Saturday, August 23, 2025
Home » ပြည်တွင်းပြည်ပ၏ ဝင်ရောက်စွက်ဖက် ထိုးနှက်မှုများကို ခံနေရကြောင်း မင်းအောင်လှိုင်ပြော

ပြည်တွင်းပြည်ပ၏ ဝင်ရောက်စွက်ဖက် ထိုးနှက်မှုများကို ခံနေရကြောင်း မင်းအောင်လှိုင်ပြော

0 2

နိုင်ငံအတွင်းမှာ ပြည်တွင်းပြည်ပ အန္တရာယ်များနှင့် ဝင်ရောက်စွက်ဖက်မှုများဖြင့် ကြုံတွေ့နေရကြောင်း အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြောသည်။

ဒီဇင်ဘာလ ၂၀ ရက် ညနေက နေပြည်တော်မှာ ကျင်းပခဲ့သည့် ပဉ္စမအကြိမ်မြောက် အမျိုးသားအားကစားပွဲတော် ပိတ်ပွဲအခမ်းအနား မိန့်ခွန်းမှာ ထည့်သွင်းပြောဆိုခဲ့ခြင်းဖြစ်သည်။

မြန်မာနိုင်ငံသာမက မဟာဗျူဟာ အချက်အချာကျသည့် ကမ္ဘာ့နိုင်ငံငယ် အများစုသည်လည်း ယင်းအခြေအနေနှင့် ကြုံနေရကြောင်းလည်း မင်းအောင်လှိုင်က ဆိုသည်။

“ထိုကဲ့သို့အဖက်ဖက်မှ ထိုးနှက်တိုက်ခိုက်နေမှုများအပေါ် ပြည်သူလူထု၊ အစိုးရ၊ တပ်မတော်တို့၏ ပေါင်းစည်းအား၊ ညီညွတ်သောစိတ်ဓာတ်တို့ ဖြင့် ကာကွယ်ရန်လိုကြောင်း” ဟုလည်း ပြောဆိုခဲ့သည်။

တစ်မျိုးသားလုံးနှင့်သက်ဆိုင်သည့် ယခုအမျိုးသားအားကစား ပွဲတော်ကြီးကို ယခုကဲ့သို့ကျင်းပနိုင်၊ စုစည်းနိုင်ခဲ့ခြင်းမှာလည်း နိုင်ငံကို လုံခြုံအောင် ကာကွယ်ပေးနေသည့် သူရဲကောင်းများရှိနေခြင်းကြောင့်ပင် ဖြစ်သည်ဟုလည်း မင်းအောင်လှိုင်က ဆိုသည်။

နိုင်ငံအတွင်းက တပ်မတော်သား၊ ရဲတပ်သားများနှင့် ဝန်ထမ်းများကိုလည်း အခက်အခဲများကြားက တာဝန်ထမ်းဆောင်နေကြရသည်ဟုဆိုကာ အသိအမှတ်ပြု ဂုဏ်ပြုကြောင်းလည်း ထည့်ပြောခဲ့သည်။

စစ်ခေါင်းဆောင် မင်းအောင်လှိုင်က နေပြည်တော်တွင် ပျော်ပွဲရွှင်ပွဲများ ကျင်းပနေချိန် ရခိုင်ပြည်တွင် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ) အား အာရက္ခတပ်တော် AA ထံ လက်လွှတ်ဆုံးရှုံးလိုက်ရပြီဖြစ်သည်။

အခြားသော မြန်မာနိုင်ငံအနှံ့က တိုင်းနှင့်ပြည်နယ်အသီးသီးတွင်လည်း မင်းအောင်လှိုင် ဦးဆောင်သော မြန်မာစစ်တပ် (စစ်ကောင်စီ) အား နေ့စဉ်နှင့်အမျှတိုက်ခိုက်နေကြပြီး မြန်မာစစ်တပ်မှာလည်း တပ်စခန်းပေါင်းများစွာ ဆုံးရှုံးထားရပြီလည်းဖြစ်သည်။

Leave a Comment

နောက်ဆုံး သတင်းများရယူလိုက်ပါ