Saturday, August 23, 2025
Home » အမ်းမြို့ထဲ ပိတ်မိနေသူများမှာ စစ်ကောင်စီက ရမ်းသမ်းဗုံးကြဲမှာကို စိုးရိမ်နေ

အမ်းမြို့ထဲ ပိတ်မိနေသူများမှာ စစ်ကောင်စီက ရမ်းသမ်းဗုံးကြဲမှာကို စိုးရိမ်နေ

2 3

တိုက်ပွဲပြင်းထန်နေသော အမ်းမြို့ထဲသို့ စစ်ကောင်စီ လေကြောင်းက ရမ်းသမ်းဗုံးကြဲမှာကို မြို့ထဲပိတ်မိနေသူများက စိုးရိမ်နေကြသည်။

အောက်တိုဘာလ ၂၉ ရက် ညနေပိုင်းကလည်း လက်နက်ကြီးများအပြင် လေကြောင်းက ဗုံးကြဲတိုက်ခိုက်ခဲ့၍ ပိတ်မိနေသူများ စစ်ရှောင်ရာ အမှတ် ၄ ရပ်ကွက်၊ လေယာဉ်ကွင်းရပ်ကွက်နှင့် မြို့မြောက်ဘက်ခြမ်းသို့ ကျရောက်ပေါက်ကွဲခဲ့သည်။

စစ်ကောင်စီ၏ ထိုတိုက်ခိုက်မှုကြောင့် ကလေးငယ်၊ အမျိုးသမီးများအပါအဝင် အရပ်သား ၁၀ ဦးသေဆုံးပြီး ၂၀ နီးပါး ပြင်းထန်ဒဏ်ရာများ ရရှိခဲ့ကြပြီး နာမည်များကို စုံစမ်းနေဆဲဖြစ်သည်။

မြို့ထဲပိတ်မိနေသူ အသက် ၅၀ အရွယ် အမျိုးသားတစ်ဦးက “တိုက်ပွဲကမြို့ထဲကို ဝင်လာရင် AA ရှိတယ်ဆိုပြီး အကုန်လုံးကို ရမ်းသမ်းဗုံးကြဲသွားမှာ ကျနော်တို့ စိုးရိမ်နေတယ်။ အခုတိုက်ပွဲက မြို့အထဲကိုတော့ မရောက်လာသေးဘူးပေါ့။ ဒါပေမယ့် အချိန်မရွေး ရောက်လာနိုင်တဲ့အနေအထားဖြစ်နေပြီ” ဟု ပြောသည်။

အမ်းမြို့ခံ တက်ကြွလှုပ်ရှားသူ ကိုမျိုးလွင် ပြောဆိုချက်အရ ပိတ်မိနေသူ အရပ်သား တစ်ထောင်ကျော်ရှိနိုင်ပြီး ၎င်းတို့ကို စစ်ကောင်စီတပ်ရင်းများက လူသားဒိုင်းကာပြုလုပ်ထားကြောင်း Western News ကို ပြောဆိုထားသည်။

အမ်း အမှတ် (၅) ရပ်ကွက်၊ တစ်မိုင်ကုန်း၊ လေယာဉ်ကွင်း အပါအဝင် အမ်းမြို့ပတ်လည်တွင် ယမန်နေ့ နိုဝင်ဘာ ၂ ရက်နေ့က တိုက်ပွဲများပြင်းပြင်းထန်ထန် ဖြစ်ပွားခဲ့ပြီး အမ်းမြို့ထဲသို့ AA က အလွယ်တကူဝင်ရောက်နိုင်ပြီဟု စစ်ရေးသုံးသပ်သူများက ပြောဆိုကြသည်။

“တိုက်ပွဲကတော့ နေ့တိုင်းပြင်းထန်နေတဲ့ အနေအထားမှာ ရှိပါတယ်။ နှစ်ဖက် အပြန်အလှန်ပစ်ခတ်ကြတာတွေ ပြင်းထန်လာတယ်။ စစ်ကောင်စီကလည်း လေယာဉ်နဲ့ တောက်လျှောက်ဗုံးကြဲနေတယ်။ AA ဖက်ကလည်း လက်နက်ကြီးတွေနဲ့ စစ်ကောင်စီ တည်နေရာတွေကို ဆက်တိုက်ဆိုသလို လှမ်းပစ်တယ်။ ဒရုန်းတွေနဲ့လည်း တိုက်ခိုက်ကြတယ်” ဟု ပြောသည်။

အမ်းအခြေစိုက် စစ်ကောင်စီတပ်စခန်းအားလုံးနီးပါးမှာ တိုက်ပွဲက ဆက်လက်ပြင်းထန်နေဆဲဖြစ်ကြောင်းနှင့် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ) တစ်ခုလုံးကို သိမ်းပိုက်နိုင်ရန် အပြင်းအထန်ကြိုးစားဆောင်ရွက်နေကြောင်း ULA/AA ပြောခွင့်ရ ဦးခိုင်သုခက မီဒီယာများအား ပြောဆိုထားသည်။

နပခ အနီး ချင်းကုန်းကျေးရွာနှင့် ပြောင်းချောင်းကျေးရွာကို စစ်ကောင်စီတပ်ဖွဲ့ဝင်များ အောက်တိုဘာလ ၃၁ ရက်နေ့က ရာနှင့်ချီဝင်ရောက်လာပြီး နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့ကြသည်။

အာရက္ခတပ်တော် AA သည် တောဟိန်းတောင်၊ စွေ့ချောင်း၊ မဲတောင် စသည့် ဗျူဟာကုန်းများကို သိမ်းပိုက်ပြီးနောက် အမ်းမြို့ထဲရှိ နပခ အားသိမ်းပိုက်နိုင်ရန် အရပ်လေးမျက်နှာက ပိတ်ဆို့ဝိုင်းရံကာ ထိုးစစ်ဆင်တိုက်ခိုက်နေသည်။

လက်ရှိတွင် AA သည် နပခ အား ဝိုင်းရံထားသော တပ်ရင်း၊ တပ်စခန်း အများစုကို သိမ်းပိုက်ထားပြီး နပခ ကာကင်းများအထိ ထိုးဖောက်ဝင်ရောက် တိုက်ခိုက်နေကြောင်း စုံစမ်းသိရသည်။

2 comments

Htet Myet 2024-11-04 - 10:25 pm

contact me to fix your wrong information and fu king wrong photo that u use for no reasson . Shame on me for supporting you everyways anytime everywhere excecpt ann conditions.

Reply

Leave a Comment

နောက်ဆုံး သတင်းများရယူလိုက်ပါ