Sunday, March 1, 2026
Home » ပြင်းထန် ဝမ်းပျက်ရောဂါကြောင့် ယာယီပိတ်ထားခဲ့ရသည့် ပလက်ဝ-မီဇိုရမ် ကုန်သွယ်ရေးလမ်း နှစ်ဖက် အာဏာပိုင်များ ပြန်ဖွင့်ပေး

ပြင်းထန် ဝမ်းပျက်ရောဂါကြောင့် ယာယီပိတ်ထားခဲ့ရသည့် ပလက်ဝ-မီဇိုရမ် ကုန်သွယ်ရေးလမ်း နှစ်ဖက် အာဏာပိုင်များ ပြန်ဖွင့်ပေး

1 2.9K

နယ်စပ်ဒေသတွင် အသက် သေဆုံးသူအထိရှိခဲ့သည့် ပြင်းထန် ဝမ်းပျက်ရောဂါကြောင့် ပလက်ဝ-မီဇိုရမ် နယ်စပ်ကုန်သွယ်ရေးလမ်းများအားလုံးကို နှစ်ဖက် အာဏာပိုင်များမှ နိုဝင်ဘာလ ၁၂ ရက်နေ့ကစ၍ ယာယီပိတ်ထားခဲ့ကြသည်။

ဝမ်းပျက်ရောဂါ ကူးစက်ပြန့်ပွားမှု လျော့နည်းလာခြင်းနှင့် မပြန့်ပွားစေရေး ထိန်းချုပ်ထားနိုင်ခြင်းတို့ကြောင့် ပလက်ဝ-မီဇိုရမ် နယ်စပ်လမ်းများအား ယမန်နေ့ကစ၍ ပြန်ဖွင့်ပေးထားပြီး အပြည့်အဝ သွားလာခွင့်ကို မနက်ဖြန် နိုဝင်ဘာလ ၂၅ ရက်တွင် ရရှိကြမည်ဟု သိရသည်။

ကုန်သည်တစ်ဦးက “အိန္ဒိယဘက်က လမ်းတွေ ဖွင့်ပေးလိုက်ပြီ။ ဒါပေမယ့် နယ်စပ်မျဉ်းတွေကိုတော့ ဖြတ်ခွင့် မပေးသေးဘူး။ ဈေးဆိုင်တွေမှာ ပစ္စည်းတွေနဲ့ ပိတ်မိနေတဲ့ ကုန်သည်တွေကို ဆင်းခွင့် ပေးလိုက်တာပေါ့။ မနက်ဖြန်မှ နယ်စပ်ဖြတ်မျဉ်းကို ဖြတ်ခွင့်ရမယ်။ AA ဘက်ကလည်း အဲဒီလိုပါပဲ။ ကျောက်တော်-ပလက်ဝ သွားလာလို့ရပြီ။ ပလက်ဝကနေ ကုန်ပစ္စည်းတွေ သွားယူရမယ့် နေရာ၊ အိန္ဒိယနယ်စပ်ကို သွားလာလို့ရပြီ။ ဟိုဖက်ဒီဖက် ဖြန်သန်းခွင့်ကတော့ မနက်ဖြန်မှ ရမယ်ဆိုပြီးတော့ သိထားပါတယ်” ဟု ပြေသည်။

မီဇိုရမ်ပြည်နယ်ရှိ လောင်တလိုင်ခရိုင်ထဲက ကျေးရွာတချို့ကို အဓိက ကုန်သွယ်ရေးနယ်မြေအဖြစ် သတ်မှတ်ပြီး ပလက်ဝဒေသက ကျေးရွာတချို့နှင့် ချိတ်ဆက်ကာ ပလက်ဝ-အိန္ဒိယ (မီဇိုရမ်) ကုန်သွယ်ရေးကို ပြုလုပ်နေကြခြင်းဖြစ်သည်။

ကုန်သွယ်ရေးလမ်းတွေက အများကြီးရှိပါတယ်။ ကုန်လမ်း၊ ရေလမ်း အမျိုးမျိုးပေါ့။ ရွာချင်းဆက် လမ်းတွေကို အသုံးပြုရတာလည်းရှိတယ်။ ရေတစ်ဝက်၊ ကုန်းတစ်ဝက်နဲ့ သွားရတာလည်းရှိတယ်။ AA ဘက်က သတ်မှတ်ထားတဲ့ ဂိတ်တွေတော့ရှိတယ်။ ကုန်ပစ္စည်းနဲ့ ဖြစ်ဖြစ်၊ တခြားလူမှုရေး၊ ကျန်းမာရေး ကိစ္စတွေပဲဖြစ်ဖြစ် သတင်းပို့ရတယ်။ ကုန်ပစ္စည်းတွေကို အခွန်ဆောင် ပြီးတော့ ရခိုင်ပြည်အနှံ့ဖြန့်ဝေ ဒီလိုမျိုးပါ” ဟု ပြောသည်။

ပလက်ဝဒေသတွင် ဖြစ်ပွားနေသည့် ဝမ်းပျက်ရောဂါမှာ အိန္ဒိယ မီဇိုရမ်ပြည်နယ် လောင်တလိုင်ခရိုင်ရှိ ကျေးရွာအချို့မှ ကူးစက်ခဲ့ပြီး ရာနှင့်ချီ ဝမ်းပျက်ရောဂါ ခံစားခဲ့ကြရသည်။

သေဆုံးသူမရှိဘဲ ဝမ်းပျက်ရောဂါအား အချိန်မီ တားဆီးနိုင်ခဲ့ကြောင်းနှင့် ဆက်လက် ကူးစက်ပြန့်ပွားမှုမရှိစေရန်လည်း ဖြစ်ပွားခဲ့သည့် ကျေးရွာများအား လော့ဒေါင်းပြုလုပ်ကာ ဆေးကုသပေးနေကြောင်းလည်း ပလက်ဝအုပ်ချုပ်ရေးအဖွဲ့နှင့် နီးစပ်သူတစ်ဦးက ပြောဆိုထားသည်။

အိန္ဒိယဘက်ခြမ်းမှာတော့ ဝမ်းပျက်ရောဂါကြောင့် နိုဝင်ဘာလ ၁၈ ရက်နေ့စာရင်းအရ သေဆုံးသူ ၉ ဦးအထိရှိခဲ့သော်လည်း လက်ရှိတွင် တတ်နိုင်သမျှ ကူးစက်ပြန့်ပွားမှုမရှိစေရန် ထိန်းချုပ်ကုသပေးလျက်ရှိကြောင်း မီဇိုရမ်ပြည်သူ့ကျန်းမာရေးဌာနမှ အသိပေးထားသည်။

ရခိုင်ပြည်ထဲက အာရက္ခတပ်တော် AA ထိန်းချုပ်ထားသော မြို့နယ်များနှင့် ပလက်ဝဒေသတို့သည် စစ်ကောင်စီက ပြည်မမြို့နှင့် အဆက်အသွယ် ပြတ်တောက်ပြီးနောက်ပိုင်း အိန္ဒိယ နယ်စပ်ကုန်သွယ်ရေးကို အားကိုးခဲ့ကြရသည်။

မြောက်ဦးကုန်သည်တစ်ဦးက “အိန္ဒိယက အကုန်လုံး ကုန်သွယ်ပါတယ်။ အဝတ်အစား၊ အခြေခံစားသောက်ကုန်၊ ဆက်သုံးဆီ၊ ဆေးဝါး၊ ဖိနပ်၊ လယ်ထွန်စက် အပိုပစ္စည်း၊ ဆိုင်ကယ် အပိုပစ္စည်း အားလုံးပါပဲ။ မကွေး ဆောဘက်ကလည်း ကုန်သွယ်တာရှိတယ်။ ဘင်္ဂလားဒေ့ရှ်ဘက်က အားကိုးမရတော့ အိန္ဒိယနဲ့ အလုပ်ဖြစ်နေတယ်လို့ ပြောလို့ရပါတယ်” ဟု ပြောသည်။

ဘင်္ဂလားဒေ့ရှ်-မောင်တော ကုန်သွယ်ရေးကို အာရက္ခတပ်တော် AA ဘက်မှ တရားဝင်စတင် ကုန်သွယ်ရေးပြုလုပ်လိုသော်လည်း ဘင်္ဂလားဒေ့ရှ်အစိုးရမှ ကန့်ကွက်နေ၍ ဘင်္ဂလားဒေ့ရှ်-ရခိုင်နယ်စပ်ကုန်သွယ်ရေးမှာ ယနေ့အချိန်အထိ ရပ်တန့်နေရခြင်းဖြစ်ကြောင်း ရခိုင်ကုန်သည်အသိုင်းအဝိုင်းထံမှ သိရသည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံသားအချို့မှ ရခိုင်ပြည် မောင်တောမြို့သို့ ဘိလပ်မြေများ၊ အခြေခံစားသောက်ကုန်များနှင့် ဆေးဝါးများ တင်သွင်းနေသည်ကိုလည်း ဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့်တပ်များမှ လိုက်လံဖမ်းဆီးနေသည်။

အိန္ဒိယနှင့် မကွေး-ချင်း ဒေသတို့မှ ကုန်ပစ္စည်းများဖြင့် AA ထိန်းချုပ်နယ်မြေများမှာ လူမှုစီးပွား လည်ပတ်နေကြသော်လည်း လမ်းပန်းဆက်သွယ်ရေး အခက်အခဲကြောင့် ခရီးကြန့်ကြာကာ ကုန်ပစ္စည်းများမှာ ဈေးကြီးနေကြောင်း သိရသည်။

အိန္ဒိယ (မီဇိုရမ်) – ပလက်ဝ ကုန်သွယ်ရေးမှာ နှစ်ဖက်အာဏာပိုင်များ တရားဝင်သဘောတူညီချက်ဖြင့် ပြုလုပ်နေခြင်းမဟုတ်ဘဲ ယခင်ကတည်းက ဆက်သွယ်သွားလာမှုရှိနေသည့်အပေါ်အခြေခံ၍ နားလည်မှုဖြင့်သာ ကုန်သွယ်ရေးပြုလုပ်နေကြခြင်းဖြစ်သည်။

ထို့ကြောင့်လည်း မီဇိုရမ်ပြည်နယ် လောင်တလိုင်ခရိုင်၏ လူငယ်အဖွဲ့အစည်းများထံ ရခိုင်နှင့် ချင်းကုန်သည်များမှာ မကြာခဏ တားဆီးဟန့်တားခံရခြင်း၊ ကုန်ပစ္စည်းများ သိမ်းဆည်းခံရခြင်း၊ ဖျက်ဆီးခံရခြင်းနှင့် လမ်းကြောင်းများ ပိတ်ပင်ခံရခြင်းတို့ ရှိနေသည်။

ကုန်ပစ္စည်းများနှင့် လမ်းပန်းဆက်သွယ်ရေး ယခုထက် ပိုမိုအဆင်ပြေစေရန် ဒေသအာဏာပိုင်အဖွဲ့ဖြစ်သည့် အာရက္ခတပ်တော် AA အနေဖြင့် ညှိနှိုင်းဆောင်ရွက်ပေးစေလိုကြောင်း ရခိုင်ကုန်သည်များက တောင်းဆိုနေကြသည်။

နောက်ဆုံး သတင်းများရယူလိုက်ပါ