Tuesday, August 26, 2025
Home » AA နှင့်ဆက်သွယ်၍ဆိုပြီး ဧရာဝတီမှာ စီးပွားရေးလုပ်ငန်းရှင် ၉ ဦးအပါ ၁၁ ဦး ဖမ်းဆီးခံထားရ

AA နှင့်ဆက်သွယ်၍ဆိုပြီး ဧရာဝတီမှာ စီးပွားရေးလုပ်ငန်းရှင် ၉ ဦးအပါ ၁၁ ဦး ဖမ်းဆီးခံထားရ

0 3

အာရက္ခတပ်တော် AA နှင့် ဆက်သွယ် ထောက်ပံ့၍ဆိုပြီး ဧရာဝတီတိုင်းဒေသ ငါးသိုင်းချောင်းမြို့မှာ စီးပွားရေးလုပ်ငန်းရှင် ၉ ဦး အပါအဝင် ၁၁ ဦး ဖမ်းဆီးခံထားရကြောင်း ဒေသခံများ၏ ပြောဆိုချက် အရ သိရသည်။

အာရက္ခတပ်တော် AA ထိန်းချုပ်ထားသော ရခိုင်ပြည်သို့ ကုန်ပစ္စည်းများတင်ပို့ပြီး AA အား ထောက်ပံ့ ပေးသည်ဟု စွပ်စွဲချက်ဖြင့် အာဏာသိမ်း စစ်ကောင်စီက ၎င်းတို့ကို ဖမ်းဆီး စစ်ဆေးနေကြောင်း ဆိုသည်။

၎င်းတို့ကို ဧပြီလ ၁၉ ရက်မှ ၂၁ ရက်အတွင်း ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး ငါးသိုင်းချောင်းမြို့က နာမည်ကြီး ပွဲရုံတစ်ခုဖြစ်သည့် ရွှေပြည်အေးပွဲရုံမှ လုပ်ငန်းရှင်များ ပါဝင်ကြသည်။

စီးပွားရေးလုပ်ငန်းရှင် ၉ ဦးအပါအဝင် ၁၁ ဦးအနက် နှစ်ဦးမှာ ဆိုင်ကယ် ကယ်ရီမောင်းသူများဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF အား ထောက်ပို့လုပ်သည်ဆိုပြီး ဖမ်းဆီးခံထားရခြင်းဖြစ်သည်။

စီးပွားရေးလုပ်ငန်းရှင်များနှင့် ဆိုင်ကယ် ကယ်ရီမောင်းသူနှစ်ဦးကို ရေကြည်မြို့နယ်ရဲစခန်းတွင် ထိန်းသိမ်းထားပြီး စစ်ကောင်စီက စစ်ဆေးမေးမြန်းနေကြောင်းနှင့် မိသားစုဝင်များက တွေ့ဆုံခွင့်မရသေးကြောင်း ပြောဆိုထားကြသည်။

စစ်ကောင်စီက ၂၀၂၅ ဖေဖော်ဝါရီလ ၁၁ ရက်နေ့တွင်လည်း စက်သုံးဆီရောင်းဝယ်သူ လုပ်ငန်းရှင် ၃ ဦးကို PDF ထောက်ပို့ဟု စွပ်စွဲကာ ဖမ်းဆီးခဲ့ပြီး တစ်ဦးလျှင် ငွေကျပ်သိန်း ၅၀၀ တောင်းယူကာ ပြန်လွှတ်ပေးခဲ့ကြောင်း သိရသည်။

Leave a Comment

နောက်ဆုံး သတင်းများရယူလိုက်ပါ