Sunday, March 1, 2026
Home » ဂွမြို့နယ်တွင် စစ်ရှောင်နှင့်ပြည်သူ ၇၉၀၀ ကျော် စားနပ်ရိက္ခာနှင့် ဆေးဝါးအကူအညီ လိုအပ်နေ

ဂွမြို့နယ်တွင် စစ်ရှောင်နှင့်ပြည်သူ ၇၉၀၀ ကျော် စားနပ်ရိက္ခာနှင့် ဆေးဝါးအကူအညီ လိုအပ်နေ

1 979

ရခိုင်ပြည် ဂွမြို့နယ်အတွင် စစ်ကောင်စီကြောင့် နေရပ်မပြန်နိုင်သေးသည့် စစ်ဘေးရှောင်များအပါအဝင် ပြည်သူ လူဦးရေ ၇၉၂၅ ဦး (အိမ်ထောင်စု ၁၉၈၄ စု) မှာ စားနပ်ရိက္ခာနှင့် ဆေးဝါးများ အကူအညီလိုအပ်နေသည်ဟု ဂွမြို့နယ် စစ်ဘေးရှောင်ကူညီရေးပူးပေါင်းအဖွဲ့မှ ယနေ့ နိုဝင်ဘာလ ၁၀ ရက်တွင် ထုတ်ပြန်ထားသည်။

ဂွမြို့နယ် စစ်ဘေးရှောင်ကူညီရေးပူးပေါင်းအဖွဲ့မှ တာဝန်ခံက “ဂွမြို့နယ်တွင် နေရပ်မပြန်နိုင်တဲ့ စစ်ရှောင်ပြည်သူတွေနဲ့ စားဝတ်နေရေး ခက်ခဲနေတဲ့ ပြည်သူတွေအတွက် စားနပ်ရိက္ခာနဲ့ ဆေးဝါးအကူအညီတွေ အရေးအပေါ်လိုအပ်လျက်ရှိတယ်။ သူတို့ရဲ့ စားရေးသောက်ရေး၊ ကျန်းမာရေးတွေကတော့ အခု လက်ရှိအထိ အခက်ခဲနေဆဲပါ” ဟု ပြောသည်။

ဂွမြို့နယ် စစ်ဘေးရှောင်ပြည်သူများအပါအဝင် ဒေသခံပြည်သူတစ်ရပ်လုံးမှာ ပင်လယ်မှီခိုပြီး ရေလုပ်ငန်းများဖြင့် သက်မွေးဝမ်းကျောင်းပြုနေရခြင်းဖြစ်ကြောင်း သိရသည်။

သို့သော် စစ်ကောင်စီ စစ်သင်္ဘောများကြောင့် ဂွမြို့နယ် ပြည်သူများမှာ ငါးဖမ်းရှာဖွေစားသောက်ရေး ပိုမိုခက်ခဲလာသည်ဟုလည်း ဂွမြို့နယ် စစ်ဘေးရှောင်ကူညီရေးပူးပေါင်းအဖွဲ့မှ တာဝန်ခံက ဆိုသည်။

စစ်ကော်မရှင်ကနေ ပင်လယ်ရေပြင်တွေမှာ နေဗီတွေ အင်အားတိုးပြီးတော့ ပြန်ပြီး ထိုးစစ်ဆင်ဖို့ ကြိုးစားနေတာမျိုးရှိတယ်။ ကျနော်တို့ ဂွမြို့နယ်က ရွေးကောက်ပွဲ မလုပ်တဲ့စာရင်းမှာ မပါဘူးပေါ့။ ရွေးကောက်ပွဲလုပ်ဖို့ ကြေညာထားတဲ့ဟာ သဘောမျိုးရှိတယ်ပေါ့။ ဆိုတော့ ဂွမြို့နယ်က ပြည်သူတွေမှာလည်း ရေလုပ်ငန်းကိုပဲ မှီခိုနေရတော့ စစ်ကောင်စီက ပင်လယ်ထဲမှာရှိတော့ ဒေသခံတွေအနေနဲ့ ငါးဖမ်းရှာဖွေစားသောက်ဖို့ တော်တော်လေးကို လက်ခဲသွားပါတယ်။ အဲလိုမျိုး ရှာတွေစားသောက်တဲ့ ပြည်သူတွေကိုလည်း လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပစ်ခတ်တာတွေရှိတယ်။ ဖမ်းဆီးတာတွေ ရှိနေတော့ ပြည်သူတွေကလည်း ငါးဖမ်းရှာဖွေဖို့ ကြောက်လန့်နေရပါတယ်” ဟု ပြောသည်။

ထို့ကြောင့် ဂွမြို့နယ်မှ နေရပ်မပြန်နိုင်သေးသော စစ်ရှောင်ပြည်သူများနှင့် စားဝတ်နေရေး ခက်ခဲနေသည့် ပြည်သူများအတွက် စားနပ်ရိက္ခာနှင့် ဆေးဝါး အကူအညီများ လှူဒါန်းပေးကြရန် ပြည်တွင်းပြည်ပ အလှူရှင်များ၊ အဖွဲ့အစည်းများအား အကူအညီတောင်းခံအပ်သည်ဟု ဂွမြို့နယ် စစ်ဘေးရှောင်ကူညီရေးပူးပေါင်းအဖွဲ့မှ ထုတ်ပြန်တောင်းဆိုထားသည်။

စစ်ဘေးရှောင်ပြည်သူများ နေရပ်မပြန်နိုင်ရသေးသည့် အကြောင်းအရင်းများမှာ စစ်ကောင်စီ၏ လေကြောင်းအန္တရာယ်နှင့် နေဗီများမှ လက်နက်ကြီး၊ လက်နက်ငယ်အန္တရာယ်များတို့မှာ ဆက်လက်ရှိနေသေး၍ စိတ်မချရသည့် အခြေအနေဖြစ်နေသောကြောင့် နေရပ်မပြန်နိုင်ခြင်းဖြစ်သည်ဟု သိရသည်။

ပုံစာ – စားနပ်ရိက္ခာနှင့် ဆေးဝါးများ အကူအညီလိုအပ်နေသော ရခိုင်ပြည် ဂွမြို့နယ်မှ စစ်ဘေးရှောင်ပြည်သူများနှင့် သေခံပြည်သူများ။ (ဓါတ်ပုံ – ဂွမြို့နယ် စစ်ဘေးရှောင်ကူညီရေးပူးပေါင်းအဖွဲ့)

နောက်ဆုံး သတင်းများရယူလိုက်ပါ