Monday, October 13, 2025
Home » ဘင်္ဂလားဒေ့ရှ်က မွတ်ဆလင် ၁၈၀,၀၀၀ ကို စစ်ကောင်စီ ပြန်ခေါ်မည်

ဘင်္ဂလားဒေ့ရှ်က မွတ်ဆလင် ၁၈၀,၀၀၀ ကို စစ်ကောင်စီ ပြန်ခေါ်မည်

0 4

ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ရောက်ရှိသွားသော မွတ်ဆလင်ဒုက္ခသည်များထဲမှ ပထမဆုံး အသုတ်အနေဖြင့် မွတ်ဆလင် ၁၈၀,၀၀၀ ကို ပြန်လည်ခေါ်ယူသွားမည်ဟု စစ်ကောင်စီက အတည်ပြုထားကြောင်း ဘင်္ဂလားဒေ့ရှ် အစိုးရအဖွဲ့က ထုတ်ပြန်ထားသည်။

ထိုင်းနိုင်ငံ ဘန်ကောက်မြို့ ဘင်းမ်စတက် အစည်းအဝေးတွင် မင်းအောင်လှိုင် ဦးဆောင်သော အဖွဲ့နှင့် ဘင်္ဂလားဒေ့ရှ် အကြီးအကဲ ယူနွတ်စ် ဦးဆောင်သော အဖွဲ့ တွေ့ဆုံဆွေးနွေးပြီးနောက် မွတ်ဆလင်များအား ပြန်လည်လက်ခံရေး ကြေညာချက် ထွက်ပေါ်လာခြင်းဖြစ်သည်။

စစ်ကောင်စီ ပြန်ခေါ်မည်ဆိုသည့် မွတ်ဆလင် ၁၈၀,၀၀၀ မှာ စစ်ကောင်စီအဖွဲ့က သေချာစိစစ် လုပ်ဆောင်ပြီးမှ ခေါ်ယူခြင်းဖြစ်ကြောင်း သိရသည်။

“ဘင်္ဂလားဒေ့ရှ် နိုင်ငံမှာ ခိုလှုံနေကြတဲ့ မွတ်ဆလင် ၈ သိန်း စာရင်းတွေထဲက မွတ်ဆလင် ၁၈၀,၀၀၀ လောက် မြန်မာနိုင်ငံကို ပြန်ဖို့ အရည်အချင်းပြည့်မီတယ်လို့ မြန်မာ အာဏာပိုင်တွေက ဘင်္ဂလားဒေ့ရှ်ကို အတည်ပြုလိုက်ပါတယ်” ဟု ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောသည်။

၂၀၁၈ မှ ၂၀၂၀ အတွင်း မွတ်ဆလင်များ၏ စာရင်းများကို မြန်မာဘက်သို့ ပို့ဆောင်ခဲ့ပြီး ယင်းအထဲကမှ ပထမဆုံး အနေဖြင့် မွတ်ဆလင် ၁၈၀,၀၀၀ ကို လက်ခံမှာဖြစ်ပြီး နောက်ထပ် ၇၀,၀၀၀ ကိုလည်း စိစစ်မှု လုပ်ဆောင်နေဆဲဖြစ်ကြောင်း သိရသည်။

ဘင်္ဂလားဒေ့ရှ်ဘက်က မြန်မာဘက်သို့ မွတ်ဆလင်ဒုက္ခသည် ၈ သိန်းရှိကြောင်း စာရင်းတင်ထားပြီး ယင်းအထဲက ၅၅၀,၀၀၀ ဦးကို ဘင်္ဂလားဒေ့ရှ်ဘက်က စိစစ်မှုအရှိန်မြှင့်နေကြောင်း ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

မြန်မာစစ်တပ်၏ နယ်မြေရှင်းလင်းရေးများကြောင့် ရခိုင်ပြည်အတွင်းက သိန်းနှင့်ချီသော မွတ်ဆလင်များမှာ ဘင်္ဂလားဒေ့ရှ်ဘက်သို့ ထွက်ပြေးသွားပြီး ကုလသမဂ္ဂအဖွဲ့၏ စာရင်းအရ တစ်သန်းကျော်ရှိကြောင်းလည်း သိရသည်။

အဆိုပါ မွတ်ဆလင်များအား နေရပ်သို့ ပြန်ပို့နိုင်ရေး လက်ရှိ ဘင်္ဂလားဒေ့ရှ်အစိုးရအဖွဲ့ အကြီးအကဲ ယူနွတ်စ်က အရှိန်အဟုန်မြှင့်ကြိုးပမ်းနေပြီး ကုလသမဂ္ဂအဖွဲ့ကလည်း ကူညီပံ့ပေးနေကြောင်း သိရသည်။

တစ်ခြားတစ်ဖက်မှာ စစ်ကောင်စီဖက်က မွတ်ဆလင်များကို နေရာ ချထားရန် ပြောဆိုခဲ့သော်လည်း လက်ရှိစစ်ကောင်စီနှင့် တိုက်ပွဲများဖြစ်ပွားနေသော AA ကမူ ဘူးသီးတောင်၊ မောင်တော ကို ထိန်းချုပ်ထားသည်။

ထိုဒုက္ခသည်များကို စစ်ကောင်စီက မည်သို့ မည်ပုံ လက်ခံမည်ဆိုသည်ကို စဉ်းစားစရာ အချက်ဖြစ်ပြီး အဆိုပါ နယ်မြေများကို ထိန်းချုပ်ထားသော AA နှင့် သေချာပေါက် ဆွေးနွေးရမည် ဖြစ်ကြောင်း လေ့လာသုံးသပ်သူများက ပြောသည်။

နောက်ဆုံး သတင်းများရယူလိုက်ပါ