Thursday, August 28, 2025
Home » တရားမဝင် ဝင်ရောက်လာသည့် မြန်မာနိုင်ငံသား ၁၆၀ ကျော် ထိုင်းနိုင်ငံတွင် ဖမ်းဆီးမိ

တရားမဝင် ဝင်ရောက်လာသည့် မြန်မာနိုင်ငံသား ၁၆၀ ကျော် ထိုင်းနိုင်ငံတွင် ဖမ်းဆီးမိ

0 3

ထိုင်းနိုင်ငံသို့ တရားမဝင် လမ်းကြောင်းမှ ဝင်ရောက်လာသည့် မြန်မာနိုင်ငံသား ၁၆၀ ကျော်အားယခုတစ်ပတ်အတွင်းတွင် ဖမ်းဆီး ရရှိခဲ့ကြောင်း ထိုင်းနိုင်ငံအခြေစိုက် သတင်းဌာနများတွင် ဖော်ပြထားသည်။

အဆိုပါ တရားမဝင် ဝင်ရောက်လာသူများထဲမှ ၈၄ဦးသည် ဇူလိုင်လ ၂၃ ရက်နေ့ ထိုင်းနိုင်ငံ ကန်ချနဘူရီခရိုင်၊ နောင်တချို ကျေးရွာတွင် ဖမ်းဆီးခံရရှိခြင်းဖြစ်ပြီး ယင်းအထဲတွင် အမျိုးသား ၇၃ ဦး၊ အမျိုးသမီး ၉ ဦးနှင့် ကလေး ၂ ဦးတို့ ပါဝင်သည်။

ထိုင်းနိုင်ငံအတွင်း တရားမဝင် ဝင်ရောက်လာသော မြန်မာနိုင်ငံသား ၈၄ ဦးသည် မလေးရှားနိုင်ငံသို့ သွားရောက် အလုပ်လုပ်ရန် တစ်ဦးလျှင် ထိုင်းဘတ်ငွေ ၅သောင်းမှ ၆သောင်းအကြား ပေးခဲ့ရကြောင်း သတင်းများတွင် ဖော်ပြသည်။

၎င်းတို့မှာ ထိုင်းနိုင်ငံ၊ တာ့ခရိုင် မဲဆောက်မြို့မှ တစ်ဆင့် မီနိဘတ်စ် ၃ စီးဖြင့် ဝင်ရောက်လာခဲ့ခြင်းဖြစ်ပြီး ကန်ချနဘူရီခရိုင်၊ နောင်တချို ကျေးရွာ နေအိမ်တစ်လုံးတွင် ရှိနေစဉ် တိုင်ကြားခံရမှုကြောင့် ဖမ်းဆီးခံရခြင်း ဖြစ်သည်။

ထိုအပြင် ပြီးခဲ့သည့် ဇူလိုင်လ ၁၈ ရက်နေ့ကလည်း ထိုင်းနိုင်ငံ ကန်ချနဘူရီခရိုင် ထောဖာဖူမြို့နယ်ရှိ ဗန်ဂျီရာလောင်ကွန်း ဆည်အနီး လှိုဏ်ဂူအတွင်း မြန်မာနိုင်ငံသား ၈၃ ဦးကို ထိုင်းအာဏာပိုင်များက ဖမ်းဆီးရရှိခဲ့သည်။

ထောဖာဖူမြို့နယ်ရှိ ဗန်ဂျီရာလောင်ကွန်း ဆည်အနီး လှိုဏ်ဂူအတွင်း ပုန်းအောင်းနေသည့် မြန်မာနိုင်ငံသားများအတွက် အစားအသောက်များ ပို့ဆောင်နေမှုကို ထိုင်းအာဏာပိုင်များက မသင်္ကာ၍ ခြေရာခံရာမှ ဖမ်းဆီးရရှိခြင်းဖြစ်သည်။

Leave a Comment

နောက်ဆုံး သတင်းများရယူလိုက်ပါ