Tuesday, March 3, 2026
Home » အွန်လိုင်း ငွေလိမ်ဂိုဏ်းကြောင့် နာမည်ကြီးနေသည့် BGF ခေါင်းဆောင် စောချစ်သူကို ဖမ်းဝရမ်းထုတ်ရန် ထိုင်းအစိုးရကို Justice For Myanmar တိုက်တွန်း

အွန်လိုင်း ငွေလိမ်ဂိုဏ်းကြောင့် နာမည်ကြီးနေသည့် BGF ခေါင်းဆောင် စောချစ်သူကို ဖမ်းဝရမ်းထုတ်ရန် ထိုင်းအစိုးရကို Justice For Myanmar တိုက်တွန်း

3 31

ကရင်ပြည်နယ် မြဝတီမြို့နယ် ရွှေကုက္ကိုလ်မြို့တွင် အွန်လိုင်းငွေလိမ်ဂိုဏ်း ကျားဖြန့်လုပ်ငန်းကို လက်ခံထားသည်ဟု နာမည်ကြီးနေသည့် ကရင်နယ်ခြားစောင့်တပ် BGF ခေါင်းဆောင် ဗိုလ်မှူးကြီး စောချစ်သူကို ဖမ်းဝရမ်းထုတ်ပေးရန် ထိုင်းအစိုးရအား Justice For Myanmar က တိုက်တွန်းလိုက်သည်။

တရုတ် ကျားဖြန့်လုပ်ငန်း အွန်လိုင်းငွေလိမ်ဂိုဏ်းသည် ဗိုလ်မှူးကြီး စောချစ်သူ ဦးဆောင်သော BGF တပ်အောက်တွင် ရွှေကုက္ကိုလ်မြို့၌ လုပ်ကိုင်နေသလို ၎င်းလုပ်ငန်းမှာ နိုင်ငံပေါင်းစုံက လူကုန်ကူးထားကြောင်းလည်း သိရသည်။

အမည်ရင်း စံမြင့် (ခေါ် ) ဗိုလ်မှူးကြီး စောချစ်သူကို ဖမ်းဆီးနိုင်ရေး ထိုင်းအထူးစုံစမ်းစစ်ဆေးရေးဌာန DSI က ကြိုးပမ်းနေသည့်အပေါ် ကြိုဆိုကြောင်းလည်း Justice For Myanmar က ပြောသည်။

Justice For Myanmar ၏ ပြောရေးဆိုခွင့်ရှိသူ မရတနာမောင်က “ကရင်နယ်ခြားစောင့်တပ်ဖွဲ့ ခေါင်းဆောင်တွေအပေါ် DSI က စုံစမ်းစစ်ဆေးမှုတွေလုပ်ဆောင်နေခြင်းက အပေါင်းလက္ခဏာ ဆောင်ပါတယ်။ အခုချိန်မှာ ထိုင်းအစိုးရအနေနဲ့ ဖမ်းဝရမ်းလျှောက်ထားပြီး လိုက်ပါလုပ်ဆောင်ဖို့ လိုအပ်တယ်။ ဒါက ကရင်နယ်ခြားစောင့်တပ်တွေရဲ့ ရာဇဝတ်မှုတွေမှာ ထိခိုက်နစ်နာ ခဲ့ရသူတွေအတွက် တာဝန်ခံမှုပေးနိုင်ဖို့ မဖြစ်မနေလုပ်ဆောင်ရမယ့် ခြေလှမ်းတစ်ရပ် ဖြစ်ပါတယ်” ဟု ပြောသည်။

နိုင်ငံဖြတ်ကျော် ရာဇဝတ်ဂိုဏ်းလုပ်ငန်းများအား အလျင်အမြန်နှိပ်ကွပ်ရန် ပြည်တွင်းနှင့် နိုင်ငံတကာ ဖိအားများ မြင့်တက်လာနေပြီဖြစ်ရာ ထိုင်းနိုင်ငံအနေဖြင့် ဖမ်းဝရမ်းလျှောက်ထားမှုကိုလည်း လိုက်ပါလုပ်ဆောင်ရမည်ဖြစ်ကြောင်း Justice For Myanmar က ထုတ်ပြန်သည်။

ထိုင်းနိုင်ငံသည် ဆိုက်ဘာငွေလိမ်လုပ်ငန်းခြံကြီးများ တည်ရှိရာ မြန်မာနယ်စပ်ဒေသများသို့ လျှပ်စစ်မီး၊ လောင်စာဆီနှင့် အင်တာနက်ဖြတ်တောက်မှုများကို မကြာသေးမီက လုပ်ဆောင်ထားသည်။

ပြီးခဲ့သည့် ရက်ပိုင်းအတွင်းကစ၍ ငွေလိမ်ခြံကြီးများအတွင်း ကျားဖြန့်လုပ်ငန်းမှာ ပိတ်မိနေခဲ့ကြသည့် ရာနှင့်ချီသော အလုပ်သမားများကို ထိုင်းနိုင်ငံသို့ လွှဲပြောင်းပေးအပ်ခဲ့ပြီး ထိုင်းနိုင်ငံကလည်း သက်ဆိုင်ရာနိုင်ငံအသီးသီးသို့ ပြန်လည်လွှဲပြောင်းပေးနေကြောင်း သိရသည်။

Justice For Myanmar က “စိုးရိမ် ပူပန်နေကြတဲ့ သက်ဆိုင်သူတွေအနေနဲ့ ယင်းလုပ်ငန်းတစ်ရပ်လုံးကို အပြီးတိုင် ဖျက်သိမ်းနိုင်ရေးအတွက် ဆက်လက်တွန်းအားပေးနေဆဲ ဖြစ်ပါတယ်။ အပြစ်ရှိသူတွေကို တရားစွဲဆိုခြင်းဟာ အဓိက လုပ်ဆောင်ရမည့် ခန်းကဏ္ဍဖြစ်ပြီး ယင်းအတွက် ဖမ်းဝရမ်းဟာ နောက်တစ်ဆင့် အနေနဲ့ ယခုလုပ်ဆောင်ရမည့် ခြေလှမ်းဖြစ်ပါတယ်” ဟု ပြောသည်။

ဆိုက်ဘာ ငွေလိမ်လုပ်ငန်းနယ်ပယ်တွင် ကရင်နယ်ခြားစောင့်တပ်ဖွဲ့၏ ပါဝင်ပတ်သက်မှု အတိမ်အနက်ထုထည်သည် အခြေအနေများငြိမ်သက်သွားရုံ ရေတိုလုပ်ဆောင်ပြမှုလောက်ဖြင့် ၎င်းတို့အား တရားစီရင်မှုမှ လွတ်မြောက်ခွင့်မပေးသင့်ကြောင်း ပြသနေကြောင်း Justice For Myanmar က ဆိုသည်။

၂၀၂၄ ခုနှစ် Justice For Myanmar ၏ အစီရင်ခံစာတစ်စောင်တွင် ကရင်နယ်ခြားစောင့်တပ် ခေါင်းဆောင်များနှင့် မိသားစုဝင်များအနေဖြင့် မြေထိန်းချုပ်မှု၊ အိမ်ခြံမြေလုပ်ငန်းများတွင် တိုက်ရိုက် ပိုင်ဆိုင်မှု၊ အခွန်၊ လုံခြုံရေး၊ မှောင်ခိုလုပ်ငန်း၊ လူကုန်ကူးမှုနှင့် လူသုံးကုန်ရောင်းချမှုများမှတဆင့် နိုင်ငံဖြတ်ကျော် ရာဇဝတ်လုပ်ငန်းမှ အကျိုးအမြတ်များ ရရှိနေပုံကို ဖော်ထုတ်ထားသည်။

စောချစ်သူနှင့် သားသမီးများသည် ကရင်နယ်ခြားစောင့်တပ်ကုမ္ပဏီ ၉ ခုတွင် စုပေါင်းပိုင်ဆိုင်ထားကြပြီး၊ ရာဇဝတ်လုပ်ငန်းများမှ အကျိုးအမြတ်များ ရရှိနေကြောင်းလည်း Justice For Myanmar က ပြောသည်။

Shwe Myint Thaung Yinn Industry & Manufacturing Company Limited သည် ထိုင်းနိုင်ငံပိုင် ခရိုင်လျှပ်စစ်အာဏာပိုင်အဖွဲ့ (PEA) ထံမှ စွမ်းအင်တင်သွင်းရန် စာချုပ်ချုပ်ဆိုထားပြီး မြဝတီမြို့နယ်အတွင်းရှိ ဆိုက်ဘာငွေလိမ်စင်တာများနှင့် အွန်လိုင်းကာစီနို လုပ်ငန်းများကို လျှပ်စစ်စွမ်းအင် ပေးအပ်လျက်ရှိကြောင်း သိရသည်။

ရွှေမြစ်သောင်ရင်းကုမ္ပဏီသည် PTT ထံမှ ရေနံများကိုလည်း ဝယ်ယူရောင်းချမှု လုပ်ထားပြီး ထိုင်းနိုင်ငံပိုင်လုပ်ငန်းစုကြီးမှာလည်း ရာဇဝတ်လုပ်ငန်းများတွင် ကြံရာပါ ပတ်သက်စေကြောင်း Justice For Myanmar ဆိုသည်။

မြန်မာစစ်တပ်မှာလည်း ဆိုက်ဘာငွေလိမ်လုပ်ငန်းများနှင့် လူကုန်ကူးမှုများကို အဓိကအားပေးကူညီနေသူဖြစ်ပြီး မြန်မာစစ်တပ်နှင့် ယင်း၏ ရာဇဝတ်စီးပွားဂိုဏ်းအား ဖျက်သိမ်းခြင်း မရှိသ၍ ရာဇဝတ်ဂိုဏ်းလုပ်ငန်းများကို အမြစ်ဖြတ်နိုင်မည် မဟုတ်ကြောင်း Justice For Myanmar ၏ ပြောရေးဆိုခွင့်ရှိသူ မရတနာမောင်က ထပ်မံပြောသည်။

“ထိုင်းအာဏာပိုင်တွေအနေနဲ့ ဆိုက်ဘာငွေလိမ်လုပ်ငန်းတွေ၊ လူကုန်ကူးမှုတွေရဲ့ အကြောင်းရင်းမြစ် ဖြစ်တဲ့ မြန်မာစစ်တပ်ကိစ္စကိုလည်း မဖြစ်မနေ ဖြေရှင်းဖို့ လိုပါတယ်။ မြန်မာစစ်တပ်က မြန်မာပြည်သူတွေအပေါ် သူတို့ရဲ့ အကြမ်းဖက်စစ်ဆင်ရေးကို ဆက်ပြီးကျူးလွန်ဖို့ ဘဏ္ဍာငွေ လိုအပ်နေတာ ဖြစ်ပါတယ်။ ထိုင်းနိုင်ငံအနေနဲ့ စစ်အုပ်စုကို နိုင်ငံရေးတရားဝင်မှု ဆက်လက်ပေးအပ်နေသ၍ သဘာဝဓါတ်ငွေ့ ဝယ်ယူမှုကနေတဆင့် စစ်အုပ်စုကို ဘဏ္ဍာငွေအသက်သွေးကြော ပေးအပ်နေသ၍ ဆိုက်ဘာငွေလိမ်မှု တွေနဲ့ လူကုန်ကူးမှုတွေ ဆက်ဖြစ်နေမှာ ဖြစ်ပါတယ်” ဟု ပြောသည်။

မြန်မာ့အိမ်နီးချင်းဖြစ်သည့်အပြင် အာဆီယံအဖွဲ့ဝင်ဖြစ်သည့် ထိုင်းနိုင်ငံအနေဖြင့် စစ်အုပ်စုအပေါ် ပြတ်သားသော အရေးယူဆောင်ရွက်မှု လုပ်ဆောင်ရန်၊ စစ်အုပ်စု၏ ဘဏ္ဍာငွေ၊ စစ်လက်နက်နှင့် လေယာဉ်ဆီ ရရှိနေခြင်းများကို ဖြတ်တောက်ပစ်ပြီး မြန်မာနိုင်ငံတွင်း အကျပ်အတည်းနှင့် ဆိုက်ဘာငွေလိမ်မှု ဘေးဆိုးများကို တုန့်ပြန်ဖြေရှင်းရန် ရှင်းလင်းသည့် တာဝန်ဝတ္တရားတစ်ရပ် ရှိကြောင်းလည်း Justice For Myanmar က ပြောသည်။

ထိုင်းအာဏာပိုင်များအနေဖြင့် ကရင်နယ်ခြားစောင့်တပ် မိသားစုဝင်များ၊ ၎င်းတို့၏ စစ်အုပ်စုတပ်မှူးများ၊ မြန်မာနှင့်ထိုင်းနိုင်ငံအတွင်း မိတ်ဖက်များကို ဖမ်းဝရမ်းများထုတ်ပြီး လူကုန်ကူးမှုများအပေါ် အရေးယူဆောင်ရွက်မှုများကို ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်ရန် လိုအပ်ကြောင်းလည်း Justice For Myanmar ၏ ပြောရေးဆိုခွင့်ရှိသူ မရတနာမောင်က ပြောဆိုထားသည်။

နောက်ဆုံး သတင်းများရယူလိုက်ပါ