သဗ္ဗာန်ပေါင်းမိုးပေါ်ကနေ ကျွန်တော် ထိုင်ပြီး မြစ်ကိုဆန်တက် လိုက်လာခဲ့တယ်။ အဖေက လှော်တက်ခတ်ရင်း မြစ်ကမ်းဘေးက ကမ်းနဖူးတွေနဲ့ ကျွန်တော့်ကို မိတ်ဆက်ပေးနေတယ်။ ကျောက်တော်မြို့ ကိုကျော်လိုက်တာနဲ့ သကြားစက် ခေါင်တိုင်ကြီးကို လှမ်းမြင်ရတယ်။ ရခိုင်ပြည်ရဲ့ တစ်ခုတည်း သော သကြားစက်ဟာ ကုလား တန်ကမ်းနဖူးပေါ်မှာ တည်ရှိနေခဲ့တယ်။
မြစ်တဖက်ကမ်း စီမှာ ဒီစက်ရုံကို အကြောင်းပြုပြီး ကြံပင်တွေစိုက်ပျိုးကြတယ်။ ကြံခင်းတွေက မျက်စိတစ်ဆုံး ရှည်လျားကြတယ်။ ကြံတောင်သူတွေကတော့ အမြတ်ရလား၊ အရှုံးပေါ်ကြသလား မသိပေမယ့် ကျွန်တော်ကတော့ ကြံတစ်ပင်စ၊ နှစ်ပင်စ အမြဲတမ်းခိုးစားဖူးတယ်။ ကြံဖြူက မာတယ်။ အလွန်ချိုတယ်။ အခန့်မသင့်တဲ့အခါ လျာတွေတောင် ပြတ်ရှဖူးခဲ့ပါတယ်။ နောက်ပိုင်း ဒီသ ကြားစက်ရုံဟာလည်း တဖြည်းဖြည်း လုံးပါးပါးလာပြီးတော့ အခုတော့ လုံးဝပျောက်ဆုံးသွားခဲ့ပါပြီ။
ကျောက်တော်မြို့ကျော်လာပြီဆိုရင်တော့ အနောက်ဘက်ခွဲထွက်သွားတဲ့ ပီချောင်းမြစ်ရှိတယ်။ ကုလား တန်က အရှေ့ဘက်ကိုကွေ့ပြီး ဆန်တက်သွားတယ်။ သကြားစက်နည်းနည်းကျော် လိုက်တာနဲ့ မြစ်တစ် ဖက် တစ်ချက်မှာစီမှာ တောင်တန်းကြီးတွေရှိတယ်။ အလယ်မှာမြစ်။ အဖေက ပြောတယ်။ မာရယုဘု ရင်ဟာ ဘီလူးတွေကို တိုက်ခိုက် မောင်းထုတ်တဲ့အခါ ဘီးလူးတွေထွက်ပြေး ကြရင်း မာရယု လိုက်မလာ နိုင်အောင် ဒီတောင်တန်းကို ပိုင်းထားခဲ့ကြတယ်။ ပြီးတော့ သူတို့ဟာမြစ် တဖက်ကနေ တစ်ဖက်ကို ဒီတောင်ကနေခုန်ကူးသွားခဲ့ကြတယ်။ ဒါ့ကြောင့် ဒီတောင်တန်းကို ဘီလူးကူး တောင်တန်းခေါ်တယ် လို့ ဆိုတယ်။
ကမ္ဘာပေါ်မှာ လူသားတွေရဲ့ ယဉ်ကျေးမှု၊ ရုပ်ဝတ္ထုတိုးတက်မှု၊ ယုံကြည်ကိုးကွယ်မှုနဲ့ အသိပညာမြင့်မှု တွေအားလုံးဟာ မြစ်ဝှမ်းတွေက စခဲ့ကြတယ်။ ကမ္ဘာပေါ်မှာ လူသားတွေရဲ့ ယဉ်ကျေးမှုစတင်တဲ့ မြစ်ဝှမ်းဒေသ ၄ ခုရှိတယ်။ ယူဖရေးတီးမြစ်ဝှမ်းမှာ မက်ဆိုပိုတေးမီးယားယဉ်ကျေးမှု စတင်ခဲ့တယ်။ နိုင်းမြစ်ဝှမ်းမှာတော့ အီဂျစ်ယဉ်ကျေးမှုအစပြုခဲ့တယ်။ အိန္ဒုမြစ်ဝှမ်းဒေသမှာ အိန္ဒိယ ယဉ်ကျေး မှုပေါ်ပေါက်ခဲ့တယ်။ ဟွတ်ဟေမြစ် (မြစ်ဝါမြစ်)ဝှမ်း တရုတ်ယဉ်ကျေးမှု စတင်ထွန်းကားခဲ့တယ်လို့ သတ်မှတ်ကြတယ်။
မြစ်ဝှမ်းဒေသကနေတဆင့် လူသားတွေဟာ အုပ်ချုပ်ရေး၊ စီးပွားရေး၊ ဥပဒေပြုရေး၊ တရားစီရင်ရေးနဲ့ အံ့ဩစရာကောင်းတဲ့ အသိပညာ၊ အတတ်ပညာတွေကို စတင်နိုင်ခဲ့ကြတယ်။
မြန်မာနိုင်ငံမှာတော့ ဧရာဝတီမြစ်ဝှမ်းကတဆင့် ပျုနဲ့ ပုဂံယဉ်ကျေးမှု ထွန်းကားလာခဲ့တယ်။ ရခိုင်တွေ အဖို့တော့ ကစ္ဆပနဒီ (ကုလားတန်မြစ်) ဝှမ်းဟာ ဓညဝတီ ယဉ်ကျေးမှုထွန်းကားရာ အရပ်ဖြစ်ခဲ့တယ်။

ကစ္ဆပနဒီ (ကုလားတန်) မြစ်ဝှမ်းက လူငယ်တစ်ယောက်ဟာ ဆိုးသွမ်းတဲ့ ဘီလူးကြီးတွေကို တိုက်ခိုက် မောင်းထုတ်ပြီးတော့ သမိုင်းဦးကိုရေးထိုးခဲ့တယ်။ မာရယုဘုရင်ဖြစ်လာမယ့် ဒီလူငယ်ဟာ ဒီမြစ်ရိုး အတိုင်း စုန်ဆင်းလာပြီးတော့ ရခိုင်သမိုင်းရဲ့ ရှေးအကျဆုံးမြို့ပြတစ်ခုဖြစ်တဲ့ ဓညဝတီ ကိုတည် ထောင်စိုး စံခဲ့တယ်။ အဲဒီကစပြီး ရခိုင်လူမျိုးတွေရဲ့ ယဉ်ကျေးမှုနဲ့ ရိုးရာ ဓလေ့စရိုက်တွေဟာ ဒီမြစ်ဝှမ်းမှာ ရှင်သန် ခဲ့လာခဲ့တယ်။ မြို့ပြတွေ၊ သူရဲကောင်းတွေ၊ အယူဝါဒတွေ၊ စာပေ၊ အနုပညာနဲ့ ကျေးလက်တေးကဗျာတွေအထိ စီးဆင်းပျော် ဝင်စေခဲ့တယ်။
ရာဇဝင်တွေအရ ကပိလဝတ်မင်းသားတစ်ပါးဟာ ဒီမြစ် အတိုင်း စုန်ဆင်းလာပြီးတော့ ဒေသခံအမျိုး သမီးတစ်ဦးနဲ့ လက်ထက်ခဲ့တယ်။ နောက်ပိုင်း ရေကြီး တဲ့အခါ နှစ်ဦးလုံးမျောပါလာပြီး အခုကျောက် တော်မြို့အနီးအရောက်မှာ ကမ်းကိုကူးလာနိုင်ခဲ့တယ်။ သူတို့ ကူးလာတာကိုအစွဲပြုပြီး ကူးလာတန့်က ကုလားတန်ဖြစ် လာတယ်လို့ဆို တယ်။
တချို့ကတော့ မြောက်ဦးကိုတိုက်ခိုက်ဖို့ချီလာတဲ့ ကုလားတပ်တွေဟာ မြစ်အနောက်ဘက်ကမ်းမှာ ရပ်တန့်သွားခဲ့ကြတဲ့အတွက် “ကုလားတန့်”က ကုလားတန် ဖြစ်လာတယ်လို့ဆိုတယ်။ မြစ်ရဲ့ အမည်ရင်းကတော့ ပါဠိလို ကစ္ဆပနဒီ လို့ခေါ်တွင်တာဖြစ်တယ်။ အဓိပ္ပာယ်ကတော့ လိပ်ကျော ကုန်းခွံ နဲ့တူတဲ့ မြစ်လို့ဆိုတယ်။ မြစ်ဖျားပိုင်းမှာ ရေတိုက်စားတဲ့ဒဏ်ကြောင့် ချော့မွေ့ပြောင်လက်နေတဲ့ ကျောက်တုံး၊ ကျောက်ဆောင် တွေများစွာရှိတယ်ဆိုကြတယ်။
ဒီမြစ်ဟာ ပေပေါင်း ၈၀၀၀ ခန့်မြင့်တဲ့ ချင်းပြည်နယ် လူရှည်တောင်တန်းနဲ့ အိန္ဒိယနိုင်ငံ ချင်လတိတလန် တောင်ကုန်းတွေက မြစ်ဖျားခံ စီးဆင်းလာပြီး ဘွိုင်နု (ဘွေနု)၊ တီမိ၊ ထရောဘာ (တီအိုရီဗာ) စတဲ့ မြစ်တွေ ပေါင်းဆုံစီးဆင်းလာခဲ့တာ ဖြစ်ပါတယ်။ အိန္ဒိယ၊ မီဇိုရမ်ဒေသက အခြေခံပြီးတော့ ချင်းပြည် မြောက်ပိုင်းမှာ ထရောဘာရီအမည်နဲ့ စီးဆင်းလာခဲ့တာလည်း ဖြစ်ပါတယ်။ အိန္ဒိယနိုင်ငံ နယ်စပ်မှ ဘင်္ဂလားပင်အော် အရောက် မိုင်ပေါင်း (၁၄၀၀) ရှည်လျားစီးဆင်းနေတယ်။
ငယ်ငယ်က ပထဝီစာအုပ်ထဲမှာပါတဲ့ ရခိုင်ပြည်နယ်ရှိမြစ်များဆိုတဲ့ သင်္ခန်းစာကိုတော့ ကျွန်တော်တို့ ဒီလိုလေး ဖတ်မှတ်ခဲ့တယ်။ “ကုလား တစ်ရာ့နှစ်ဆယ် (၁၂၀) ။ စစ်တွေ-ပလက်ဝ”။ လို့မှတ်ကြတယ်။ အဓိပ္ပာယ်ကတော့ ကုလားတန် မြစ်ဟာ စစ်တွေကနေ ပလက်ဝအထိ သင်္ဘောသွားလာနိုင်တဲ့ မိုင်ပေါင်း ၁၂၀ ရှည်လျားပါတယ်။
မြစ်ကိုအကြောင်းပြုပြီး ရေချိုအရင်းအမြစ်နဲ့ မြေနုလွင်ပြင်တွေမှာ အကျိုးရှိရှိ စိုက်ပျိုးရိတ်သိမ်းကြကာ လူမျိုးပေါင်းစုံစွာ မှီခိုနေထိုင်လာကြတာ အခုထိဖြစ်တယ်။
ဘီလူးကူးတောင်တန်းကို ကျော်ပြီးလာတော့ ကျွန်တော်တို့သားဖဟာ ခေါင်းတုတ်ဆိပ် ကမ်းကို ရောက်ပြီ။ လွန်ခဲ့တဲ့အနှစ် ၃၀ ကျော်က ခေါင်းတုတ်ကျေးရွာ၊ ခေါင်းတုတ်ဈေးဆိုတာ အလွန်စည် ကားတဲ့ ဈေးဖြစ်ဖူးတယ်။ ဈေးဆိပ်ကမ်းမှာ သဗ္ဗာန်ကိုရပ်ပြီး ညအိပ်ကြတယ်။ မနက်ဖြန်ဆိုရင် ဈေးနေ့။ ဆိုက်ကပ်ထားကြတဲ့ လောင်းလှေ၊ သဗ္ဗာန်တွေဟာ မြစ်ကမ်းနဖူးကလေးမှာ အစီအရီ တန်းစီနေကြ တယ်။ ခေါင်းတုတ်ဈေးမှာ ရခိုင်၊ ဘင်္ဂါလီနဲ့ တိုင်းရင်းသားတွေအဓိက ရောင်းဝယ်ကြတယ်။
မနက်စောစော ဈေးအောက်ဘက်သောင်ပြင်မှာ ကြံ၊ ပီလောပီနံ၊ ကျွဲကော၊ ရှောက်ချို၊ ငှက်ပျော ပိန်းဥ၊ ပိန်းခေါင်းနဲ့ အပင်ထွက်ဥမျိုးစုံဟာ အစည်းလိုက် အပုံလိုက်ရောင်းကြတာဖြစ်တယ်။ ကျွန်တော်က ကလေးဆိုတော့ ကြံစားချင်ရင် တစ်ပင်ယူလိုက်ရုံပါပဲ။ ဘယ်သူမှ ကြံတပင်ယူလို့ စိတ်မဆိုးကြပါဘူး။ ပြီးတော့ သဗ္ဗာန် သမားအချင်းချင်းသိနေကြတာကိုး။

ကျွေးကော၊ ရှောက်ချို၊ ငှက်ပျော၊ ပီလောပီနံဥတွေဆိုရင်လည်း ဒီလိုချည်းပါပဲ။ ဗိုက်ဆာရင် ယူသာစား။ ဘယ်သူမှ စိတ်ဆိုး၊ မာန်ပါမရှိကြပါဘူး။ ဒီလိုမျိုး အကြိမ်ပေါင်းများစွာ ခေါင်းတုတ်ဈေးကိုကျွန်တော် ရောက်ဖူးပါတယ်။ ကျောက်တော်အထက်ဖက် ခေါင်းတုတ်ဈေးက အောက်ဘက် ရွှေလိုင်ဈေး၊ သာဒါ ဆိပ်ဈေး၊ အပေါက်ဝဈေး၊ ကုပ္ပီထောင့်ဈေး၊ ပေါက်လေဈေး၊ သဲတက်ဈေးတွေအထိ အကြိမ်ပေါင်း များစွာကျွန်တော် ကျင်လည်ခဲ့ပါတယ်။ ဒီဈေးတွေဟာ တစ်ပတ်မှာ တစ်ရက်သာရှိတဲ့ အုပ်စုဈေးကြီး တွေဖြစ်တဲ့အတွက် အလွန်စည်ကားပါတယ်။ အခုတော့ ဒီဈေးကြီးတွေဟာလည်း အရင်ကလို မစည်ကားတော့ဘဲ ဈေးကောကြီးတွေဖြစ်ခဲ့ပါပြီ။ တချိန်က မြစ်ကမ်းနဖူးပေါ်နင်းချဖူးတဲ့ ကျွန်တော့် ခြေရာ သေးသေးတွေကို ပြန်အမှတ်ရမိပါတယ်။
ခေါင်းတုတ်ဈေးက ရောင်းစရာ အသီး၊ အရွက်တွေကို ဝယ်ယူပြီး နေ့လည် ၁၂ ချက်လောက်ကို ကျွန်တော်တို့ပြန်ကြတယ်။ သဗ္ဗာန်ပေါ်မှာတော့ ရွာက အရီးတစ်ယောက်စ၊ နှစ်ယောက်စ လိုက်ပါတတ်ကြတယ်။ သူတို့လည်း ဒီဈေးကဝယ်၊ ဟိုဈေးမှာရောင်းပြီး လည်ပတ်နေကြတဲ့ ကုန်သည်တွေဖြစ်တယ်။ အရီးတို့ကတော့ သဗ္ဗာန်ပေါင်းအတွင်းပိုင်းမှာ အမေနဲ့စကား တပြောပြောလိုက်ပါကြတယ်။ ကျွန်တော်က ပေါင်းအမိုးပေါ်မှာ အဖေနဲ့စကားပြောရင်းလိုက်ပါခဲ့ကြတယ်။ အခုလို အချိန်တွေဆိုရင် မြောက်လေ (စုန်လေ) တိုက်တဲ့အတွက် လေမပြင်းဘူးဆိုရင် ရွက်ဖွင့်ပြီး မြစ်ကို စုန်ကြတယ်။ သဗ္ဗာန် ရွက်လွှင့်လိုက်ပြီဆိုရင် ကျွန်တော်တကယ်ပျော်တာ။ ရွာကို အမြန်ရောက်မှာလေ။ ပျင်းစရာ မကောင်းတော့ဘူးပေါ့။ အဲဒီအချိန်တုန်းက ကုလားတန်မြစ်ရိုးတလျှောက်မှာ စက်တပ်ယာဉ်တွေ သိပ်မရှိကြသေးသလို။ အစိုးရသင်္ဘောဟာလည်း တစ်ပတ်တကြိမ်သာ ကျောက်တော်- စစ်တွေကိုပြေးဆွဲတာဖြစ်တယ်။
တခါတလေတော့ ကုလားတန်မြစ်ပြင်မှာ သဗ္ဗာန်ကလေးကို တအိအိလှော်ခတ်ရင်း ကျွန်တော်တို့သား အဖတွေဟာ စုန်ဆင်းတတ်ကြတယ်။ ကျောက်တော် တောင်တန်းကြီးဟာ မြစ်ကမ်းနဲ့ဆက် စပ်ထိုးထွက် နေတဲ့ တောင်တန်း ဖြစ်တယ်။ တောင်ပေါ်မှာတော့ စေတီတော်နဲ့ ရပ်တော်မူတစ်ဆူ။ နောက်ပြီးတော့ ပုထိုးတော်တစ် ဆူတို့ ကို အဝေးကနေလှမ်းမြင်နိုင်ကြပါတယ်။
ခတ်တက်ကို တအိအိလှော်ခတ်ရင်း အဖေဟာ ဒီတောင်အကြောင်းကို ပြောပြပါတယ်။ သောလာ ဂိရိမောရပဗ္ဗတတောင်လို့ခေါ်တဲ့အကြောင်း။ မာရယုမင်းကြီးတည်ထောင်တဲ့ ပထမ ဓညဝတီပြီးတော့ ဒုတိယဓညဝတီကိုတော့ ကံရာဇာကြီးမင်းက ထူထောင်ခဲ့တယ်။ တတိယဓညဝတီကိုတော့ စန္ဒသူ ရိယဘုရင် ထူထောင်ခဲ့ကြတယ်။ ဓညဝတီခေတ်သုံးခေတ်မှာ နောက်ဆုံး တတိယဓညဝတီမှာ စန္ဒသူ ရိယမင်းကြီးဟာ ဗုဒ္ဓကိုပင့်ဖိတ်ပြီး တိုင်းသူ၊ ပြည်သားတွေကို ဗုဒ္ဓဘာသာအဆုံး အမတွေနဲ့မွေ့ပျော် စေခဲ့တယ်။ မြတ်စွာဘုရားဟာ ဒီတောင်ပေါ်မှာရပ်နား တော်မူခဲ့တယ်။ ပြီးတော့ နုစဉ်ဘဝတွေက အကြောင်းတွေနဲ့ နောင်ဖြစ်လာမယ့်အကြောင်းတွေကို ဗျာဒိတ်စကားတွေ မြွက်ဟခဲ့တယ်။ အဲဒီအချိန် တုန်းက ဒီမြစ်ရဲ့ ကမ်းတစ်ဖက်စီ လက်ဝဲ မြို့ပေါင်း ၉၉ မြို့၊ လက်ယာ မြို့ပေါင်း ၉၉ မြို့အထိ ထွန်းကားစည်ပင်ခဲ့တယ်လို့ ဆိုတယ်။
စန္ဒသူရိယမင်းကြီးဟာ မြတ်စွာဘုရားအပေါ် အလွန်သံယောဇဉ်ကြီးလွန်းတဲ့အတွက် ကိုယ်ပွားတော် တစ်ဆူထားရစ်ဖို့တောင်းဆိုခဲ့တယ်။ မြတ်စွာဘုရားခွင့်ပြုပြီး မဟာမုနိစက် ဘုရားကြီးဖြစ် လာခဲ့တယ်။ ဒီအချိန်ကစပြီး စန္ဒသူရိယ မင်းကြီးဟာ ရခိုင်လူမျိုးတွေအတွက် ဓမ္မအောင်လံတော်ကို ဒီမြစ်ဝှမ်းမှာ စိုက်ထူးပေးခဲ့တယ်။
ဒီမြစ်ဟာ အထီးကျန်စွာစီးဆင်းနေမှုမဟုတ်။ ရခိုင့်အရေမြေအတွက် အရေးပါတဲ့ မြစ်လက်တက်တွေနဲ့ ဖြန့်ကြက်စီးဆင်းနေတာဖြစ်တယ်။ ထင်ရှားတဲ့ မြစ်လက်တွေက ကလက်ချောင်း၊ ပီချောင်း၊ မီချောင်း၊ ယိုးချောင်း၊ သရီချောင်း၊ ဟင်းခရောမြစ်တွေဖြစ်တယ်။ သရီးချောင်းလို့ခေါ်တဲ့ (သေမာနဒီ)မြစ်ဖျားမှာ မဟာမုနိဘုရားကြီးစံပယ်တော်မူတယ်။ ဓညီမြို့ဟာ ကမ်းနပေါ်မှာတည်ရှိတယ်။ နောက်ပြီးတော့ မန်န ရိတ်ဟာ ဒီချောင်းကတဆင့် မြောက်ဦးမြို့တော်ကို ဝင်ရောက်ခဲ့ဖူးတယ်။ ရခိုင်ဘုရင့်နိုင်ငံတော်ရဲ့ ငွေဒင်္ဂါ တစ်ပြားဟာ မန်နရိတ်ကို အံ့ဩတုန်လှုပ်စေခဲ့တယ်။ ဒင်္ဂါးတစ်ပြားရဲ့ တန်ဖိုးဟာ ကြက်အကောင် ၃၀ တောင်ရရှိခဲ့တယ်လို့ မှတ်တမ်းတင်ခဲ့တယ်။
ဒီလိုနဲ့ ကျွန်တော်တို့သားအဖဟာ ကစ္ဆပနဒီရဲ့ ကျောပေါ်မှာ အစုန်အဆန် မျောခဲ့ဖူးတယ်။ တစ်ခါတခါ ကျတော့ အဖေက ကျွန်တော်ပျင်းနေမှာစိုးလို့ထင်ပါရဲ့ ကျောက်တော်တောင်အနီးက ဖြတ်သွားရင်း စေတီရဲ့ အောက်ဘက်တည့်တည့် ကျောက်တော်တောင်အိုင်အကြောင်းကိုပြောပြတယ်။ ရေက စိမ်းပြီးတော့ ညိုနေတယ်။ ဒီအိုင်ဟာ အလွန်နက်တဲ့အကြောင်း၊ အိုင်ထဲမှာ ငါးတောက်တူကြီး ရှိတဲ့အကြောင်း။ ဒီငါးတောက်တူကြီးဟာ ရိုးလှသန္တာပင်(ဆိတ်ဖလူး)ကိုစောင့်ရှောက်ရတဲ့အကြောင်း၊ ဒီအပင်က သာမန်အပင်မဟုတ်ဘဲ နောင်ပွင့်မယ့် မြတ်စွာဘုရားရှင်ကို ပူဇော်ဖို့ စီမံထားတာဖြစ်ကြောင်း၊ အပင်ဟာ ရွှေအတိအဖြစ်ပြီးတော့ အဖူး၊ အပွင့်တွေကို ကျောက်သံပတ္တမြားတွေနဲ့ စီခြယ်ထားတဲ့ အကြောင်းတွေကိုပါ ပြောပြရှာတယ်။ နောက်ပြီး ငါးတောက်တူကြီးက လူတွေကိုတောင် အသာလေး မျိုချနိုင်ကြောင်းတွေကို ပြောပါတယ်။ ကျွန်တော်အဲဒီတုန်းက ငါးတောက်တူဆိုတာ ဘယ်လို အကောင် မှန်းမသိခဲ့ပါဘူး။ ဒါပေမယ့် နောက်ပိုင်းမှာ အဲဒီအိုင်နားက ဖြတ်သွားပြီဆိုရင် ကျွန်တော်ဟာ ဘယ်တော့ မှ ပေါင်းမိုးပေါ်က မလိုက်တော့ဘူး။
မြစ်ကြောင်းအတိုင်း စုန်ဆင်းလာခဲ့ရင် တောင်ဘက်တည့်တည့်က ဘဲငါးရာတောင်ထိပ်ကို လှမ်းမြင်ရ တယ်။ လက်ယာဖက်မှာတော့ အာကာတောင်၊ ပင့်ကူတောင်တောင်တန်းကြီးတွေရှိတယ်။ လက်ဝဲဘက် မှာတော့ ရွာတန်းကြီးတွေရှိတယ်။ ပင့်ကူတောင်နဲ့ ပင့်ကူကြီးအကြောင်း၊ တဲချောင်းရှင်မအကြောင်း၊ မီးချောင်းရှင်မအကြောင်း၊ နီလာပန်းတောင်း၊ ကျောက်ပန်းတောင်းအကြောင်း၊ သာမာမင်းသမီး အကြောင်း၊ နရနုမင်းရဲ့ မံမီမိဖုရားအကြောင်း၊ ဘဲငါးရာရှင်မအကြောင်းစတဲ့ ရသစုံတဲ့ ရာဇဝင်တွေဟာ ကျွန်တော့်နားထဲမှာ အကြိမ် တစ်ရာမကကြားခဲ့ဖူးပါတယ်။ ဒီရာဇဝင်တွေ၊ ဒဏ္ဍာရီတွေ၊ သမိုင်းမှတ် တမ်း တွေဖြစ်လာဖို့အတွက် ကုလားတန်ဟာ အလိုက်သင့်စီးဆင်းနေပုံရပါတယ်။
သဗ္ဗာန်ကလေးဟာ မြစ်ကြောင်းအတိုင်းစုန်ဆင်းလာတော့ ဆင်းအိုးချိုင်ကျွန်း။ ကျွန်းတဖက်မှာ လူကြီး၊ လူငယ်ကလေးတွေ မြစ်ဆိပ်မှာရေကူး၊ ရေချိုး၊ အဝတ်လျှော်စတဲ့တာတွေနဲ့ စည်ကားလို့။ အစ်ကိုတွေနဲ့ ဆင်အိုးချိုင်ကမ်းနဖူးမှာ ခဏခဏ ကျွန်တော်ရေချိုးဖူးခဲ့တယ်။ ဒိုင်ဗင်ထိုးချဖူးတယ်။ ကမ်းစပ်က ကျွန်း အထိ ရေကူးသွားခဲ့ဖူးတယ်။ သကြားကြံခိုးစားဖူးပါတယ်။
ဆင်းအိုးချိုင်ကျွန်းလွန်လာတော့ မြစ်တစ်ဖက်မှာ သင်္ဂနက်ဆိုတဲ့ရွာ၊ ဒီတဖက်မှာတော့ ကသစ်တော ဆိုတဲ့ရွာ ရှိတယ်။ ကသစ်တောရွာဟာ ကျွန်တော်ကိုမွေးဖွားတဲ့ဇာတိ။ အမေ့ရဲ့ဇာတိဖြစ်တယ်။ ဒီဖက် သင်္ဂနက်ကတော့ အဖေ့ရဲ့ဇာတိရွာဖြစ်တယ်။ အဖေနဲ့ အမေဟာ ကုလားတန်မြစ်ကြီးခြားပြီး ဖူးစာဆုံကြ တာဖြစ်တယ်။ အဖေနဲ့ အမေတို့ဟာ နုပျိုလွတ်လပ်တဲ့ ငယ်ဘဝကနေ အိမ်ထောင်သားမွေးပြီး ဘဝရဲ့ နောက်ဆုံး အချိန်တွေအထိ ဒီမြစ်ဝှမ်းမှာ ရှင်သန်ဖို့ သန္နိဋ္ဌာန်ချထားပြီးသားဖြစ်မယ်လို့ ကျွန်တော် ထင်ခဲ့တယ်။

အဖေအမေတို့လိုပဲ ရှေ့ဘိုဘေးတော်ကြီးတွေဖြစ်တဲ့ အဇ္ဇုနရသေ့ကြီး ဣန္ဒမာယုဆိုတဲ့ မိန်းမပျိုလေး တို့ ဒီမြစ်ဝှမ်းမှာပဲဖူးစာဆုံခဲ့ကြတယ်။ ပြီးတော့ သူ့ရဲ့ မျိုးဆက်ဖြစ်တဲ့ မာရယုဆိုတဲ့ ရဲရင့်၊ မြင့်မြတ်တဲ့ လူငယ်ကို မွေးဖွားပေးခဲ့ကြတယ်။ မာရယုဟာ ဘီလူးတွေကို တိုက်ခိုက်အောင်မြင်တဲ့အခါ မိပိန်ညှာနဲ့ ရုစိတမာလာဆိုတဲ့ အမျိုးသမီးတွေနဲ့ ဖူးစာဆုံပြီး ဒီမြစ်ဝှမ်းမှာပဲ ဓညဝတီသမိုင်းကိုရေးထိုးပြခဲ့တယ်။
ဟိုးလွန်လေပြီးတဲ့ အတိတ်က ဘိုးဘွားတွေဟာလည်း ဒီနည်းအတိုင်းပဲ ကုလားတန်မြစ်ကမ်းနဖူးပေါ်မှာ သူတို့တွေရဲ့ ဘဝကို ရိုးသား၊ ဖြောင့်မတ်စွာ အဆုံးသတ်ခဲ့ကြပါတယ်။ မြို့ပြထူထောင်ခဲ့ကြတဲ့ ဘုရင် ကြီးတွေဟာလည်း ဒီမြစ်ဝှမ်းမှာဘဲ ငြိမ်းအေးစွာအနားယူသွားကြပြီး ငြိမ်းချမ်းတဲ့နိုင်ငံကြီးတစ်ခုကို နောင်မျိုးဆက်တွေအတွက် လက်ဆင့်ကမ်းခဲ့ကြတယ်။
မြစ်တစ်ဖက် တချက်က ရွာတန်းကြီးဟာ တဖြည်းဖြည်းရွေ့ကျန်ခဲ့ကြပါတယ်။ ကာဒီ(သဇင်)ရွာ၊ ကြာညိုအနီး မြစ်အကွေ့နားကိုရောက်ရင်တော့ ကျွန်တော်ဘဝရဲ့ ရှင်သန်ကြီးပြင်းရာ ဇာတိအပေါက် ဝရွာ ကိုရောက်ပြီ။ အဖေ့သဗ္ဗာန် လေးကို ဆိပ်ကမ်းမှာရပ်လိုက်ပြီဆိုတာနဲ့ ကျွန်တော်ဟာ ကမ်းနဖူး ပေါ်ကို ပထမဆုံးပြေး တက်လိုက်တာပါပဲ။
အခုပြန်စဉ်းစားကြည့်မိတော့ ဒီမြစ်ကြီးဟာ ရခိုင်တို့ရဲ့ ဘိုးဘေးတွေထားရစ်တဲ့ တစ်ခုတည်းသော သက်ရှိမြစ်ကြီး တစင်းဖြစ်တယ်။ ရခိုင်ပြည်အတွင်းမှာနေထိုင်သူတွေအတွက် အဖိုးတန်ရတနာ တစ်ပါးဖြစ်တယ်။ ကလေး တွေအတွက် ပုံပြင်တွေဖြစ်တယ်။ သက်ရှိတွေအတွက် ရေချို၊ ရေငံကို အလွှာလိုက်ခြားထားတယ်။ ရခိုင်သမိုင်းရဲ့ စွန့်ဦးတီထွင် မြစ်တစင်းဖြစ်တယ်။ မာရယုရဲ့ ငယ်ပေါင်းဖော် ဖြစ်တယ်။ စန္ဒသူရိယရဲ့ ဓမ္မအောင်လံတော်ဖြစ်တယ်။ ကျွန်တော့်အတွက်ကတော့ စိတ်ဝင်စားဖွယ် ကောင်းတဲ့ ဒဏ္ဍာရီဖြစ်သလို ရေကူးသင်ပေးတဲ့ နည်းပြကြီးလည်းဖြစ်တယ်။
ဒီလောက်ရှည်လျား လှပစွာစီးဆင်းနေတဲ့ မြစ်ကြီးကို ဘယ်သူတွေကများ ပုံမှားရိုက်လိုကြတာလဲ။ မာရယုမင်းကြီးရဲ့ သွေးနဲ့ရင်းပြီးတည်ဆောက်ခဲ့တဲ့ မြစ်ဝှမ်း။ စန္ဒသူရိယမင်းကြီးရဲ့ ဓမ္မအောင်လံစိုက်ထူ ခဲ့တဲ့ မြစ်ဝှမ်း။ ရခိုင်ကလေးငယ်တွေရဲ့ “ဘုရား” ထူးသံညံတဲ့ မြစ်ဝှမ်း။ ရခိုင် မိခင်တွေရဲ့ ချိုမြတဲ့ သားချော့တေးသံ။ ရခိုင်ဖခင်တွေရဲ့ လှေလှော်သံ။ ရခိုင်လူရွယ်တွေရဲ့ ကျင်ကွင်းဟန်။ ရခိုင်စစ်သည် တော်တွေရဲ့ တိုက်စည်တီးသံတွေ လွှမ်းခြုံနေတဲ့ ဒီမြစ်ဝှမ်းကို တစ်ခြား ဘယ်သူတွေက ဘယ်လိုခံစား တတ်ကြပါ့ မလဲ။

မြစ်တစ်ဖက် တချက်ဝဲယာမှာ သဇင်၊ ကြောင်ခြစ်၊ ရွှေတူ၊ ငွေတူသစ်ခွမျိုးစုံနဲ့ ပန်းပေါင်းစုံပွင့်လန်းတဲ့ မြစ်ဝှမ်း။ ရခိုင်မိန်းမပျိုကနေ သက်ကြီးရွယ်အိုတွေအထိ ဖီးလိမ်းထားတဲ့ ခေါင်းပေါ်မှာ ဒီမြစ်ဝှမ်းထွက် သစ်ခွတွေကို မြတ်နိုးစွာခူးဆွတ် ပန်ဆင်လှပခဲ့ကြတာ အခုထိဖြစ်တယ်။ ခေါင်းမြီးခြုံပြီး ပန်းမထိုက်တဲ့ အမျိုးသမီးတွေ အတွက်ကုလားတန်ဟာ အမည်တခုထက် ဘယ်တော့မှ မပိုခဲ့ပါ။
ရခိုင်တစ်ယောက်အဖို့တော့ မွေးခါစကနေ သေဆုံးတဲ့အထိ မြစ်ကြီးရဲ့ အချိုးအကွေ့၊ ညီညာပြေပြစ် မှုအတိုင်း ပျော်ဝင်ငြိမ်းချမ်းစေပါတယ်။ ဒီမြစ်ကြီးဟာ ပိုးဝါမင်းသမီး ဒီဇိုင်းထုတ် ပုံဖော်ချုပ်လုပ်ထားတဲ့ ဝတ်ရုံလို ရခိုင်လူမျိုးတွေအတွက် ဒေါင့်စုံ၊ အကွက်စုံက လိုလေသေးမရှိအောင် ပြီးပြည့်စုံတဲ့ မြစ်တစ် စင်းဖြစ်တယ်။
မြစ်ရိုးတလျှောက် အဖေနဲ့အတူ စုန်ဆန်ခဲ့တဲ့ ငယ်ဘဝက ကုလားတန်နေ့ရက်တွေဟာ ကျွန်တော့် အ တွက် လွမ်းစရာဆွေးစရာဖြစ်လာခဲ့တယ်။ ငယ်ဘဝက မြစ်ဝှမ်းတလျှောက်ပုံပြင်တွေဟာ ကျွန်တော့် အ တွက် ဂန္တဝင်ပုံပြင်တွေဖြစ်ခဲ့တယ်။
ဒီလောက်လှပ ခမ်းညားတဲ့ မြစ်တစင်းရဲ့ “နရီ”တွေကို ကျွန်တော့်လို ရခိုင်တစ်ယောက်မှအပ တခြား ဘယ်လူမျိုး တွေကများခံစား တတ်ကြပါ့မလဲ။ ခင်ဗျားတို့ ခံစားတတ်တယ်လို့ ဆိုပါဦးစို့။ မုသားသက် သက်သာဖြစ်ပါလိမ့်မယ်။
မောရဇော် ရေးသည်။ Western News သတင်းဌာန
