Sunday, August 24, 2025
Home » အရပ်သားများနှင့် တော်လှန်ရေး တပ်ဖွဲ့ဝင်များ ကို သတ်ဖြတ်သော ပျူစောထီးများနှင့် SNA တပ်ဖွဲ့ဝင် ၃၀ ကျော် ဖမ်းဆီး အရေးယူ

အရပ်သားများနှင့် တော်လှန်ရေး တပ်ဖွဲ့ဝင်များ ကို သတ်ဖြတ်သော ပျူစောထီးများနှင့် SNA တပ်ဖွဲ့ဝင် ၃၀ ကျော် ဖမ်းဆီး အရေးယူ

0 2

အရပ်သားများနှင့် တော်လှန်ရေးတပ်ဖွဲ့ဝင်များကို သတ်ဖြတ်ခဲ့သော ထွေ/အုပ်ဝန်ထမ်းများ၊ မြို့နယ်အုပ်ချုပ်ရေးမှူး၊ ပျူစောထီးများနှင့် SNA တပ်ဖွဲ့ဝင်များ အပါအဝင် တရားခံ ၃၀ ကျော်ကို ဖမ်းဆီး အရေးယူ ထားကြောင်း သိရသည်။

၎င်းတို့ကို စစ်ကိုင်းတိုင်း၊ အင်းတော်မြို့ကို သိမ်းပိုက်တိုက်ပွဲမှာ တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့က ဖမ်းဆီး ရရှိခဲ့ခြင်း ဖြစ်ပြီး အားလုံးကို တိုင်းဌာနချုပ်သို့ ပို့ဆောင်ထားပြီး ဖြစ်ကြောင်း ပြည်သူ့ ကာကွယ်ရေးတပ်မတော် သတင်းရင်းမြစ်က ပြောဆိုသည်။

ကျူးလွန်ခဲ့သူများမှာ မြို့နယ်အုပ်ချုပ်ရေးမှူး၊ ပျူစောထီးများ၊ SNA တပ်ဖွဲ့ဝင်များ၊ ထွေ/အုပ်လက်အောက်ခံ အုပ်ချုပ်ရေးမှူးများအပါအဝင် စစ် တပ်ဒေါက်တိုင် ၃၀ ကျော် ကို ဖမ်းဆီး အရေးယူခဲ့ခြင်း ဖြစ်သည်။

ဖမ်းဆီးထားသူများမှာ ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ PDF တပ်ဖွဲ့ဝင် မိသားစုဝင်များကို အစုလိုက်အပြုံလိုက် သတ်ဖြတ်ခြင်းနှင့် တော်လှန်ရေးသမားများကို ဖမ်းဆီးထောင်ချရာတွင် ပါဝင်ခဲ့သူများ ဖြစ်ကြောင်း သိရသည်။

ပြည်သူ့ကာကွယ်ရေးတပ်မတော်သတင်းရင်းမြစ်က ” သူတို့ကို ဖမ်းမိတာက မြို့သိမ်းတိုက်ပွဲပြီးတဲ့နေ့ ကတည်းက ဖမ်းမိတာမှန်ပါတယ်။ အခုသူတို့ကိုတော့ တိုင်းကိုလွှဲပို့ပေးထားတယ်။ ပျူစောထီးတွေ၊ SNA တပ်ဖွဲ့ဝင်တွေ၊ အုပ်ချုပ်ရေးမှူးတွေ၊ မြို့နယ် အုပ်ချုပ် ရေးမှူးတွေပေါ့” ဟုပြောသည်။

ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ ၂၈ ရက်နေ့ အင်းတော်မြို့နယ်၊ နတ်မ ဟုတ်ကြီးကျေးရွာနေ PDF မိသားစုဝင် အမျိုသား ၈ ဦးကို အစု လိုက် အပြုံလိုက် သတ်ဖြတ်မှုတွင် အဆိုပါ ဖမ်းဆီးခံရသူများ ပါဝင်သည်။

ထို့အထဲတွင် ဦးဆောင်ခဲ့သူ ပျူစောထီးခေါင်းဆောင် တင့်ဇော်ဝင်း၊ အင်းတော်မြို့နေ ပြည်သူများကို ဖမ်းဆီးထောင်ချရာတွင် ဦးဆောင်သူ မြို့နယ်မှူး လှတင့်၊ ပျူစောထီး ခေါင်းဆောင် အောင်မြင့်နိုင်၊ ပျူစောထီးအဖွဲ့ဝင် အောင်းကုန်းရွာသား အောင်ဝင်း၊ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ ဝန်ထမ်းများ ပါဝင်ကြောင်း သိရသည်။

အင်းတော်မြို့၊ ပြည်သူ့ကာကွယ်ရေး တပ်မတော်သတင်းရင်းမြစ်က “စစ်တပ်ကို သတင်းပေးပြီး ဖမ်းခိုင်းတာ၊ ပြီးတော့ ဒေသခံ ပျူ‌ စောထီးတွေဆိုရင် သူတို့ကိုယ်တိုင် သတ်ဖြတ်တာမှာ ပါဝင်ကျူးလွန်တဲ့သူတွေပါ” ဟုပြောသည်။

ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် ဩဂုတ်လ ၁၆ ရက်နေ့တွင် စတင်ခဲ့သည် အင်းတော်မြို့သိမ်းတိုက်ပွဲကို ၂၀၂၅ ခုနှစ် ဧပြီလ ၇ ရက်နေ့ ညပိုင်းတွင် KIA ၊ PDF ပူးပေါင်း တပ်ဖွဲ့များက အပြီးသတ်သိမ်းပိုက်နိုင်ခဲ့ခြင်း ဖြစ်သည်။

အဆိုပါ အင်းတော်မြို့သိမ်း တိုက်ပွဲတွင် စစ်ကောင်စီ၏ တပ်မ ၇၇ တပ်မမှူး ဗိုလ်မှူးချုပ် အောင်သက်ဦး အပါအဝင် စစ်သုံ့ပန်း ၁၈၀ ကျော်ကို ဖမ်းမိခဲ့ပြီး လက်နက်ခဲယမ်း အမြောက် အများကိုလည်း သိမ်းဆည်း ရရှိခဲ့သည်။

Leave a Comment

နောက်ဆုံး သတင်းများရယူလိုက်ပါ