Monday, March 2, 2026
Home » အိန္ဒိယ၊ အင်ဖာထောင်မှ ဖမ်းဆီးခံ မြန်မာအမျိုးသမီးနှင့် ကလေးငယ် ၂၇ ဦး လွတ်မြောက်လာ(ထောင်အတွင်း ၁၂၀ ဦးခန့် ကျန်ရှိနေသေး)

အိန္ဒိယ၊ အင်ဖာထောင်မှ ဖမ်းဆီးခံ မြန်မာအမျိုးသမီးနှင့် ကလေးငယ် ၂၇ ဦး လွတ်မြောက်လာ(ထောင်အတွင်း ၁၂၀ ဦးခန့် ကျန်ရှိနေသေး)

0 45

အိန္ဒိယနိုင်ငံ၊ မဏိပူရပြည်နယ်၊ အင်ဖာအကျဥ်းထောင်မှာ ထိန်းသိမ်းခံထားရသော မြန်မာနိုင်ငံသား ၂၇ဦး ပြန်လည် လွတ်မြောက်လာသော်လည်း နောက်ထပ် ပြန်မလွတ်သေးဘဲ ၁၂၀ခန့် ရှိနေသေးကြောင်း သိရသည်။

၎င်းတို့ အားလုံးသည် ၂၀၂၁ ခုနှစ် အာဏာသိမ်းနောက်ပိုင်း အကြောင်းအမျိုးမျိုးကြောင့် အိန္ဒိယ နယ်စပ်ဖြတ်ကျော် နေထိုင်မှုနှင့် ဖမ်းဆီး အကျဉ်းကျခံနေရသော သူများ ဖြစ်ကြောင်း India for Myanmar က Western News ကို ပြောသည်။

အင်ဖာ အကျဥ်းထောင်မှာ အမျိုးသမီး ၂၀ဦး၊ ကလေး ၇ ဦးကို မြန်မာ စစ်တပ်ဆီသို့ လွှဲပြောင်းပေးလိုက်ကြောင်း ဖမ်းဆီးခံသူများအရေး ကူညီပေးနေသော India for Myanmar တာဝန်ရှိသူ ကိုဆလိုင်းဒိုခါရ် က တစ်ဦးက ပြောသည်။

“သူတို့တွေက အာဏာသိမ်းနောက်ပိုင်းမှာ အကြောင်းမျိုးမျိုးကြောင့် နယ်စပ်ဖြတ်ကျော် ဝင်လာတဲ့သူတွေ ဖြစ်ပါတယ်။ အဲ့ဒီမှာ အိန္ဒိယ အစိုးရကနေ ဖမ်းဆီးပြီးတော့ ထောင်ဒဏ်ချထားတာပါ။ အခုလွတ်လာတာက အမျိုးသမီး ၂၀ဦးရယ်။ ကလေးခုနှစ်ဦးပါ။ လွတ်လာတဲ့သူတွေကို အိန္ဒိယအစိုးရ စစ်ကောင်စီဖက်ကို လွှဲပြောင်းလိုက်တာပါ “ဟုပြောသည်။

ပြန်လည် လွတ်မြောက်လာသူ အားလုံးကို စစ်ကောင်စီက တမူးမြို့အတွင်း နေရာချပေးထားပြီး ၎င်းတို့အားလုံးမှာ မကွေးတိုင်း၊ စစ်ကိုင်းတိုင်းတို့က ဒေသခံများ ဖြစ်ကြကြောင်း India for Myanmar ကပြောသည်။

ထောင်ဒဏ် ချမှတ်ခံထားရသော မြန်မာနိုင်ငံသားများကို ယခုတစ်ကြိမ်ဆိုပါက သုံးကြိမ်မြောက် လွတ်မြောက်လာခြင်းဖြစ်ပြီး ပထမကြိမ်တွင် ၂၇ ဦး၊ ဒုတိယအကြိမ် ၂၆ဦး၊ တတိယအကြိမ် ၂၇ဦးတို့ လွတ်ပေးခဲ့သည်။

India for Myanmar တာဝန်ရှိသူ ကိုဆလိုင်းဒိုခါရ် က “ကျနော်တို့အဖွဲ့ ဆက်တိုက်တောင်းမှုတွေ လုပ်ခဲ့တယ်။ ဒီတစ်ကြိမ်ဆိုရင်တော့ အိန္ဒိယအစိုးရက သုံးကြိမ်မြောက် လွတ်ပေးတာပေါ့နော်။ ပထမကြိမ်တွင် ၂၇ ဦး၊ ဒုတိယအကြိမ် ၂၆ဦး၊ တတိယအကြိမ် ၂၇ဦး လွတ်ပေးခဲ့ပါတယ်။ အဲ့ဒီထဲမှာ ထောင်ထဲမှာ တစ်ဦးဆုံးသွားပါတယ်။ အဓိက နေမကောင်းလို့ ဆုံးသွားတာပါ။ လက်ရှိမှာတော့ ထောင်ထဲမှာ ၁၁၉ ဦးကျန်နေသေးပါတယ်။ အခုကျန်ရှိနေတဲ့သူတွေ ပြန်လည်လွတ်မြောက်ဖို့ အန္ဒိယအစိုးရကို ကျွန်တော်တို့တောင်းဆိုနေပါတယ်”ဟုပြောသည်။

တရားမဝင် နယ်စပ်ဖြတ်ကျော်မှု၊ တရားမဝင် အထောက်အထားကိုင်ဆောင်မှုတို့ဖြင့် မြန်မာနိုင်ငံသားများကို အိန္ဒိယအစိုးရက ဖမ်းဆီးထိန်းသိမ်းထားခြင်း ဖြစ်ကြောင်း သိရသည်။

အာဏာ သိမ်းပြီးနောက်ပိုင်းမှာ အိန္ဒိယနိုင်ငံကို စစ်ဘေးဒုက္ခသည် အများအပြား ဝင်ရောက်လာခြင်း အပြင် စစ်ကောင်စီတပ်သားများ ထွက်ပြေးလာခြင်း၊ မူးယစ်ဆေးဝါးများ ဝင်ရောက်လာခြင်းတို့ ကြောင့် နှစ်နိုင်ငံ လွတ်လပ်စွာ သွားလာခွင့် Free Movement Regime (FMR) ကို ဖျက်သိမ်းရန်အိန္ဒိယဗဟိုအစိုးရက ထုတ်ဖော် ပြောဆိုထားသည်။

နောက်ဆုံး သတင်းများရယူလိုက်ပါ