Monday, October 13, 2025
Home » မင်းအောင်လှိုင် BIMSTEC အစည်းအဝေး တက်ရန် ဘန်ကောက်သို့ ရောက်လာ

မင်းအောင်လှိုင် BIMSTEC အစည်းအဝေး တက်ရန် ဘန်ကောက်သို့ ရောက်လာ

0 4

ထိုင်းနိုင်ငံဘန်ကောက်မြို့တွင် BIMSTEC အစည်းအဝေးတက်ရန်အတွက် အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ဒေသစံတော်ချိန် ညနေ ၄ နာရီခန့်တွင် ဘန်ကောက်သို့ ရောက်ရှိလာသည်။

ဘန်ကောက်မြို့တွင် ကျင်းပမည့် ဆဋ္ဌမအကြိမ်မြောက် ဘင်္ဂလားပင်လယ်အော် ဘက်စုံပူးပေါင်းဆောင်ရွက်ရေး BIMSTEC ထိပ်သီးအစည်းအဝေသို့ တက်ရောက်ရန် အတွက် ရောက်ရှိလာခြင်း ဖြစ်သည်။

ဘင်္ဂလားပင်လယ်အော် ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ဟု သိကြသည့် BIMSTEC အစည်းအဝေးကို ယနေ့ ဧပြီလ ၃ ရက် နေ့လယ်ပိုင်းတွင် စတင်ကျင်းပနေပြီဖြစ်သည်။

BIMSTEC အစည်းအဝေးကို ဧပြီလ ၃ ရက်နှင့် ၄ ရက် နှစ်ရက်တာ ကျင်းပမည်ဖြစ်ပြီး မြန်မာစစ်ခေါင်းဆောင် မင်းအောင်လှိုင်အား အစည်းအဝေး တက်ရောက်ရန် ထိုင်းအစိုးရအဖွဲ့က ဖိတ်ကြားထားခြင်းဖြစ်သည်။

BIMSTEC အစည်းအဝေးကို မင်းအောင်လှိုင် မရောက်မီ စစ်ကောင်စီ၏ နိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေက အစည်းအဝေးသို့ ကြိုတင်တက်ရောက်နေပြီဖြစ်ကြောင်း သိရသည်။

မင်းအောင်လှိုင်အား ဖိတ်ခေါ်ခဲ့သည့် ထိုင်းအစိုးရအဖွဲ့အနေဖြင့် ဖိတ်ခေါ်ရသည့်အကြောင်းအရင်းနှင့် ပတ်သက်၍ ထိုင်းပြည်သူများအပေါ် ဖြေရှင်းချက်ပေးရန် ထိုင်းလွှတ်တော်အမတ်များက တောင်းဆိုထားသည်။

ဒီမိုကရေစီအင်အားစုများ အပါအဝင် တော်လှန်ရေးလှုပ်ရှား ဆောင်ရွက်နေသည့် အဖွဲ့အစည်းများနှင့် နိုင်ငံတကာအဖွဲ့အစည်းများကလည်း မင်းအောင်လှိုင်အား လိုလိုလားလား ဆက်ဆံနေသည့် ထိုင်းအစိုးရအဖွဲ့ကို ကန့်ကွက်ထားကြသည်။

စစ်ခေါင်းဆောင် မင်းအောင်လှိုင်အား ဖိတ်ခေါ်သည့်အတွက် အရပ်ဖက်အဖွဲ့များအပါအဝင် ဒေသတွင်းနိုင်ငံအချို့က ကန့်ကွက်နေကြသည်။

BIMSTEC အဖွဲ့ဝင်များမှာ ဘင်္ဂလာဒေ့ရှ်၊ အိန္ဒိယ၊ ထိုင်း၊ သီရိလင်္ကာ၊ ဘူတန်၊ နီပေါနှင့် မြန်မာတို့ပါဝင်ပြီး သက်ဆိုင်ရာ နိုင်ငံ့ခေါင်းဆောင်များက တက်ရောက်ဆွေးနွေးကြသည့် ကဏ္ဍပေါင်းစုံဆွေးနွေးရေး အစည်းအဝေးတစ်ခုဖြစ်သည်။

နောက်ဆုံး သတင်းများရယူလိုက်ပါ