Monday, October 13, 2025
Home » မင်းအောင်လှိုင်ကို လက်ခံသည့် ထိုင်းနှင့် BIMSTEC ကို Justice For Myanmar က ကန့်ကွက်ရှုတ်ချ

မင်းအောင်လှိုင်ကို လက်ခံသည့် ထိုင်းနှင့် BIMSTEC ကို Justice For Myanmar က ကန့်ကွက်ရှုတ်ချ

0 3

အာဏာသိမ်း မြန်မာစစ်ခေါင်းဆောင် မင်းအောင်လှိုင်အား ပတ်သက် ဆက်ဆံ လက်ခံကြသည့် ထိုင်းအစိုးရနှင့် ဘင်္ဂလားပင်လယ်အော် စီးပွားရေးနှင့် နည်းပညာဆိုင်ရာ ဘက်စုံပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (BIMSTEC) ကို Justice For Myanmar က ကန့်ကွက်ရှုတ်ချကြောင်း ဧပြီလ ၃ ရက်နေ့က ထုတ်ပြန်ထားသည်။

ထိုင်းအစိုးရက မင်းအောင်လှိုင်ကို BIMSTEC ထိပ်သီးအစည်းအဝေးသို့ တက်ရောက်ခွင့် ပြုခဲ့ပြီး စစ်အုပ်စု၏ နိုင်ငံတကာရာဇဝတ်မှုများတွင် ပိုမိုရှုပ်ထွေးစွာ ပတ်သက်ခဲ့ကြသည်ဟု Justice For Myanmar က ဆိုသည်။

Justice For Myanmar ၏ ပြောရေးဆိုခွင့်ရှိသူ မရတနာမောင်က “BIMSTEC ထိပ်သီးအစည်းအဝေးမှာ မင်းအောင်လှိုင်ကို တက်ရောက်ခွင့်ပြုလိုက်တဲ့ ဆုံးဖြတ်ချက်ကို ကျွန်မတို့ ပြင်းပြင်းထန်ထန် ရှုတ်ချပါတယ်။ ရိုဟင်ဂျာတွေအပေါ် လူမျိုးတုန်းသတ်ဖြတ်မှုအပါအဝင် ရာဇဝတ်မှုကြီးတွေ ကျူးလွန်မှုတွေအတွက် တာဝန်ရှိနေတဲ့ စစ်ရာဇဝတ်ကောင်တစ်ဦးကို BIMSTEC နဲ့ ထိုင်းအစိုးရတို့က လက်ခံကြိုဆိုတာဟာ ဝမ်းနည်းဖွယ်ကောင်းပါတယ်။ ဒီလိုကြိုဆိုမှုက မြန်မာပြည်သူတွေ လေးနှစ်ကျော်ကြာ ခုခံဆန့်ကျင်နေတဲ့ စစ်အုပ်စုကို တရားဝင်မှု ပေးအပ်လိုက်တာဖြစ်ပြီး၊ သူတို့ကို ပိုမိုရဲတင်းလာစေမှာ ဖြစ်ပါတယ်” ဟု ပြောသည်။

BIMSTEC အဖွဲ့ဝင်နိုင်ငံများလည်း ထိုင်း၊ အိန္ဒိယ၊ သီရိလင်္ကာနိုင်ငံများနှင့်အတူ စစ်အုပ်စု၏ အကြမ်းဖက်လုပ်ရပ်များ ဆက်လက်ကျူးလွန်နိုင်ရန် စစ်လက်နက်၊ ဆက်စပ်ပစ္စည်းများနှင့် ရန်ပုံငွေများ ဆက်လက်ပံ့ပိုးပေးခြင်းဖြင့် နိုင်ငံတကာရာဇ၀တ်မှုများတွင် ပါဝင်ပတ်သက်နေကြဆဲ ဖြစ်သည်ဟု Justice For Myanmar က ပြောသည်။

မရတနာမောင်က “စစ်အုပ်စုရဲ့ အာဏာသိမ်းကြိုးပမ်းမှုနောက်ပိုင်းမှာလည်း BIMSTEC ဟာ စစ်အုပ်စုကို နိုင်ငံရေးနဲ့ စစ်ရေးအကူအညီတွေ ပေးအပ်ခဲ့ပြီး၊ သူတို့ရဲ့ နိုင်ငံတကာရာဇဝတ်မှုတွေကို အားပေးကူညီနေခဲ့တာပါ။ ထိုင်း၊ အိန္ဒိယနဲ့ သီရိလင်္ကာနိုင်ငံတွေကလည်း စစ်အုပ်စုရဲ့ အကြမ်းဖက်စစ်ဆင်ရေးတွေ ဆက်လက်လုပ်ဆောင်နိုင်ဖို့ စစ်လက်နက်၊ စက်ပစ္စည်းကိရိယာနဲ့ ဘဏ္ဍာငွေတွေ ပေးအပ်နေခြင်းမျိုးနဲ့ BIMSTEC အဖွဲ့ဝင်နိုင်ငံတွေဟာ မြန်မာစစ်အုပ်စုနဲ့ ကြံရာပါပတ်သက်နေဆဲဖြစ်ပြီး နိုင်ငံတကာဥပဒေကို ချိုးဖောက်နေခြင်းဖြစ်ပါတယ်” ဟု ပြောသည်။

ထိုင်း၊ အိန္ဒိယ၊ သီရိလင်္ကာနှင့် အခြားသော အစိုးရအဖွဲ့များအနေဖြင့် စစ်အုပ်စုကို ထောက်ပံ့နေသည့် ဘဏ္ဍာငွေ၊ စစ်လက်နက်နှင့် စက်ပစ္စည်းကိရိယာ အားလုံးကို ချက်ချင်းဖြတ်တောက်ရမည်ဟု Justice For Myanmar ၏ ပြောရေးဆိုခွင့်ရှိသူ မရတနာမောင်က ဆိုသည်။

“ဒါတွေက အရပ်သားပြည်သူတွေကို သတ်ဖြတ်ဖို့နဲ့ လူနေရပ်ရွာတစ်ခုလုံး ဖျက်ဆီးဖို့တွေမှာ အားပေးကူညီနေတာ ဖြစ်ပါတယ်။ အစိုးရတွေနဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေအနေနဲ့ စစ်အုပ်စုနဲ့ ကြံရာပါပတ်သက်နေတာကို အဆုံးသတ်ဖို့နဲ့ မြန်မာပြည်သူတွေရဲ့ အသက်တွေကို ဦးစားပေးဖို့က အလွန်အရေးကြီးပါတယ်” ဟု ပြောသည်။

မင်းအောင်လှိုင်သည် မွတ်ဆလင်များအပေါ် လူမျိုးတုန်းသတ်ဖြတ်မှုနှင့် နိုင်ငံတစ်ဝန်းရှိ ပြည်သူများအပေါ် ကျူးလွန်လျက်ရှိသည့် စစ်ရာဇဝတ်မှုများ၊ လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများ အပါအဝင် နိုင်ငံတကာရာဇဝတ်ကျူးလွန်မှုများအတွက် တာဝန်ရှိသူဖြစ်ကြောင်း Justice For Myanmar က ထုတ်ပြန်ထားသည်။

နောက်ဆုံး သတင်းများရယူလိုက်ပါ