Monday, October 13, 2025
Home » မိတ်ဆွေရင်း စိတ်ထားအမှန်ဖြင့် ကူညီပေးသည့် ULA/AA ကို CDF ကန်ပက်လက်က ကျေးဇူးတင်ကြောင်းပြော

မိတ်ဆွေရင်း စိတ်ထားအမှန်ဖြင့် ကူညီပေးသည့် ULA/AA ကို CDF ကန်ပက်လက်က ကျေးဇူးတင်ကြောင်းပြော

0 2

အပတ်စဉ် ၁ စစ်ပညာသင်တန်းနှင့် လက်နက်များ ထောက်ပံ့ကူညီပေးသော အာရက္ခတပ်တော် ULA/AA ကို အထူးကျေးဇူးတင်ကြောင်း Chin Defence Force – Kanpetlet တပ်ဖွဲ့က မတ်လ ၁ ရက်နေ့ ထုတ်ပြန် ပြောဆိုသည်။

CDF ကန်ပက်လက်၏ အပတ်စဉ် ၁ စစ်သင်တန်း အောင်မြင်စွာ ပြီးမြောက်နိုင်ရေးအတွက် အာရက္ခတပ်တော်က အစမှအဆုံးထိ ကူညီထောက်ပံ့ပေးခဲ့ကြောင်း CDF ကန်ပက်လက်တပ်က ဆိုသည်။

ညီရင်းအစ်ကို အိမ်နီးနားချင်းမိတ်ဆွေရင်း ပကတိ စိတ်ထားအမှန်ဖြင့် ပံ့ပိုးကူညီပေးခဲ့သော မိတ်ဖက်အဖွဲ့အစည်း တစ်ခုဖြစ်သည့် ULA/AA ကို အထူးကျေးဇူးတင်ရှိကြောင်း CDF ကန်ပက်လက်က ထုတ်ပြန်ထားခြင်းဖြစ်သည်။

CDF ကန်ပက်လက်၏ အပတ်စဉ် ၁ အခြေခံစစ်ပညာသင်တန်းကို ဖေဖော်ဝါရီလ ၂၈ ရက်နေ့က အောင်မြင်စွာ ကျင်းပနိုင်ခဲ့ကြောင်း သိရသည်။

CDF ကန်ပက်လက် တပ်သည် ၂၀၂၁ ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်ကောင်စီ၏ အာဏာသိမ်းချိန်မှစ၍ တိုက်ပွဲပေါင်းများစွာကို ဆင်နွှဲလာခဲ့ပြီး လက်ရှိတွင် ကျင်ဒွေးမြို့နှင့် ကန်ပက်လက်မြို့နယ်တို့ကို အပြည့်အဝ သိမ်းပိုက်ထိန်းချုပ်နိုင်ခဲ့ပြီဟု သိရသည်။

မြန်မာ့နွေဦးတော်လှန်ရေးကာလအတွင်း ပြည်သူလူထု၏ အားပေးထောက်ခံမှု၊ ယုံကြည်မှုတို့နှင့်အတူ မွေးဖွားလာသော ချင်းတော်လှန်ရေးတပ်ဖွဲ့တစ်ခုဖြစ်ပြီး ချင်းပြည်တောင်ပိုင်း၊ ကန်ပက်လက်မြို့နယ်နှင့် ကျင်ဒွေးမြို့အား ကိုယ်စားပြုသော တော်လှန်ရေးတပ်ဖွဲ့တစ်ခုဖြစ်သည်ဟု CDF ကန်ပက်လက်က ဆိုသည်။

ပြည်သူလူထုကို နွေးထွေးလုံခြုံစွာ အပြည့်အဝ အကာအကွယ်ပေးသည့် ပြည်သူ့အချစ်တော် တပ်နှင့် စစ်သည်တော်ကောင်းများ ဖြစ်လာစေရန်နှင့် အဖိနှိပ်ခံပြည်သူ တစ်ရပ်လုံး လွတ်မြောက်ရေးအတွက် စစ်အာဏာရှင်အား တိုက်ခိုက်သွားမည်ဟု CDF ကန်ပက်လက်က ထုတ်ပြန်ထားသည်။

နောက်ဆုံး သတင်းများရယူလိုက်ပါ