Thursday, August 28, 2025
Home » ကာစီနိုရုံများမှာ အသုံးပြုရန် မြန်မာနိုင်ငံဘက်ခြမ်းကို တရားမဝင် တပ်ဆင်ထားသော အင်တာနက် ကေဘယ်ကြိုးလိုင်း ထိုင်းရဲတပ်ဖွဲ့က စစ်ဆေး ဖြတ်တောက်

ကာစီနိုရုံများမှာ အသုံးပြုရန် မြန်မာနိုင်ငံဘက်ခြမ်းကို တရားမဝင် တပ်ဆင်ထားသော အင်တာနက် ကေဘယ်ကြိုးလိုင်း ထိုင်းရဲတပ်ဖွဲ့က စစ်ဆေး ဖြတ်တောက်

0 2

မြန်မာ-ထိုင်း နယ်စပ်တစ်ခု ဖြစ်သည့် မြ၀တီ-မဲဆောက်တွင် ထိုင်းဘက်ကနေ မြန်မာဘက်ကို မြေအောက်ကနေ တဆင့် တရားမဝင် ဆက်သွယ်ထားသည့် အင်တာနက် ကေဘယ်ကြိုးလိုင်းများကို ထိုင်းအာဏာပိုင် ပူးပေါင်းအဖွဲ့က စစ်ဆေး ဖြတ်တောက်လိုက်သည်။

အဆိုပါ ကေဘယ်ကြိုးလိုင်းများကို ဇွန် ၂၈ ရက်နေ့ မနက်ပိုင်းတွင် ထိုင်းအာဏာပိုင် ပူးပေါင်းအဖွဲ့က သွားရောက် စစ်ဆေးပြီး ဖြတ်တောက်လိုက်ကြောင်း မဲဆောက်မြို့ အခြေစိုက် ထိုင်းသတင်းဌာနများ၏ ရေးသားဖော်ပြချက်များ အရ သိရ သည်။

ထိုင်းနိုင်ငံ တာ့ပ်ခရိုင် မဲဆောက်မြို့နယ်၊ ဖိုးဖမြို့နယ်နှင့် မယ်လမတ်မြို့နယ်တို့ကနေ တဆင့် ကရင်ပြည်နယ် မြ၀တီခရိုင် မြ၀တီမြို့နယ်ဘက်ရှိ ဝမ်ယာနှင့် ရွှေကုက္ကိုမြို့သစ်တွင်ရှိသည့် ကာစီနိုလောင်းကစားရုံတို့တွင် အသုံးပြုရန် တရားမဝင် မြေအောက်လမ်းကနေ ဆက်သွယ်ထားသည့် အင်တာနက် ကေဘယ်ကြိုးလိုင်းများ ဖြစ်ကြောင်းဆိုသည်။

ထိုင်းဘက်ကနေ မြန်မာဘက်ကို တရားမဝင် တပ်ဆင်ထားသည့် အဆိုပါ မြေအောက် အင်တာနက် ကေဘယ်ကြိုးလိုင်းများ နေရာ ၅နေရာ အနက် သုံးနေရာကို တာ့က်ခရိုင် ရဲတပ်ဖွဲ့ ဦးဆောင်သည့် ပူးပေါင်းအဖွဲ့က သတင်းအရ သွားရောက် စစ်ဆေးခဲ့ခြင်း ဖြစ်သည်။

ထိုင်အာဏာပိုင်များက ဆက်စပ်ပစ္စည်းများကို သိမ်းဆည်းကာ ဖြတ်တောက်လိုက်ခြင်း ဖြစ်ကြောင်း ရဲမှူးကြီး စမ်မလစ် အေကမွန်က ဇွန် ၂၈ ရက်နေ့က MAESOT POLICE STATION တွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောဆိုသည်။

ဖြစ်စဉ်နှင့် ပတ်သက်ပြီး ပါဝင်ပတ်သက်သူများကို ထိုင်းအာဏာပိုင် ပူးပေါင်းအဖွဲ့က ဖမ်းဆီးရမိနိုင်‌ရန် တာ့ပ်ခရိုင်ရဲတပ်ဖွဲ့က ဆက်လက် စုံစမ်းစစ်ဆေးမှုများ ပြုလုပ်သွားမည် ဖြစ်ကြောင်း အထက်ပါ ထိုင်း မီဒီယာအရှေ့တွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောဆိုခဲ့သည်။

Leave a Comment

နောက်ဆုံး သတင်းများရယူလိုက်ပါ