Tuesday, October 14, 2025
Home » ရခိုင်မှာ ငွေထုတ်စျေး ၁၀ ရာခိုင်နှုန်းအထိ ထပ်မြင့်တက်

ရခိုင်မှာ ငွေထုတ်စျေး ၁၀ ရာခိုင်နှုန်းအထိ ထပ်မြင့်တက်

0 3

ရခိုင်ပြည် မြို့နယ်အများစုတွင် ငွေထုတ်ယူစျေးနှုန်းမှာ ၁၀ ရာခိုင်နှုန်းအထိ မြင့်တက်လျှက်ရှိကြောင်း ငွေလွှဲငွေထုတ်လုပ်သူများက ပြောသည်။

ငွေသားရှားပါးလာ၍ဟုဆိုကာ လဝက်အတွင်း ဈေးမြင့်တက်သွားခြင်းဖြစ်သည်ဟု မင်းပြားမှ ငွေလွှဲငွေထုတ်လုပ်သူတစ်ဦးက ပြောသည်။

“ငွေထုတ်ခစျေး တက်တယ်ဆိုတာကတော့ ငွေရှားလို့ပဲပေါ့လေ။ အခုက တစ်နေ့နဲ့တစ်နေ့ စျေးချင်းမတူဘူး။ ဒီနေ့ ၁၀ ရာခိုင်နှုန်းဆို နောက်တစ်နေ့ ဒီစျေးနဲ့ ရချင်မှရမယ်။ ဒီစျေးဖြစ်သွားတာကလည်း သိပ်မကြာပါဘူး။ လဝက်လောက်ပဲကြာလိုက်တယ်” ဟု ပြောသည်။

လက်ရှိ ငွေထုတ်စျေး ၁၀ ရာခိုင်နှုန်းအထိ ဖြစ်နေသည့် မြို့များမှာ မြေပုံ၊ မင်းပြား၊ ကျောက်တော်၊ မြောက်ဦး၊ ပုဏ္ဏားကျွန်း စသည့်မြို့နယ်များဖြစ်ပြီး တောင်ကုတ်၊ ကျောက်ဖြူ၊ သံတွဲဒေသတို့တွင် ၈ ရာခိုင်နှုန်းခန့် ရှိနေကြောင်း သိရသည်။

ငွေထုတ်ယူသူများပြားလာ၍ ငွေသားရှားပါးသည့်အခြေအနေတွင် ငွေလွှဲငွေထုတ်လုပ်သူများတွင် ထုတ်ပေးမည့်ငွေကြေး မရှိသည်အထိ ဖြစ်နေသည်ဟု ငွေထုတ်ယူသူများက ပြောသည်။

“ငွေလွှဲငွေထုတ်လုပ်သူ တော်တော်များများမှာ အခုငွေပြတ်နေတာ တွေ့ရတယ်။ ငွေထုတ်မယ်ဆိုရင် ထုတ်ပေးမယ့် ငွေမရှိဘူးဆိုတာ ချည်းပဲ။ ဒါကြောင့်လည်း ငွေထုတ်စျေးက ထပ်တက်လာတာပဲ။ ဒီထက် ထပ်ရှားလာရင်လည်း ဒီထက် စျေးထပ်တက်လာဖို့ပဲ ရှိတယ်” ဟုပြောသည်။

ရခိုင်တွင် ဘဏ်လုပ်ငန်းများအားလုံး ရပ်တန့်သွားပြီးနောက်ပိုင်း ငွေသားရှားပါးမှုကို စတင်ကြုံတွေ့လာကြရခြင်းဖြစ်သည်။

ငွေလွှဲငွေထုတ် ဝန်ဆောင်မှုလုပ်ငန်းများဖြစ်သည့် K pay၊ Wave pay တို့ဖြင့် ရခိုင်ဒေသတွင် ငွေကြေးလည်ပတ်နေသော်လည်း လက်ရှိတွင် ငွေကြေးပြတ်လပ်၍ ရာခိုင်နှုန်းအမြောက်မြားပေးပြီး ဒေသခံပြည်သူများမှာ လည်ပတ်နေရသည်။

နောက်ဆုံး သတင်းများရယူလိုက်ပါ