ ထင်းချောင်းရေ ၅၀ ပဲရ တယ်။ ရောင်းတော့ ပိုက်ဆံ ၆၀၀၀ ရတယ်။ တစ်နေ့ထွက်ငွေက ဆန်ဆီဆားပေါင်းရင် အသားဟင်းမပါဘဲ ၁၀,၀၀၀ ကျော်တယ်” ဟု တစ်နေ့တာ အသုံးစရိတ်နှင့် အလုပ်အကိုင်ကို ပုံစံကို ရှင်းပြသည်။
ထို့ကြောင့် ကျန်းမာရေး မကောင်း၍ တောင်တက်ပြီး ထင်းမခုတ်နိုသည့် အချိန်တွင် ပတ်ဝန်းကျင်က ဆန်ရိက္ခာ ပေးပြီး ကူညီကြသည်ဟု ဆိုသည်။
■ မမေဇင်ဦးဖြစ်တည်မှု
မမေဇင်ဦးတွင် မိခင်မရှိတော့ပေ။ မိခင်ဖြစ်သူမှာ နောက်အိမ်ထောင်ယူထားပြီး ပေါက်တောမြို့နယ်တွင် စစ်ဘေးရှောင်နေစဉ် ယခုနှစ် ဇွန်လက ကလေးမွေးရင်းနှင့် မိခင်နှင့် ကလေးပါ ဆုံးပါး သွားခဲ့ရသည်။
ဖခင်ဖြစ်သူမှာ မေဇင်ဦး မွေးကတည်းက နောက်အိမ်ထောင်ပြုသွားပြီး မေဇင်ဦးကို လုံးဝ အဆက်အသွယ် မလုပ်ဘဲ ပစ်ပယ်ထားခြင်းဖြစ်သည်။
ယင်းကြောင့် မေဇင်ဦးမှာ ငယ်ငယ်ကတည်းက အဘွားဖြစ်သူ၏ ပြုစုစောင့်ရှောက်မှုအောက်တွင် ကြီးပြင်း လာခြင်းဖြစ်ပြီး သူတို့ကိုပင် အဖေအမေဟု ထင်မှတ်ထားကြောင်း ပြောသည်။
“သူက ဘာမှ လုပ်မတတ်ဘူး။ နှပ်ချေးတောင် မညှစ်တတ်ဘူး။ မျက်နှာသစ် ရေချိုးဘာမှ မလုပ်တတ်တော့ အကုန်လုပ်ပေးရတာ” ဟု ဒေါ်ဦးသန်းယဉ်က ပြောသည်။
■ ကာယအိန္ဒြေ ပြဿနာ
လက်ရှိတွင် မေဇင်ဦးသည် အသက်အရွယ်အနည်းငယ် ရလာပြီဖြစ်ကာ မိန်းကလေးလည်းဖြစ်သောကြောင့် အုပ်ထိန်းသူများမှာ စိုးရိမ်ပူပင်မှုလည်း တစ်ဆင့်တိုးလာနေတော့သည်။
“အခက်အခဲကတော့ အားလုံးပဲ။ အိမ်သာသွားရင်လည်း လိုက်ကြည့်နေရတယ်။ ဘာမှ သူ့ဘာသာသူ မလုပ် တတ်ဘူး။ ထမင်းစားရင်လည်း အဆင့်သင့် နှယ်ပေးရတယ်။ အစူးနဲ့ ငါးတွေကို ကျွေးလို့မရဘူး” ဟု ပြောလာ သူကတော့ မလုံးလုံး ဖြစ်သည်။
မလုံးလုံးသည် မေဇင်ဦးမိခင်၏ ညီမဖြစ်သည်။ အိမ်ထောင်မကျသေးဘဲ လက်ရှိ မိသားစုတာဝန်အားလုံးကို ဦးဆောင်ထမ်းရွက်နေသူဖြစ်သည်။ ထင်းခုတ်၊ ပန်းရံစသည့် ကြုံရာကျပန်း နေ့စားအလုပ်လုပ်၍ ရလာသည့် ဝင်ငွေဖြင့် မိသားစု ဝမ်းရေးကို စီမံခန့်ခွဲနေသည်။
ထို့အတူ မေဇင်ဦးသည် မှတ်ဉာဏ်လုံးဝမရှိ ကိုယ့်မိသားစုလောက်ပဲ သိပြီး အပြင်လူများကို လုံးဝ မသိကြောင်း ဆိုသည်။ ရှက်ခြင်း ကြောက်ခြင်း မသိဘဲ တစ်ခါတစ်ရံ အဝတ်အစားဂရုမစိုက်ဘဲ နေတတ်သည်။
“စိတ်မနှံ့တော့ တစ်ယောက်တည်း ထားမရဘူး။ လူဆိုတာတော့ အယုတ်အလတ် အမြတ်သုံးပါးရှိတာ။ ရှက်ဖို့ ကြောက်ဖို့ ဘာမှမသိဘူး။ ခန္ဓာကိုယ်မှာတောင် အဝတ်မစိုက် အစားမစိုက်လည်း နေတတ်တယ်” ဟု မလုံးလုံးက အရှိတရားကို ရှင်းပြသည်။
ထို့အတူ အနယ်နယ်အရပ်ရပ်က လူပေါင်းရာထောင်ချီ စုဝေးနေထိုင်ရာ စစ်ဘေးရှောင်စခန်းဖြစ်သဖြင့် ပိုပြီး ဂရုစိုက်ရကြောင်းလည်း ပြောသည်။
ယင်းကြောင့် ယခင် စစ်တွေက မိမိအိမ်တွင် နေထိုင်ရသည်ထက် လူဦးရေ ထူထပ် ပြွပ်သိပ်နေသည့် စစ်ရှောင် စခန်းတွင် နေထိုင်ရသည်မှာ ပိုပြီးကျဉ်းကျပ် မွန်းကျပ်ကြောင်းလည်း ဆိုသည်။
“လူရှေ့သူရှေ့လည်း သူမသိရှာဘူး။ အပေါ့သွားချင်ရင်လည် ဒီအတိုင်းပဲ သွားလိုက်တယ်။ အသက်အရွယ်ကြီး လာ အနေအထိုင်မတတ်တော့ ပိုဆိုးတယ်” ဟု မလုံးလုံးက အားမလိုအားမရ ရှင်းပြနေသည်။
■ လျစ်လျူရှုခံထားရဆဲ မသန်စွမ်းအရေး
စီးပွားရေး၊ လူမူရေး အစစအရာရာ ခက်ခဲကျပ်တည်းပြီး စစ်ရေးပဋိပက္ခဒဏ်ထဲ ဖြတ်သန်းနေရသည့် ရခိုင်က စစ်ဘေးရှောင်များမှာ မသန်စွမ်း ကလေးတယောက်ကို ပြုစုစောင့်ရှောက်ရေး အဆပေါင်းများစွာ ပင်ပန်းခက်ခဲ စေသည်။
မမေဇင်ဦး၏ မသန်စွမ်းမှုကို ယိုးမယ်ဖွဲ့ပြီး ကံမကောင်းသူ၊ အပြစ်ရှိသူသဘောမျိုး လူမှုပတ်ဝန်းကျင်ကြားတွင် အထင်သေး အမြင်သေး ဆက်ဆံခံရမှုများလည်း ကြုံရတတ်ကြောင်း မိသားစုဝင်များက ဆိုသည်။
ရုပ်ပိုင်း၊ ဉာဏ်ရည်ပိုင်းဆိုင်ရာ မသန်စွမ်းဖြစ်နေသည့် မမေဇင်ဦးကြောင့် ငွေကြေး၊ စိတ်ပိုင်းဆိုင်ရာ လူမှုရေး ကဲ့ရဲ့၊ ပြစ်တင်ဝေဖန်သည့် ဖိအားများကိုပါ ထမ်းပိုးထားရခြင်းဖြစ်သည်။
လက်ရှိ ကာလ၏ စီးပွားရေး အခက်အခဲကြောင့် သူ့မြေးမလေး ဘဝထက် နေ့စဉ် စားဝတ်နေရေးဖြေရှင်းနိုင်ရေးက ကြီးမားသည့် အတားအဆီးကို ကျော်ဖြတ်နေရခြင်းဖြစ်သည်။
” အဖွဲ့အစည်းတွေက မသန်စွမ်းစာရင်းလာကောက်တာရှိတယ်။ ဒါပေမဲ့ သီးခြားကူညီလာပေးတာတော့ မတွေ့ ရသေးပါဘူး” ဟု ဒေါ်ဦးသန်းယဉ်က ပြောသည်။
လက်ရှိ ရခိုင်ပြည်က မသန်စွမ်းသူများမှာ အခြေခံလူ့အခွင့်အရေးများ ဆုံးရှုံးနေပြီး ဆေးဝါး ကုသခွင့်၊ ပညာ သင်ကြားခွင့်နှင့် အလုပ်အကိုင်ရရှိမှုကလည်း လုံးဝ မရှိကြပေ။
မြန်မာနိုင်ငံတွင် ၂၀၁၉ ခုနှစ် ကြားဖြတ် သန်းခေါင်စာရင်းအရ လူဦးရေ၏ ၁၂ ဒသမ ၈ ရာခိုင်နှုန်း (၅ ဒသမ ၉ သန်း)မှာ အမြင်၊ အကြား၊ အပြောအာရုံ မသန်စွမ်းမှု၊ ဉာဏ်ရည်နှင့် ကိုယ်အင်္ဂါစသည့် မသန်စွမ်းသူများဖြစ် ကြောင်း ဆိုသည်။
ထိုအထဲတွင် ရခိုင်ပြည် လူဦးရေ ၃ သန်းကျော်ထဲ မသန်စွမ်းသူ ၅ သိန်းကျော် ရှိကြောင်း သိရသည်။
အလားတူ ၂၀၂၅ ခုနှစ်အတွင်း မြန်မာနိုင်ငံတွင် စစ်ဘေးနှင့် ငလျင်ဘေးအကြားတွင် အကူအညီလိုအပ်နေသည့် မသန်စွမ်းဦးရေ ၂ ဒသမ ၆ သန်း အထိရှိကြောင်း ကမ္ဘာ့ကုလသမဂ္ဂက ထုတ်ပြန်ထားသည်။
ယင်းအပြင် အာဏာသိမ်းပြီးနောက် လက်နက်ကိုင် ပဋိပက္ခများကြောင့် မသန်စွမ်းဦးရေ အရင်ကထက် ၂ ဆနီးပါး တိုးလာပြီး လက်ရှိမှာ လူဦးရေ ၆ သန်းကျော်လာပြီဖြစ်ကြောင်း ထိုအထဲတွင် မသန်စွမ်းဦးရေ ထက်ဝက် လောက် သည် အမျိုးသမီးများ ဖြစ်ကြောင်း ကုလသမဂ္ဂ၏ ၂၀၂၄ ဒီဇင်ဘာလ ထုတ်ပြန်အရ သိရသည်။
■ မေဇင်ဦးရဲ့ ရှေ့အနာဂတ် မျှော်လင့်ချက်
မေဇင်ဦးသည် ငယ်စဉ်ကတည်းက အငိုအရယ်နည်းပြီး ကြီးပြင်းလာသူဟု ပြောသည်။
ယင်းကြောင့် နာလည်တတ်ကျွမ်းသည့် ဦးနှောက်နှင့် အာရုံကြော ဆရာဝန်ကြီးများဖြင့် ဆေးဝါးကုသရန် မိသားစုဝင်တို့က မျှော်လင့်ချက်ရှိသော်လည်း ချို့တဲ့သည့် အနေအထားတွင် ငွေကြေးဆိုသည့် အတားဆီးများကို မကျော်ဖြတ်နိုင်ကြပေ။
ဒေါ်ဦးသန်းယဉ်က “မြေးမလေးဟာ မွေးရာပါ။ ဦးနှောက်မပြည့်မီတာလား။ မွေးတုန်းက ညှပ်နဲ့ဆွဲထုတ်လို့ အာရုံကြော ထိခိုက်သွားတာလား သေချာမသိရဘူး” ဟု သူ့ထင်မြင်ချက်ကို ပြောသည်။
ယခင် စစ်တွေတွင် ရှိစဉ် အာရုံကြောဆိုင်ရာ ဆရာဝန်က သူ့အသက် ၁၀ နှစ်ကျော်သည့်အခါ သေချာစမ်း သပ်ကုသရန် လိုအပ်သည်ဟု အကြံပြုထားကြောင်းဆိုသည်။
မေဇင်ဦး အဘိုးဖြစ်သူ ဦးမောင်စောမြက “စစ်တွေ ဆရာဝန်က မှာလိုက်တာတစ်ခုရှိတယ်။ မြေးမလေးက ၁၀ နှစ်သားဆိုရင် ၅ နှစ် အသိဉာဏ်ဝင်မယ်။ ၂၀ နှစ်ဆိုရင် ၁၀ နှစ် အသိဉာဏ်ဝင်မယ်။ အပင်ပန်းခံပြီး စောင့်ရှောက် ရမယ်။ နောက်မှ အာရုံကြော ဆရာဝန်တွေ၊ စိတ်ဆရာဝန်တွေနဲ့ သေချာပြသပြီး ကုသရမယ်” ဟု ဆရာဝန် ညွှန်ကြားချက်ကို ပြောပြသည်။
လက်ရှိတွင် အဒေါ်ဖြစ်သူ၊ အဘွားဖြစ်သူ၏ မပြည့်စုံသည့် စောက်ရှောက်မှုအောက်တွင် ဘဝဖြစ်တည်မှု ဘာဆိုဘာမှ မသိရှာသူ မေဇင်ဦးတစ်ယောက် နေထိုင်၍ ရနေသေးသော်လည်း နောက်ထပ် နေ့ရက်များကို မိသားစုများက ဗျာများနေကြသည်။
“သူ့ကို ကျမတို့ သေတဲ့အထိ ထားရမှာ။ သေပြီးရင် အဒေါ်ဖြစ်သူနဲ့ အပ်ထားခဲ့ရမှာ။ သူလည်း အိမ်ထောင်ရက် သားကျရင် မြေးလေးကို ပြစုနိုင်ပါ့မလား မသေချာဘူး” ဟု ဒေါ်ဦးသန်းယဉ်က အနာဂတ်ကို ရင်လေးစွာဖြင့် ပြောသည်။
ယခုအချိန်တွင် မေဇင်ဦးသည် အလှပများကို စိတ်ဝင်စားလာကြောင်း မိသားစုဝင်များက သတိထားမိသည်။ မကြာခဏ အဝတ်အစား အသစ်များကို တောင်းလေ့ရှိကြောင်း၊ ဟောင်းနွမ်းနေသည့် အဝတ်များကို စွန့်ပစ်တတ် သည်။
သို့သော်လည်း စစ်တွေ မိမိအိမ်တွင် နေရသည်ထက် လက်ရှိဘဝသည် အစစ အရာရာ ပိုမိုဆိုးဝါးနေသဖြင့် မေဇင်ဦး၏ မနက်ဖြန် ရှင်သန်မှုများမှာ ဝေဝါးနေဆဲဖြစ်သည်။
“ဆေးဝါးကုသဖို့ မျှော်လင့်ချက်ရှိတယ်။ ဆရာဝန်နဲ့ ပြစေချင်တယ်။ ကျမ မသေမပျောက်ခင် လူမှုအသိုင်း အဝိုင်းမှာ လူကောင်း ပကတိအတိုင်း ရှင်သန်ကျန်ရစ်စေချင်တယ်။ ဒါပေမဲ့…” ဆိုပြီး သက်ပြင်းကြီး တစ်ရှိုက်ချကာ ဒေါ်ဦးသန်းယဉ်တစ်ယောက် ဆန္ဒအတိုင်း ရင်ဖွင့်နေရာတော့သည်။
မေဇင်ဦးတစ်ယောက်ကတော့ ယာယီတဲအိမ်ငယ်များကြားက မြေသားလမ်းကျဉ်းတွင် ရေသန့်ဗူးခွံကို ကြိုးရှည်ရှည်ဆွဲ၍ မော်တော်ကားလေး လုပ်ပြီး ဆော့ကစားနေလေသည်။
