ယမန်နေ့ ဒီဇင်ဘာလ ၁၀ ရက်နေ့ ညတွင် စစ်ကောင်စီ ဗုံးကြဲမှုကြောင့် မြောက်ဦးပြည်သူ့ဆေးရုံကြီး အားလုံးနီးပါး ထိခိုက်ပျက်စီးသွားကြောင်း သိရသည်။
လတ်တလော စာရင်းအရ ဆေးရုံတွင် ဆေးကုသနေသော အရပ်သားပြည်သူများ၊ ဆေးရုံတွင် စေတနာ့ဝန်ထမ်း လုပ်နေသော လူငယ်များ၊ ကလေးငယ်များ၊ အမျိုးသမီးများ၊ မွတ်ဆလင်များ သေဆုံးသွားခဲ့ကြရသလို ထိခိုက်ဒဏ်ရာ အများအပြား ရရှိခဲ့ကြသည်။
လတ်တလောစာရင်းအရ သေဆုံးသူ ၃၃ ဦးနှင့် ထိခိုက်ဒဏ်ရာရရှိသူ ၇၆ ဦးအထိ ရှိလာနေကြောင်းနှင့် ဒဏ်ရာရရှိသူများထဲတွင် အသက်အန္တရာယ်စိုးရိမ်ရသူများလည်း ပါဝင်နေကြောင်း သိရသည်။
မြောက်ဦးလူငယ်များအစည်းအရုံး MUYA တာဝန်ရှိသူတစ်ဦးက “မြောက်ဦးဆေးရုံမှာ ကျနော်တို့အဖွဲ့က စေတနာ့ဝန်ထမ်းလုပ်ပေးနေတဲ့ လူငယ် ၄ ယောက် သေဆုံးသွားပါတယ်။ တစ်ဦးကိုတော့ အတည်ပြုနိုင်ပါတယ်။ နောက် ၃ ယောက်က အတည်မပြုနိုင်သေးဘူး။ ဆေးကုသနေတဲ့ လူနာတွေ အများဆုံး သေသွားကြပါတယ်” ဟု ပြောသည်။
ဒဏ်ရာရရှိသူများထဲတွင် ဆေးကုသပေးနေသော သူနာပြုဆရာမများလည်း ပါဝင်နေကြောင်း ရခိုင်စစ်ရှောင်အရေး ကူညီဆောင်ရွက်နေသည့် ကိုဝေဟင်အောင်ကပြောသည်။
“သေဆုံးတဲ့အထဲမှာ သူနာပြုတွေ၊ ဆရာဝန်တွေ မပါဘူးလို့တော့ သိထားပါတယ်။ ဒဏ်ရာရတဲ့အထဲမှာတော့ သူနာပြုတွေ ပါဝင်နေပါတယ်။ အဓိက ထိခိုက်သေဆုံးသူတွေက လူနာများပါတယ်” ဟု ပြောသည်။
မြောက်ဦးပြည်သူ့ဆေးရုံမှာ အားလုံးနီးပါး ထိခိုက်ပျက်စီးသွားသည့်အတွက် ယခု ဗုံးကြဲခံရမှုများကြောင့် ထိခိုက်ဒဏ်ရာရရှိသူများအား ဆေးကုသရန် အခက်အခဲရှိနေသေးကြောင်း သိရသည်။
“မြောက်ဦးပြည်သူ့ဆေးရုံက မြောက်ဦးမြို့နယ်က ပြည်သူတွေပဲ မဟုတ်ဘူး။ တခြားမြို့နယ်တွေက ပြည်သူတွေလည်း အားကိုးအားထားပြုပြီး ဆေးကုသနေရတဲ့ ဆေးရုံပါ။ အခု ဗုံးကြဲခံရလို့ တစ်ခုမှ မရတော့ဘူး။ ဆေးရုံတစ်ခုလုံးလည်း ပျက်စီး၊ ဆေးကုသပစ္စည်းကရိယာတွေလည်း အကုန်လုံးပျက်စီးသွားပါပြီ။ အခု ဒဏ်ရာရတဲ့သူတွေကို ဘယ်လို ဆေးကုပေးရမှန်းတောင် မသိတော့ပါဘူး။ တော်တော် ရက်စက်ကြတာပဲ။ အပြစ်မဲ့ပြည်သူတွေကို သတ်ဖြတ်တာ ရပ်တန့်ပေးကြပါ” ဟု မြောက်ဦးမြို့ခံတစ်ဦးက တောင်းဆိုထားသည်။
၂၀၂၃ တိုက်ပွဲစတင်ပြီးနောက် အာရက္ခတပ်တော် AA ထိန်းချုပ်နယ်မြေတွင် မြောက်ဦးမြို့ပြည်သူ့ဆေးရုံကြီးကို အမ်း၊ မြေပုံ၊ ကျောက်တော်၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ ဘူးသီးတောင်၊ မောင်တော စသည့် မြောက်ပိုင်းတစ်ခွင်လုံးက ဒေသခံပြည်သူများမှ ဆေးကုသရန် အားကိုးအားထား ပြုနေရခြင်းဖြစ်သည်။
အာဏာသိမ်း စစ်ကောင်စီသည် ယခင်ကလည်း ရခိုင်ပြည်အတွင်း လေကြောင်းဗုံးကြဲတိုက်ခိုက်မှုများကို ဆက်တိုက်ပြုလုပ်ခဲ့ပြီး အရပ်သားပြည်သူများကိုသာ ဦးတည်ပစ်မှတ်ထား သတ်ဖြတ်နေကြောင်း ဒေသခံပြည်သူများက ပြောဆိုကြသည်။
