Wednesday, October 15, 2025
Home » မြောက်ဦးတွင် HIV ပိုးရှိ သံသယဖြင့် ရွာပြင်ထုတ်ခံထားရသည့် သားမိနှစ်ဦးကို ရွာထဲ ပြန်လည်နေထိုင်ခွင့်ပြု

မြောက်ဦးတွင် HIV ပိုးရှိ သံသယဖြင့် ရွာပြင်ထုတ်ခံထားရသည့် သားမိနှစ်ဦးကို ရွာထဲ ပြန်လည်နေထိုင်ခွင့်ပြု

1 5

ရခိုင်ပြည် မြောက်ဦးမြို့နယ် ရွာသစ်ကေကျေးရွာမှာ HIV ပိုးရောဂါရှိသည်ဟုဆိုကာ သားမိနှစ်ဦးကို ရွာပြင်သို့ ထုတ်ထားရာကနေ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့မှ ရွာထဲပြန်လည်နေထိုင်ခွင့် ပြုလိုက်ပြီဖြစ်ကြောင်း Western News က စုံစမ်း သိရသည်။

၎င်းတို့ သားမိနှစ်ဦးကို ယမန်နေ့ ဇန်နဝါရီလ ၂၆ ရက်နေ့တွင် ရွာထဲ ပြန်လည်နေထိုင်ခွင့်ပြုလုပ်ကြောင်း မြောက်ဦးမြို့ခံတစ်ဦးက ပြောသည်။

“မနေ့က ကျေးရွာအုပ်ချုပ်ရေးအဖွဲ့တွေက ရွာထဲ ပြန်နေထိုင်ခွင့်ပြုထားတယ်လို့ သိရပါတယ်။ ဘယ်လိုနေထိုင်ရတယ်။ အုပ်ချုပ်ရေးအဖွဲ့တွေက ဘယ်လို စီစဉ်ပေးထားတယ်ဆိုတာမျိုး အတိအကျမရသေးဘူး” ဟု ပြောသည်။

အဆိုပါ သားမိနှစ်ဦးမှာ HIV ပိုးရောဂါရှိမရှိ ဆေးစစ်ချက်ပြုလုပ်သွားမည်ဟု မြောက်ဦးက လူငယ်ပရဟိတတစ်ဦးဖြစ်သည့် ကိုခိုင်မင်းသျှင်က ၎င်း၏ လူမှုကွန်ရက် ဖေ့စ်ဘုတ် စာမျက်နှာတွင် ပြောကြားထားသည်။

“ရွာပြင်မှာ ထုတ်ခံထားရတဲ့ သားမိနှစ်ယောက်နဲ့ တွေ့ပြီးပါပြီ။ ဆေးစစ်ချက်တွေ တိတိကျကျမရှိ၊ သံသယစိတ်နဲ့ ရွာပြင်မှာ ထုတ်ထားကြတာဖြစ်ပါတယ်။ ဆေးစစ်ဖို့ ပိုက်ဆံမရှိလို့ ဆေးမစစ်ရပြောပါတယ်။ ဆေးစစ်ချက်ရဖို့ ကျနော်တို့ ကူးသွားမှာဖြစ်ပါတယ်” ဟု ကိုခိုင်မင်းသျှင်က ရေးသားထားသည်။

အသက် ၈ နှစ်အရွယ် ကလေးငယ်လေး ပညာဆက်လက်သင်ယူနိုင်ရေးအတွက် သွားရောက်ကူညီရခြင်းဖြစ်ကြောင်း ကိုခိုင်မင်းသျှင်က ဆက်လက်ရေးသားခဲ့သည်။

ကျေးရွာသားများမှာ သားမိနှစ်ဦးစလုံးထံ HIV ပိုးရောဂါရှိသည်ဟု ယခုအချိန်အထိ လက်ခံယုံကြည်နေကြသေးကြောင်း Western News မှ စုံစမ်းရရှိထားသည်။

Western News က ရရှိထားသည့် သားမိနှစ်ဦး၏ အနီးကပ်ဓါတ်ပုံများတွင် ခန္ဓာကိုယ်၌ အနာများဖြစ်ပွားလျှက်ရှိပြီး အရေပြားရောဂါဟု ယူဆရသော ခန္ဓာကိုယ်ယားယံခြင်းများလည်း ခံစားနေရသည်ဟု သိရသည်။

“သားမိနှစ်ဦးမှာ ခန္ဓာကိုယ်မှာ ဖြစ်နေတာက HIV ဆက်စပ်မှု မရှိလောက်ဘူးထင်တယ်။ တခြား သန့်မှုတွေမရှိတာကြောင့် ထင်တယ်။ ကလေးကိုယ်ပေါ်က အဖုတွေကလည်း အရေပြား ပြဿနာလို့ ထင်ပါတယ်။ ရေကောင်းရေသန့်က မရကြဘူးလေ။ ပတ်ဝန်းကျင်အနေအထားကလည်း လယ်ကွင်းပြင်မှာဆိုတော့ တခြားဟာတွေကြောင့်ပဲထင်ပါတယ်” ဟု မြောက်ဦးလူငယ်တစ်ဦးက ပြောသည်။

အဆိုပါ သားမိနှစ်ဦးစလုံးမှာ ကျန်းမာရေးစောင့်ရှောက်မှု အရေးတကြီး မြန်မြန်ဆန်ဆန် ကုသရန် လိုအပ်နေကြောင်း နီးစပ်သူများက ပြောဆိုကြသည်။

နောက်ဆုံး သတင်းများရယူလိုက်ပါ