ရခိုင်ပြည် စစ်တွေမြို့ရှိ ဘုန်းတော်ကြီးကျောင်းများတွင် ခိုလှုံနေကြသော ဒုက္ခသည်အမျိုးသားများအား ရဲတပ်ဖွဲ့ဝင်ရန် စစ်ကောင်စီ ရခိုင်ပြည်ရဲတပ်ဖွဲ့က လာရောက်စည်းရုံးနေကြောင်း ဒုက္ခသည်များထံမှ သိရသည်။
ဒုက္ခသည်များ၏ စားဝတ်နေရေး မပြေလည်မှုများနှင့် အလုပ်အကိုင်မရှိဘဲ စိတ်လေလွင့်နေသော အခြေအနေကို အခွင့်ကောင်းယူ၍ စစ်ကောင်စီရဲတပ်ဖွဲ့ဝင်များမှာ ဒုက္ခသည်စခန်းများသို့ ကိုယ်တိုင်လာရောက် စည်းရုံးနေသည်ဟု အမည်မဖော်လိုသည့် ဒုက္ခသည်တစ်ဦးက ပြောသည်။
“ကျနော်တို့ ခိုလှုံနေတဲ့ ဘုန်းတော်ကြီးကျောင်းမှာ ဒုက္ခသည် ၂၀၀ နီးပါးရှိပါတယ်။ အမျိုးသားက ၅၀ နီးပါးလောက်ရှိပါတယ်။ လူငယ်ပိုင်းက တစ်ဝက်လောက်ရှိပါတယ်။ ပြီးခဲ့တဲ့ ၅ ရက်လောက်က ရဲတွေ ရောက်လာတယ်။ ရဲတပ်ဖွဲ့ဝင်ဖို့ စည်းရုံးပါတယ်။ လစာနဲ့ ရိက္ခာတွေ ထောက်ပံ့ပေးမယ် ပြောပါတယ်။ ကျနော်တို့ဘက်က သိပ်စိတ်မဝင်စားကြဘူး။ ရဲဝင်လိုက်ရင် စစ်တိုက်ခိုင်းမယ်။ ပြီးရင် သေကြမှာ။ ဒါ့ကြောင့် ရဲဝင်ဖို့ ဆန္ဒမရှိကြဘူး” ဟု ပြောသည်။
စစ်တွေမြို့ရှိ ဘုန်းတော်ကြီးကျောင်း ၅၀ နီးပါးတွင် ဒုက္ခသည် ထောင်နှင့်ချီ ခိုလှုံလျက်ရှိကြပြီး ဒုက္ခသည်စခန်းတိုင်းနီးပါးကို ရဲတပ်ဖွဲ့ဝင်များမှာ သွားရောက် စည်းရုံးနေကြောင်းလည်း ၎င်းက ဆိုသည်။

စစ်တွေဒုက္ခသည်များမှာ အလုပ်အကိုင်မရှိကြသည့်အပြင် ငတ်မွတ်မှုဒဏ်ကိုလည်း ခံစားနေကြရသည့်အတွက် အချို့သော ဒုက္ခသည်အချို့မှာ ရဲတပ်ဖွဲ့ဝင်ရန် ဆန္ဒရှိနေကြသည်ဟု အမည်မဖော်လိုသည့် ဒုက္ခသည်စခန်းတစ်ခုမှ တာဝန်ခံတစ်ဦးက ပြောသည်။
“လစာနဲ့ ရိက္ခာ ထောက်ပံ့ပေးမယ်လို့ စည်းရုံးတော့ ဒုက္ခသည်အချို့က ရဲဝင်ဖို့ ဆန္ဒရှိနေကြပါတယ်။ ဘာဖြစ်လို့လည်းဆိုတော့ သားသမီးတွေ ထမင်းငတ်နေတာကို မကြည့်ရဲ့လို့ ဝင်ကြဖို့ ပြောနေတာတွေ ကြားရတယ်။ ရဲဝင်လိုက်ရင် စစ်ကောင်စီကို အားပေးရာ ရောက်မယ်။ စစ်တိုက်ရမယ်ဆိုတာ သိပေမယ့် ထမင်းငတ်တာ မခံနိုင်တော့ ဘေးကျပ်နံကျပ်နဲ့ ဝင်ဖို့ လုပ်နေကြတယ်။ ဝင်တားဖို့ကလည်း ကိုယ်ကလည်း ထောက်ပံ့ပေးနိုင်တာ မဟုတ်တော့ ဟန့်တားဖို့ ခက်နေပါတယ်” ဟု ပြောသည်။
ရခိုင်စစ်ကောင်စီ အစိုးရအဖွဲ့သည် ဒုက္ခသည်များအား ဆန်ရိက္ခာနှင့် ငွေကြေးထောက်ပံ့ပေးမည်ဟု ပြီးခဲ့သည့် ၂ လကတည်းက ဒုက္ခသည်စခန်းတာဝန်ခံများအား ခေါ်ယူပြီး ပြောဆိုထားသော်လည်း လက်ရှိအချိန်အထိ ထောက်ပံ့မှု မရှိသေးကြောင်း သိရသည်။

စစ်တွေမြို့ရှိ ဘုန်းတော်ကြီးကျောင်းတွင် ခိုလှုံနေသော ဒုက္ခသည်များမှာ ၂၀၂၄ ခုနှစ်ကတည်းက စစ်ကောင်စီ အတင်းအဓ္မနှင်ထုတ်ထားသော စစ်တွေမြို့အနီးအနားမှ ကျေးရွာများမှ ဒုက္ခသည်များဖြစ်ကြသည်။
ရခိုင်ပြည်စစ်ကောင်စီရဲတပ်ဖွဲ့သည် တပ်သားအင်အားစုဆောင်းနေပြီး ရဲနှင့်စစ်တပ်က ပူးပေါင်းသင်တန်းပေးကာ အာရက္ခတပ်တော် AA ၏ ထိုးစစ်များကို ပြန်လည်ခုခံရန် ပြင်ဆင်နေကြခြင်းဖြစ်သည်။
