Tuesday, October 14, 2025
Home » မန္တလေး အိုးဘိုထောင်မှာ ငလျင်ကြောင့် နိုင်ကျဉ်းအမျိုးသမီး ၆ ဦး အပါအဝင် ၁၂ ဦး သေဆုံး

မန္တလေး အိုးဘိုထောင်မှာ ငလျင်ကြောင့် နိုင်ကျဉ်းအမျိုးသမီး ၆ ဦး အပါအဝင် ၁၂ ဦး သေဆုံး

0 5


ငလျင်လှုပ်ခတ်ခဲ့မှုကြောင့် မန္တလေးတိုင်း အိုးဘိုအကျဉ်းထောင်အတွင်း အကျဉ်းကျနေသည့် နိုင်ငံရေးအကျဉ်းသူ ခြောက်ဦး အပါအဝင် ၁၂ ဦး ထိခိုက်သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က သတင်းထုတ်ပြန်သည်။

အနည်းဆုံး သေဆုံးသူ ၁၂ ဦးထဲက ၆ ဦးကို အမည်နှင့်တကွ အတည်ပြုထားနိုင်ပြီး မိသားစုဝင်များ သိရှိနိုင်ရန် ထုတ်ပြန်ရခြင်းဖြစ်သည်ဟု PPNM က ယနေ့ ဧပြီလ ၅ ရက်တွင် ထုတ်ပြန်ထားခြင်းဖြစ်သည်။

သေဆုံးခဲ့သည့် နိုင်ငံရေးအကျဉ်း‌သူများမှာ မမိုးသူဇာခိုင်၊ ဒေါ်လဲ့လဲ့စိုး၊ ဒေါ်ခင်အုန်းရွှေ၊ မကေကေဝင်း၊ မပပဝင်းနှင့် မဖူးဖူးဝေ တို့ဖြစ်သည်ဟု PPNM က ဆိုသည်။

ငလျင်လှုပ်ခတ်မှုကြောင့် မန္တလေး အိုးဘိုထောင်ရှိ အမျိုးသမီးအဆောင် (၁) နှင့် (၂)၊ အမျိုးသမီးဆေးရုံအဆောင်၊ အမျိုးသားအဆောင်အလုပ်ရုံ အပါအဝင် အဆောင်များနှင့် ကာရံထားသည့် အုတ်ရိုးများ ပြိုကျခြင်းကြောင့် သေဆုံးသွားရခြင်းဖြစ်သည်ဟု သိရသည်။

“ကျွန်တော်တို့ ထုတ်ပြန်တဲ့ ခြောက်ဦးက နိုင်ငံရေးအကျဉ်းသူတွေဖြစ်ပြီး ၅၀၅ ပုဒ်မ အပါအဝင် ၅၁၊ ၅၂ အကြမ်းဖက်ပုဒ်မတွေနဲ့ စွပ်စွဲပြီး ဖမ်းဆီး အကျဉ်းချခံထားရသူတွေဖြစ်တယ်” ဟု PPNM ဦးဆောင်ကော်မတီဝင်က ပြောသည်။

စစ်ကောင်စီ၏ အကျဥ်းဦးစီးဌာနက လက်ရှိအချိန်ထိ တာဝန်ယူမှု၊ တာဝန်ခံမှုမရှိဘဲ တရားဝင် အချက်အလက်များ ထုတ်ပြန်လာခြင်း မရှိသေးကြောင်း သိရသည်။

အကျဥ်းဦးစီးအနေဖြင့် ထိခိုက်သေဆုံးရသူများ စာရင်းကို တရားဝင်ထုတ်ပြန်သင့်ပြီး ဒဏ်ရာရသူများကိုလည်း လုံလောက်သည့် ဆေးကုသခံယူမှု ပေးသင့်ကြောင်း PPMN က တောင်းဆိုသည်။

စစ်ကောင်စီအနေဖြင့်လည်း ငလျင်ကြောင့် ထိခိုက်သေဆုံးသူများစာရင်းကို ဖော်ပြရာတွင် နေပြည်တော်နှင့် အကျဉ်းထောင်သတင်းများကို တိတိကျကျ ထုတ်ပြန်မှု မရှိကြောင်းလည်း သိရသည်။

နောက်ဆုံး သတင်းများရယူလိုက်ပါ