Saturday, August 23, 2025
Home » မြန်မာ့စစ်ရေးပဋိပက္ခ ၃ လအတွင်း အမျိုးသမီး ၂၀၀ နီးပါး သေဆုံးခဲ့ရ

မြန်မာ့စစ်ရေးပဋိပက္ခ ၃ လအတွင်း အမျိုးသမီး ၂၀၀ နီးပါး သေဆုံးခဲ့ရ

0 2

မြန်မာ့စစ်ရေးပဋိပက္ခအတွင်းက အမျိုးသမီးများမှာ ငြိမ်းချမ်းရေးနှင့် လူမှုဘဝအပေါ် စိန်ခေါ်မှုများစွာ ရှိနေပြီး ၂၀၂၄ ခုနှစ် ဇူလိုင်လမှ စက်တင်ဘာအထိ ၃ လအတွင်း အမျိုးသမီး ၁၉၆ ဦးသေဆုံးခဲ့ကြောင်းနှင့် ၁၆၄ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။

စစ်ကောင်စီက ဖုန်း၊ အင်တာနက် ဆက်သွယ်လိုင်းများ ဖြတ်တောက်ထား၍ ကိန်းဂဏန်းများမှာ မြေပြင်တွင် ပိုများပြားနိုင်ကြောင်း မြန်မာ့အမျိုးသမီးသမဂ္ဂ BWU က ဆိုသည်။

အာဏာသိမ်း စစ်ကောင်စီ၏ ရက်စက်ကြမ်းကြုတ်မှုများနှင့် လက်နက်ကိုင်ပဋိပက္ခများ ပြင်းထန်လာခြင်းကြောင့် အမျိုးသမီးများ၏ ငြိမ်းချမ်းရေးနှင့် လူမှုဘဝလုံခြုံရေး အခြေအနေသည် အန္တရာယ်ရှိသော အနေအထားတွင် ရှိလာနေသည်။

အမျိုးသမီးများသည် ၎င်းတို့၏ မိသားစုများကို ကာကွယ်စောင့်ရှောက်နေရသည့်အပြင် တော်လှန်ရေးတွင် အရေးပါသော အခန်းကဏ္ဍမှ ပါဝင်နေခြင်းကြောင့် စစ်ကောင်စီ၏ ပစ်မှတ်ထားခြင်းကို ခံနေရသည်ဟု BWU ထုတ်ပြန်ထားသည်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP စာရင်းအရ ၂၀၂၁ အာဏာသိမ်းချိန်ကစ၍ မြန်မာစစ်တပ် သတ်ဖြတ်မှုကြောင့် အမျိုးသမီး ၁၁၈၀ ဦး သေဆုံးခဲ့ရပြီး နောက်ထပ် အမျိုးသမီး အများအပြားမှာလည်း စစ်ကောင်စီ၏ လူသားဒိုင်းကာ အသုံးပြု ဖမ်းဆီးခြင်းကို ခံထားရကြောင်း သိရသည်။

၂၀၂၄ ခုနှစ်၊ ဇူလိုင်လ ၅ ရက်နေ့က စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ် ဂုဏ်ညှင်းရှိုကျေးရွာတွင် တောင်ယာလုပ်ကိုင်နေသော ဒေသခံ အမျိုးသမီး ၁၀ ဦးနှင့် အမျိုးသား ၃ ဦးကို ပျူစောထီးများက ဖမ်းဆီးခဲ့သည်။

ထိုအထဲက အမျိုးသားများကို ပြန်လွှတ်ပေးခဲ့သော်လည်း အမျိုးသမီးများကိုမူ ဆက်လက်ဖမ်းဆီးထားပြီး ထောက်ပံ့ရေးရိက္ခာများနှင့် အလဲအလှယ် စစ်ကောင်စီ လက်ပါးစေ ပျူစောထီးများက လုပ်ခဲ့ကြသည်။

ဆက်လက်ပြီး လက်နက်ကိုင် ပဋိပက္ခအတွင်း ကိုယ်ဝန်ဆောင်အမျိုးသမီးများ၏ လူမှုဘဝလုံခြုံရေးအန္တရာယ်များ ပိုမိုဆိုးရွာလာကြောင်းနှင့် ဩဂုတ်လ ၃ ရက်နေ့က ကိုယ်ဝန်ဆောင် မိခင်နှင့် ကလေးငယ်သည် ဗန်းမော်ဆေးရုံကြီးတွင် ဗိုက်ခွဲမွေးရန် ရောက်ရှိနေသော်လည်း ဆရာဝန်များမရှိ၍ အချိန်မီမလုပ်ဆောင်နိုင်ခဲ့သောကြောင့် အသက်ဆုံးရှုံးခဲ့ရသည်။

ယင်းအပြင် အမျိုးသမီးများ၊ ကလေးငယ်များ၏ ဘဝလုံခြုံရေးမှာ မြေမြှုပ်မိုင်းအန္တရာယ်ကြောင့်လည်း ပိုမြင့်မားလာပြီး BWU ၏ ၂၀၂၄ ခုနှစ် ဇူလိုင်လမှ စက်တင်ဘာလအတွင်း အမျိုးသမီး ၄ ဦးထက်မနည်း သေဆုံးခဲ့ရသလို ၁၄ ဦးမှာလည်း ခြေလက်ဆုံးရှုံးသည့် ထိခိုက်ဒဏ်ရာများ ရရှိခဲ့ကြသည်။

Leave a Comment

နောက်ဆုံး သတင်းများရယူလိုက်ပါ