Wednesday, October 15, 2025
Home » မွတ်ဆလင်ဒုက္ခသည်များကို AA က စားနပ်ရိက္ခာထောက်ပံ့

မွတ်ဆလင်ဒုက္ခသည်များကို AA က စားနပ်ရိက္ခာထောက်ပံ့

0 4

ရခိုင်ပြည် ပေါက်တောမြို့နယ် အနောက်ရဲ IDP စခန်းက မွတ်ဆလင်ဒုက္ခသည်များကို အာရက္ခတပ်တော် AA က စားရိက္ခာထောက်ပံ့ပေးခဲ့ကြောင်း ULA/AA ၏ လူသားချင်းစာနာထောက်ပံ့ရေးရုံး HDCO က ထုတ်ပြန်ထားသည်။

ဇန်နဝါရီလ ၄ ရက်နေ့က အနောက်ရဲမွတ်ဆလင်ဒုက္ခသည်များကို ULA/AA ၏ ဒေသခံဆိုင်ရာ တာဝန်ရှိသူများက သွားရောက်တွေ့ဆုံပြီး စားနပ်ရိက္ခာများ ထောက်ပံ့ပေးခဲ့ကြောင်း HDCO က ယနေ့ ဇန်နဝါရီလ ၆ ရက်တွင် ထုတ်ပြန်ထားခြင်းဖြစ်သည်။

အနောက်ရဲဒုက္ခသည်စခန်းက စားနပ်ရိက္ခာအထောက်အပံ့ အဓိက လိုအပ်နေသော အိမ်ထောင်စု ၁၄၀ စုကို ရွေးချယ်ပြီး ကနဦး ထောက်ပံ့ပေးခဲ့ကြောင်း HDCO က ဆိုသည်။

ပေါက်တောမြို့နယ်တွင် အနောက်ရဲစခန်းအပါအဝင် မွတ်ဆလင်ဒုက္ခသည်စခန်း ၅ ခုထက်မနည်းရှိပြီး စခန်းအားလုံးမှာ စားနပ်ရိက္ခာနှင့် ဆေးဝါးကုသမှုများ အကူအညီလိုအပ်နေခြင်းဖြစ်သည်။

အဆိုပါ ထောက်ပံ့ခြင်းများကို ဆက်လက်ထောက်ပံ့ပေးခြင်းနှင့် ကျန်းမာရေးစောင့်ရှောက်မှုများကို ပုံမှန်ဆောင်ရွက်ပေးနိုင်ပါက ပြည်သူလူထုများအတွက် များစွာအထောက်အကူပြုမည်ဖြစ်သည်။

ထိုကြောင့် ပြည်သူလူထုများ လိုအပ်နေသော လိုအပ်ချက်များကို ဖြည့်ဆည်းနိုင်ရန် လူသားချင်းစာနာထောက်ပံ့ရေးအဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်တစ်ဦးချင်း စသဖြင့် ချိတ်ဆက်ဆောင်ရွက်နေကြောင်း HDCO က ထုတ်ပြန်ထားသည်။

နောက်ဆုံး သတင်းများရယူလိုက်ပါ