Sunday, August 24, 2025
Home » လားရှိုးမြို့ထဲ စစ်ကောင်စီ သတင်းပေးများရှိနေဟု ဆို

လားရှိုးမြို့ထဲ စစ်ကောင်စီ သတင်းပေးများရှိနေဟု ဆို

1 2

ကိုးကန့်တပ် MNDAA သိမ်းပိုက်ထားသော ရှမ်းမြောက်ဒေသ လားရှိုးမြို့ကို စစ်ကောင်စီက လေကြောင်း တိုက်ခိုက်ရာတွင် သတင်းပေးများ၏ အချက်အလက်များကို အသုံးပြုတိုက်ခိုက်နေကြောင်း သိရသည်။

ပစ်မှတ်များကို တည့်တည့် ပစ်ခတ်တိုက်ခိုက်နိုင်ခြင်းမှာ တည်နေရာ မြေပုံနှင့်တကွ သတင်းပေးများကြောင့် စစ်ကောင်စီက ရွေးချယ်ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း သတင်းရင်းမြစ်က ပြောသည်။

“လေယာဉ်နဲ့ ဗုံးကြဲမှုတွေမှာ လားရှိုးထဲကနေ ပေးပို့တဲ့ အချက်အလက်တွေအပေါ် မူတည်ပြီးတော့ တိုက်ခိုက်ခဲ့တယ်လို့ ပြန်သိရပါတယ်။ လားရှိုးထဲမှာ တပ်သတင်းပေး ရှိနေတဲ့ သဘောပဲ။ လားရှိုးမြို့ကွက်နဲ့ မြေပုံက တပ်ဘက်မှာ ရှိပါတယ်။ အထဲက သတင်းပေးက ပြောတဲ့ နေရာကို တည်နေရာ သတ်မှတ်ရွေးချယ်ပြီး လေကြောင်း ပစ်မှတ်ပြန်ရွေးတယ်လို့ သိရတယ်။” ဟု ပြောသည်။

စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှု အများစုက သတင်းပေးများ၏ အချက်အလက်များအပေါ် အခြေခံကြောင်း သိရသည်။

ကိုးကန့်တပ် MNDAA သည် လားရှိုးကို သိမ်းပြီးနောက် Mytel ဆက်သွယ်ရေး ဖုန်းလိုင်းများကို ပိတ်ထားရာကနေ ပြန်လည်ဖွင့်ပေးခဲ့ရာတွင် ယင်း ဖုန်းလိုင်းဆက်သွယ်ရေး ကွန်ရက်ကတစ်ဆင့် သတင်းပေးများက တည်နေရာများကို စစ်ကောင်စီထံ သတင်းပေးခဲ့ကြသည်။

စစ်ကောင်စီသည် ဖုန်းလိုင်းအသုံးပြုသူများ၏ တည်နေရာနှင့် ပြောဆိုဆက်သွယ်ခြင်းများကို သိနိုင်ပြီး ထိန်းချုပ်ရေးစင်တာက ထောက်လှမ်းကာ ကြားဖြတ်နားထောင်နိုင်ကြောင်း သတင်းရင်းမြစ်များက ပြောသည်။

” အဓိကတော့ စစ်ကောင်စီဟာ သတင်းပေးတွေဆီကနေ တည်နေရာတွေကို လှမ်းမေးမှာ။ ဖုန်းလိုင်းဆက်သွယ်ရေး အားလုံးပေါ့ အဓိကတော့ ထိန်းချုပ်ရေးစက်တွေက သူတို့ဆီမှာဆိုတော့ ကြားဖြတ်နားထောင်လို့ရတယ်။ အဲတော့ ပစ်မှတ်တွေကို သေချာ ရွေးချယ် ချိန်ပြီး ပစ်ခတ်လို့ ရသွားတာပေါ့။ ” ဟု ပြောသည်။

စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ဩဂုတ်လ နှောင်းပိုင်းကစ၍ ယနေ့ အောက်တိုဘာလ ၂ ရက်နေ့အထိ အရပ်သား ၃ ဦးသေဆုံးကာ ၄၅ ဦးအထိ ပြင်းထန်ဒဏ်ရာများ ရရှိခဲ့ကြသည်။

ပျက်စီးဆုံးရှုံးသွားသော နေအိမ်များနှင့် အဆောက်အဦလည်း များစွာရှိနေပြီး လားရှိုးမြို့မဈေး၊ ဟိုတယ်များ ပျက်စီးဆုံးရှုံးခဲ့ရသည်ဟု သိရသည်။

လက်ရှိတွင် လားရှိုးမြို့အတွင်း ဖုန်းလိုင်းဆက်သွယ်လိုင်းများကို ပြတ်တောက်ထားကြောင်း သိရသည်။

1 comment

ZAP 2024-10-07 - 8:10 am

Zaproxy dolore alias impedit expedita quisquam.

Reply

Leave a Comment

နောက်ဆုံး သတင်းများရယူလိုက်ပါ