Saturday, August 23, 2025
Home » ဘင်္ဂလားဒေ့ရှ်စီးပွားရေး တိုးတက်ရေး IMF နှင့် တာဝန်ရှိသူများဆွေးနွေး

ဘင်္ဂလားဒေ့ရှ်စီးပွားရေး တိုးတက်ရေး IMF နှင့် တာဝန်ရှိသူများဆွေးနွေး

0 3

မကြာသေးမီက ဘင်္ဂလားဒေ့ရှ်တွင် ဆူပူအုံကြွမှု ဖြစ်ပွားခဲ့သော်လည်း စီးပွားရေးမှာ ပုံမှန်အခြေအနေသို့ တဖြေးဖြေး ပြန်လှည့်လာပြီး ပိုမိုတိုးတက်ရေးအတွက် IMF နှင့် ကြားဖြတ်အစိုးရအဖွဲ့တို့ ဆွေးနွေးနေကြောင်း သိရသည်။

နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့ IMF မှ တာဝန်ရှိသူများ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ စက်တင်ဘာလ ၂၄ ရက်မှ ၃၀ ရက်အထိ သွားရောက်ခဲ့ပြီး ယူနွတ်စ် ဦးဆောင်သော ကြားဖြတ်အစိုးရအဖွဲ့မှ တာဝန်ရှိသူများဖြင့် တွေ့ဆုံခဲ့သည်။

ဆူပူအုံကြွမှုဖြစ်ပွားပြီးနောက် ကြားဖြတ်အစိုးရ တစ်ရပ်ကို အချိန်နှင့်တပြေးညီ ဖွဲ့စည်းခြင်းသည် နိုင်ငံရေးနှင့် လုံခြုံရေးအခြေအနေများကို တည်ငြိမ်စေရန် အထောက်အကူဖြစ်ပြီး စီးပွားရေး ပုံမှန်အခြေအနေသို့ တဖြေးဖြေး ပြန်လည်ရောက်ရှိသွားစေရန် အထောက်အကူပြုကြောင်း IMF က ဆိုသည်။

မကြာသေးမီက ဖြစ်ပွားခဲ့သည့် လူထုအုံကြွမှုအတွင်း အသက်ဆုံးရှုံး ဒဏ်ရာရမှုများအတွက် အလွန်ဝမ်းနည်းကြေကွဲရပြီး ယခုလို ခက်ခဲသည့်ကာလတွင် ဘင်္ဂလားဒေ့ရှ်ပြည်သူများ စည်းလုံးစွာ ရပ်တည်ခဲ့ကြကြောင်း IMF က ပြောသည်။

ဘင်္ဂလားဒေ့ရှ် စီးပွားရေး သိသိသာသာ ကျဆင်းသွားခြင်းအပေါ် ပြန်လည်ကုစားရန် ငွေကြေးအသုံး တင်းကျပ်ရန် ဆက်လက်ကြိုးစားခြင်း၊ ဦးစားပေး အဆင့်မဟုတ်သည့် နေရာမှာ အသုံးစရိတ်လျှော့ချခြင်းနှင့် အခြားမူဝါဒရေးရာကြိုးပမ်းချက်များကို IMF က ထောက်ခံကြောင်း ထုတ်ပြန်ထားသည်။

IMF သည် ခိုင်မာသော မိတ်ဖက်အဖြစ် ဆက်လက်တည်ရှိနေကာ ဘင်္ဂလားဒေ့ရှ်ပြည်သူများကို ထောက်ပံ့ကူညီရန် အပြည့်အဝ သန္နိဋ္ဌာန်ချထားကြောင်း သိရသည်။

လက်ရှိ ဆောင်ရွက်နေသော IMF က ပံ့ပိုးပေးသည့် အစီအစဉ် မူဘောင်အတွင်း ဘင်္ဂလားဒေ့ရှ်၏ ပြုပြင်ပြောင်းလဲရေး အစီအစဉ်ကို တိုးတက်လာစေရန်အတွက် အာဏာပိုင်များနှင့် နီးကပ်စွာ ဆက်လက်ဆောင်ရွက်သွားမည်ဟု သိရသည်။

Leave a Comment

နောက်ဆုံး သတင်းများရယူလိုက်ပါ