ဧပြီလ ၂၅ ရက်နေ့ကစ၍ အာရက္ခတပ်တော် AA ၏ ပြည်သူ့ကျန်းမာရေးဌာနမှ ပြည်သူ့ကျန်းမာရေးဆိုင်ရာ သင်တန်းများအစီအစဉ်အတွက် သင်တန်းသားများ ခေါ်ယူနေကြောင်း သိရသည်။
မိမိစရိတ်ဖြင့် ၈ လကြာ သင်တန်းတက်ရောက်ရမည့် ပြည်သူ့ကျန်းမာရေးကြီးကြပ် (၂) သင်တန်းအတွက် လျှောက်လွှာခေါ်ယူနေပြီး ဖြစ်ကြောင်း အာရက္ခပြည်သူ့ကျန်းမာရေးဌာနက ထုတ်ပြန်သည်။
တိုင်းပြည်နှင့် လူမျိုးတို့၏ ပဏမ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ Primary Health Care Services ကို တာဝန်ထမ်းဆောင်လိုသည့်သူတိုင်း အောက်ပါအရည်အချင်းနှင့် ကိုက်ညီလျှင် လျှောက်ထားနိုင်သည်ဟု ဆိုသည်။
လျှောက်ထားသူသည် အသက် ၃၀ နှစ်အောက် ဖြစ်ရမည်ဖြစ်ပြီး အနိမ့်ဆုံး အထက်တန်း (တက္ကသိုလ်ဝင်တန်း) အောင်မြင်ပြီးသူ ဖြစ်ရမည်နှင့် ဝေးလံခက်ခဲသော ဒေသများ၌ နေထိုင်သူများအနေဖြင့်လည်း အထက်တန်းပညာသင်ကြားဖူးပါက လျှောက်ထားနိုင်ကြောင်း ဆိုသည်။
ပြစ်မှုကင်းရှင်းပြီး အကျင့်စာရိတ္တကောင်းမွန်မှုနှင့် ကျန်းမာရေးကောင်းမွန်ပြီး နေရာဒေသမရွေး ခရီးသွားရောက်နိုင်သူဖြစ်ရမည်ဟု ဖော်ပြထားသည်။
သွေးမှတစ်ဆင့် ကူးစက်သော ရောဂါရှိသူများအနေဖြင့် လျှောက်ထား၍မရကြောင်းနှင့် သင်တန်းပြီးဆုံးပါက အာရက္ခပြည်သူ့ကျန်းမာရေးဌာနမှာ ပြည်သူ့ကျန်းမာရေးကြီးကြပ် (၂) အဖြစ် တာဝန်ထမ်းဆောင်ခွင့် ရရှိမည်ဟု ဆိုသည်။
ပြီး မည်သည့်နေရာဒေသများတွင်မဆို အနည်းဆုံး ၅ နှစ် တာဝန်ထမ်းဆောင်ရမည်ဟု ဆိုသည်။
လျှောက်လွှာတွင် ပါရမည့်အချက်များမှာ နိုင်ငံသားမှတ်ပုံတင်ကတ်ပြားမိတ္တူ ၁ စောင်၊ ပါ့စ်ပို့ပုံ ၁ ပုံ၊ ပညာအရည်အချင်းဆိုင်ရာ အထောက်အထားများ၊ ပြစ်မှုကင်းရှင်းမှုနှင့် အကျင့်စာရိတ္တ ကောင်းမွန်ကြောင်း အသက်ဆိုင်ရာ ရပ်/ကျေး အုပ်ချုပ်ရေးမှူး၏ ထောက်ခံချက် ၁ စောင် ပါဝင်ရမည်ဟု ဖော်ပြထားသည်။
မှတ်ချက်အနေဖြင့် လျှောက်ထားသူသည် အထက်ပါ အရည်အချင်း၊ အချက်အလက်များနှင့် ကိုက်ညီကြောင်း လျှောက်လွှာပုံစံတွင် ရပ်ကွက်/ ကျေးရွာမှ ULA တာဝန်ခံတစ်ဦး လက်မှတ်ရေးထိုး ထောက်ခံချက်ပါရမည်ဟုလည်း ပြောထားသည်။
လျှောက်လွှာများကို ၂၀၂၅ ခုနှစ် မေလ ၅ ရက်နေ့ နောက်ဆုံးထားပြီး သက်ဆိုင်ရာ မြို့နယ်ပြည်သူ့ကျန်းမာရေးဌာနသို့ ပေးပို့လျှောက်ထားရမည်ဟု ဆိုသည်။
လူတွေ့စစ်ဆေးခြင်းအတွက် ရွေးချယ်ခံရပါက စစ်ဆေးခံရမည့် နေရက်နှင့် နေရာများကို သက်ဆိုင်ရာ အုပ်ချုပ်ရေးအဖွဲ့များမှ တစ်ဆင့် အသိပေးအကြောင်းကြားမည်ဖြစ်ကြောင်းနှင့် နောက်ဆုံးအဆင့် ရွေးချယ်ခံရပါက မိမိ၏စရိတ်များဖြင့် ၈ လကြာ သင်တန်းတက်ရောက်ရမည်ဟု ပြောသည်။
ခန့်အပ်ခံရပါက မည်သည့်နေရာဒေသများတွင်မဆို အနည်းဆုံး ၅ နှစ် တာဝန်ထမ်းဆောင်ရမည်ဟု ပြောဆိုထားသော်လည်း တာဝန်ထမ်းဆောင်စဉ် ကာလအတွင်း မည်ကဲ့သို့ ခံစားခွင့် ရရှိမည်ကို ဖော်ပြထားခြင်း မရှိပေ။
လျှောက်ထားသူများအနေဖြင့် ပြည်သူ့ကျန်းမာရေးကြီးကြပ် (၂) သင်တန်းကို ပြီးဆုံးသည်အထိ တက်ရောက်ရမည်ဖြစ်ပြီး ဝန်ထမ်းတစ်ဦးအဖြစ် တာဝန်ထမ်းဆောင်ရေးဆိုင်ရာ ခံဝန်ကတိ လက်မှတ်ကိုလည်း ရေးထိုးပေးရမည်ဟု ဆိုသည်။
ပြည်သူ့ကျန်းမာရေးကြီးကြပ် (၂) ဝန်ထမ်းများ လုပ်ကိုင်ရမည့်အလုပ်များမှာ ကူးစက်မြန်နှင့် ကူးစက်ရောဂါများ ကာကွယ်နှိမ်နင်းရေး၊ ဘေးအန္တရာယ်နှင့် အရေးပေါ်ကျန်းမာရေးအခြေအနေ စီမံခန့်ခွဲရေး၊ စီမံချက်ဝင်ရောဂါများ တိုက်ဖျက်ရေး၊ မကူးစက်နိုင်သည့်ရောဂါများ ကာကွယ်ကုသရေးတို့ ပါဝင်သည်။
ဆက်လက်ပြီး ပတ်ဝန်းကျင်နှင့် လုပ်ငန်းခွင် ကျန်းမာရေးလုပ်ငန်းများ၊ ကျန်းမာရေး အသိပညာမြှင့်တင်ရေးလုပ်ငန်းများ၊ ကျန်းမာရေးဆိုင်ရာ စာရင်းအင်း၊ အချက်အလက်များ ကောက်ခြင်း၊ ငါးနှစ်အောက်ကလေးငယ်များ ကျန်းမာဖွံ့ဖြိုးရေး၊ မျိုးဆက်ပွားကျန်းမာရေးလုပ်ငန်းများ၊ အာဟာရဖွံ့ဖြိုးရေးလုပ်ငန်းများ၊ ကျောင်းကျန်းမာရေးလုပ်ငန်းများ၊ ကာကွယ်ဆေးထိုးလုပ်ငန်းများနှင့် ကျေးလက်ကျန်းမာရေးဌာန/ဌာနခွဲများတွင် ဆေးကုရေးလုပ်ငန်းများ ပါဝင်ကြောင်း သိရသည်။