Monday, October 13, 2025
Home » ဘန်ကောက်မှာ BIMSTEC အစည်းအဝေး စတင်ကျင်းပ၊ မင်းအောင်လှိုင် နေပြည်တော်က စတင်ထွက်ခွာ

ဘန်ကောက်မှာ BIMSTEC အစည်းအဝေး စတင်ကျင်းပ၊ မင်းအောင်လှိုင် နေပြည်တော်က စတင်ထွက်ခွာ

0 4

ဘင်္ဂလားပင်လယ်အော် ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ဟု သိကြသည့် BIMSTEC အစည်းအဝေးကို ယနေ့ ဧပြီလ ၃ ရက် နေ့လယ်ပိုင်းတွင် စတင်ကျင်းပနေပြီဖြစ်သည်။

ယင်းအစည်းအဝေး တက်ရောက်ရန် မြန်မာစစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် နေပြည်တော် လေဆိပ်ကနေ ယနေ့ မြန်မာစံတော်ချိန် နေ့လယ် ၁ နာရီက အထူးလေယာဉ်ဖြင့် စတင်ထွက်ခွာသွားပြီဖြစ်ကြောင်း ပြည်တွင်းသတင်းမီဒီယာများက ဖော်ပြကြသည်။

BIMSTEC အစည်းအဝေးကို ဧပြီလ ၃ ရက်နှင့် ၄ ရက် နှစ်ရက်တာ ကျင်းပမည်ဖြစ်ပြီး မြန်မာစစ်ခေါင်းဆောင် မင်းအောင်လှိုင်အား အစည်းအဝေး တက်ရောက်ရန် ထိုင်းအစိုးရအဖွဲ့က ဖိတ်ကြားထားခြင်းဖြစ်သည်။

မင်းအောင်လှိုင်မှာ ထိုင်းစံတော်ချိန် နေ့လယ် ၂ နာရီခွဲခန့်တွင် ဘန်ကောက်လေဆိပ်သို့ ရောက်ရှိမည်ဖြစ်သည်။

BIMSTEC အစည်းအဝေးကို မင်းအောင်လှိုင် မရောက်မီ စစ်ကောင်စီ၏ နိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေက အစည်းအဝေးသို့ ကြိုတင်တက်ရောက်နေပြီဖြစ်ကြောင်း သိရသည်။

မင်းအောင်လှိုင်အား ဖိတ်ခေါ်ခဲ့သည့် ထိုင်းအစိုးရအဖွဲ့အနေဖြင့် ဖိတ်ခေါ်ရသည့်အကြောင်းအရင်းနှင့် ပတ်သက်၍ ထိုင်းပြည်သူများအပေါ် ဖြေရှင်းချက်ပေးရန် ထိုင်းလွှတ်တော်အမတ်များက တောင်းဆိုနေကြသည်။

BIMSTEC အစည်းအဝေးတွင် မင်းအောင်လှိုင်က ငလျင်ကြောင့် မြန်မာပြည်သူများ ခံစားနေရသည့် အခြေအနေများကို တင်ပြဆွေးနွေးသွားမည်ဟု သိရသည်။

BIMSTEC အဖွဲ့ဝင်များမှာ ဘင်္ဂလာဒေ့ရှ်၊ အိန္ဒိယ၊ ထိုင်း၊ သီရိလင်္ကာ၊ ဘူတန်၊ နီပေါနှင့် မြန်မာတို့ပါဝင်ပြီး သက်ဆိုင်ရာ နိုင်ငံ့ခေါင်းဆောင်များက တက်ရောက်ဆွေးနွေးကြသည့် ကဏ္ဍပေါင်းစုံဆွေးနွေးရေး အစည်းအဝေးတစ်ခုဖြစ်သည်။

နောက်ဆုံး သတင်းများရယူလိုက်ပါ