Friday, March 6, 2026
Home » စစ်ကောင်စီကြောင့် တစ်လအတွင်း အမျိုးသမီး ၆၀ ကျော် သေဆုံး

စစ်ကောင်စီကြောင့် တစ်လအတွင်း အမျိုးသမီး ၆၀ ကျော် သေဆုံး

1 27

အာဏာသိမ်း စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုနှင့် လက်နက်ကြီးပစ်ခတ်မှုကြောင့် ၂၀၂၅ မတ်လ တစ်လအတွင်း အမျိုးသမီး ၆၆ ဦး သေဆုံးခဲ့ရပြီး ဒဏ်ရာရရှိသူ ၈၈ ဦးရှိသည်ဟု မြန်မာ့အမျိုးသမီးသမဂ္ဂ BWU က ဧပြီလ ၁၆ ရက်တွင် ထုတ်ပြန်ထားသည်။

စစ်ကောင်စီ၏ လေကြောင်းဗုံးကြဲတိုက်ခိုက်မှုကြောင့် ၅၀ ဦးနှင့် ပြည်သူများ၏ ရွာနှင့်နေအိမ်များအား ပစ်မှတ်ထား လက်နက်ကြီးပစ်ခတ်မှုကြောင့် ၅ ဦး သေဆုံးသွားကြောင်း BWU က ထုတ်ပြန်ထားသည်။

ယင်းအပြင် မြေမြှုပ်မိုင်းကြောင့် ၂ ဦး၊ အကြမ်းဖက်စစ်တပ်၏ သတ်ဖြတ်မှုကြောင့် ၇ ဦး၊ မီးရှို့သတ်ဖြတ်မှုကြောင့် ၁ ဦးနှင့် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံရမှုကြောင့် ၁ ဦးလည်း သေဆုံးခဲ့ရကြောင်း BWU က ဆိုသည်။

ထို သေဆုံးသူများ အားလုံးထဲမှ ၂၄ ဦးသည် အသက် ၁၈ နှစ်အောက် အမျိုးသမီးငယ်များ ဖြစ်ကြောင်း သိရသည်။

ဆက်လက်ပြီး စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ၄၉ ဦး၊ လက်နက်ကြီးပစ်ခတ်မှုကြောင့် ၂၃ ဦး၊ မြေမြှုပ်မိုင်းကြောင့် ၁၅ ဦးနှင့် ရိုက်နှက်ခံရမှုကြောင့် ၁ ဦး စုစုပေါင်း အမျိုးသမီး ၈၈ ဦးမှာလည်း ဒဏ်ရာရရှိခဲ့သည်ဟု BWU က ထုတ်ပြန်သည်။

သေဆုံးခဲ့ရသည့် အမျိုးသမီး ၆၆ ဦးမှာ စစ်ကိုင်းတိုင်းဒေသကြီး ၉ ဦး၊ ကချင်ပြည်နယ် ၂ ဦး၊ မန္တလေးတိုင်းဒေသကြီး ၁၂ ဦး၊ ရှမ်းပြည်နယ် ၁၂ ဦး၊ မကွေးတိုင်းဒေသကြီး ၁၅ ဦး၊ ကရင်နီပြည်နယ် ၂ ဦး၊ ပဲခူးတိုင်းဒေသကြီး ၇ ဦး၊ ရခိုင်ပြည်နယ် ၂ ဦး၊ ကရင်ပြည်နယ် ၂ ဦး၊ ဧရာဝတီတိုင်းဒေသကြီး ၁ ဦးနှင့် တနင်္သာရီတိုင်းဒေသကြီး ၂ ဦး တို့ဖြစ်ကြသည်။

အဆိုပါ အချက်အလက်များမှာ တိကျခိုင်လုံပြီး မြေပြင်အခြေအနေတွင် ယခုအချက်အလက်များထက် ကိန်းဂဏန်း ပိုများပြားနိုင်သည်ဟု BWU က ပြောသည်။

မြန်မာပြည်သူများ ငလျင်ဒဏ်ကြောင့် ပူဆွေးသောက ရောက်နေသော်လည်း အာဏာသိမ်း စစ်ကောင်စီက အမျိုးမျိုးသော လူ့အခွင့်အရေး ချိုးဖောက်မှုများကို နည်းမျိုးစုံဖြင့် ပြောင်ပြောင်တင်းတင်း ဆက်လက်ကျူးလွန် နေခြင်းကြောင့် အမျိုးသမီးများနှင့် မိန်းကလေးငယ်များသည် နေ့စဉ်နှင့်အမျှ အသက်ဆုံးရှုံးနေရသည်ဟု မြန်မာ့အမျိုးသမီးသမဂ္ဂ BWU ထုတ်ပြန်ပြောဆိုထားသည်။

နောက်ဆုံး သတင်းများရယူလိုက်ပါ