Monday, October 13, 2025
Home » လေကြောင်းနှင့် ရေလမ်းမှ သံတွဲသို့ စစ်ကောင်စီ တပ်အင်အား ထပ်ဖြည့်နေ

လေကြောင်းနှင့် ရေလမ်းမှ သံတွဲသို့ စစ်ကောင်စီ တပ်အင်အား ထပ်ဖြည့်နေ

0 19

သံတွဲမြို့နှင့် ငပလီ ကို AA က ဝိုင်းရံ ပိတ်ဆို့ထား

စစ်ရေးအရ အရှုံးများနှင့် ရင်ဆိုင်နေရသည့်သံတွဲ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်က လေကြောင်းနှင့် ရေလမ်းများမှ တစ်ဆင့် တပ်အင်အားများ ထပ်ဖြည့်နေကြောင်း စစ်ရေးလေ့လာသူများနှင့် တပ်တွင်းသတင်းရင်းမြစ်များက Western News ကိုပြောသည်။

လက်ရှိတွင် သံတွဲမြို့နှင့် ငပလီမြို့တွင် နှစ်ဖက်တိုက်ပွဲများ နေ့စဉ် ပြင်းပြင်းထန်ထန် ဖြစ်ပွားနေပြီး ယင်းနှစ်မြို့လုံးကို အာရက္ခတပ်တော် AA က ဝိုင်းရံ ပိတ်ဆို့ထားကြောင်းနှင့် စစ်ကောင်စီက တပ်ရင်းများမှလည်း ခံစစ်ဖြင့် တိုက်ခိုက်နေသည်။

စစ်ကောင်စီက ထပ်ဖြည့်အင်အားများမှာ ပြည်သူ့စစ်အမည်ခံ ပျူစောထီးများ ပါဝင်သလို အတင်းဓမ္မ စစ်သားစုဆောင်းခံရသူများလည်း ပါဝင်ကြောင်း လက်ရှိတွင် ၎င်းတို့ကို ဂွတပ်စခန်းများနှင့် သံတွဲ လေဆိပ် တပ်စခန်းများတွင် ထားရှိကြောင်း သိရသည်။

“ဧရာဝတီဖက်က မြန်အောင်၊ ကြံခင်းဖက်က တပ်အင်အားတွေ ထပ်ဖြည့်လာတယ်။ ပြီးတော့ ပြည်ဖက်က ပါတယ်။ လေကြောင်းက လာတာတွေ၊ ပြီးတော့ ရေကြောင်း သင်္ဘောနဲ့ လာချပေးတာတွေရှိနေတယ်။ သူတို့က ၅၅ တပ်ရင်းမှာ ဆင်းတာတွေရှိတယ်။ ဂွ င/သိုင်းချောင်းဖက်က လာတာတွေရှိတယ်။ ကုန်းလမ်းကတော့ လာလို့ မရဘူး။ အဲ့ဒီလမ်းတွေကို AA က ပိတ်ဆို့ထားတာရှိတယ်” ဟုပြောသည်။

အဆိုပါ စစ်ကောင်စီတပ်က လက်နက်အင်အား တပ်အင်အားများကို ငပလီ ခလရ (၅၅) တပ်ရင်းနှင့် ငပလီ လေဆိပ်အနားက ခမရ (၅၆၆) တပ်ရင်းတို့ကို ဖြည့်တင်းနေခြင်းဖြစ်ပြီး ခမရ (၅၆၆) တပ်ရင်းကို ခံစစ်အနေဖြင့် ပြင်ဆင်ထားကြောင်း အဆိုပါ သတင်းရင်းမြစ်က ပြောသည်။

အဆိုပါတပ်အင်းအားကို ပြီးခဲ့သည့် မေလ ၁၉ ရက်နေ့ စတင်၍ ဖြည့်တင်းလာခြင်းဖြစ်ပြီး ယခု ရက်ပိုင်းများမှာ တဖြည်းဖြည်း အင်းအား ပိုပြီး ဖြည့်တင်းလာခြင်း ဖြစ်ကြောင်း ယခု ရက်ပိုင်းများမှ နှစ်ဖက်တိုက်ပွဲများ ပိုမို့ ပြင်းထန်လာနိုင်ကြောင်း သိရသည်။

သတင်းရင်းမြစ်တစ်ဦးက “သုံးရက်လောက် ရှိပြီ။ လေကြောင်းကမလာတာ။ အကြောင်းတစ်ခုခုရှိနေလိမ့်မယ်။ AA ဖက်က လေဆိပ်နားမှာ တိုက်ပွဲ ဖော်နေတယ်။ အဲ့ဒါကြောင်းများလား အရင်ကလို လေယာဉ်မဆင်းတော့ဘူး။ အဲ့ဒီလေဆိပ် ဝန်းကနေ လက်နက်ကြီးနဲ့ တစ်လျှောက် ပစ်နေတယ် “ဟုပြောသည်။

ငပလီမြို့အနီး စစ်ကောင်စီတပ်ရင်းအနီးတစ်ဝိုက်တွင်လည်း စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် AA တို့ နှစ်ဖက်ထိတွေ့ တိုက်ပွဲဖြစ်ပွားပြီး AA က ငပလီမြို့ထဲရှိ ခမရ ၅၆၆နှင့် ခလရ ၅၅ တပ်ရင်းကို ထိုးစစ်ဆင်တိုက်ခိုက်နေကြောင်း သိရသည်။

နောက်ဆုံး သတင်းများရယူလိုက်ပါ