ရခိုင်ပြည် မင်းပြားမြို့ ပြည်တော်လှရပ်ကွက်ရှိ ရာစုသစ်ဘော်ဒါဆောင် စာသင်ကျောင်းတွင် ကျောင်းသား ၁ ဦး မီးလောင်သေဆုံးမှုဖြစ်ရပ်အား ULA/AA က မင်းပြားရဲစခန်းမှူးအား အပြောင်းအလဲလုပ်ကာ စုံစမ်းစစ်ဆေးနေကြောင်း သိရသည်။
ရာစုသစ်ဘော်ဒါဆောင်တွင် ၁၂ တန်း တက်ရောက်နေသော မင်းပြားမြို့နယ် ကျွဲချို (ကျွဲဂို) ကျေးရွာမှ အသက် ၁၈ နှစ်အရွယ် မောင်ငြိမ်းထက်ကျော်မှာ ၂၀၂၅ ခုနှစ် ဇူလိုင်လ ၂၆ ရက်ညက ခန္ဓာကိုယ်တစ်ခုလုံး မီးလောင်ပြီး မင်းပြားဆေးရုံ၌ သေဆုံးခဲ့သည်။
ခြင်ထောင်တစ်လုံးတည်းတွင် ကျောင်းသားနှစ်ဦး အတူအိပ်နေသော်လည်း မောင်ငြိမ်းထက်ကျော် တစ်ဦးတည်းပဲ မီးလောင်သွားခြင်း၊ ဘော်ဒါဆောင်ပိုင်ရှင်များမှ မီးလောင်ရာပါပစ္စည်း သက်သေခံပစ္စည်းများအား ဖျောက်ပစ်ခြင်းနှင့် မောင်ငြိမ်းထက်ကျော်အား ဆေးရုံသို့ နောက်ကျမှ ပို့ဆောင်ခြင်းတို့ကြောင့် မိသားစုဝင်များမှာ မီးရှို့သတ်ဖြတ်ခံရသည်ဟု သံသယရှိနေကြခြင်းဖြစ်သည်။
အမှုမှန်ပေါ်ပေါက်ရေးအတွက် မောင်ငြိမ်းထက်ကျော်၏ မိသားစုဝင်များမှာ ULA/AA ၏ မင်းပြားရဲစခန်းနှင့် မြောက်ဦးခရိုင် ရဲမှူးကြီးထံ ယင်းအချိန်ကတည်းက တိုင်ကြားခဲ့သော်လည်း အမှုမှန်ပေါ်ပေါက်လာခြင်းမရှိခဲ့ပေ။
မိသားစုဝင်များမှ အမှုမှန်ပေါ်ပေါက်ရေးအတွက် ဆက်လက်တိုင်ကြားမှုကြောင့် လက်ရှိတွင် UL/AA သည် မင်းပြားရဲစခန်းမှူးအား အပြောင်းအလဲလုပ်ကာ မီးလောင်မှုဖြစ်စဉ်အမှန်ကို စုံစမ်းစစ်ဆေးနေကြောင်း သိရသည်။
မောင်ငြိမ်းထက်ကျော်၏ ဦးလေးဖြစ်သူက “ပြီးခဲ့တဲ့ သုံးပတ်လောက်က တပ်တော်ဟာ မင်းပြားရဲစခန်းမှူးကို အပြောင်းအလဲလုပ်ပြီး မီးလောင်မှုဖြစ်စဉ်အမှန်ကို စုံစမ်းစစ်ဆေးနေတယ်လို့ ပြောတယ်။ ဒါပေမယ့် အမှုမှန်ကတော့ ထူးခြားမှုမရှိသေးဘူး။ စောင့်ကြည့်ရမယ့် အနေအထားမှာရှိနေပါတယ်။ ကျနော်တို့ကတော့ အမှုမှန်ပေါ်ပေါက်စေချင်တာပါ။ မီးဘယ်လို လောင်သွားတာလဲ။ သက်သေခံပစ္စည်းတွေကို ဘာကြောင့် ဖျောက်ပစ်ရတာလဲ။ ဖြစ်နိုင်ရင် ကျနော်တို့က ဘော်ဒါဆောင်ပိုင်ရှင်တွေကို သက်သေခံပစ္စည်း ဖျောက်ပစ်မှုနဲ့ အရင်ဆုံး အရေးယူပေးစေချင်ပါတယ်” ဟု ပြောသည်။
ရာစုသစ်ဘော်ဒါဆောင်ပိုင်ရှင်မှာ ဦးလှမင်းနှင့် ဒေါ်ခင်သီတာလင်းတို့ဖြစ်ပြီး မီးလောင်ရာပါ သက်သေခံပစ္စည်းများဖြစ်သည့် ခေါင်းအုံး၊ စောင်၊ အိပ်ရာခင်း (ဖျာ)၊ ခြင်ထောင်နှင့် ကျောင်းလွယ်တို့ကို မြောင်းထဲလွှင့်ပစ် ဖျောက်ပစ်ခဲ့ကြသည်။
အဆိုပါ သက်သေခံပစ္စည်းများအား ဖျောက်ပစ်ပြီး မီးလောင်အခန်းအား ရေဖြင့် ဆေးကြောပြီးမှ မီးလောင်ဒဏ်ရာ ရရှိထားသော မောင်ငြိမ်းထက်ကျော်အား ဆေးရုံသို့ ပို့ဆောင်ပေးခဲ့သည်ဟု မျက်မြင် အခြားသော ကျောင်းသားများက Western News ကို ပြောဆိုထားကြသည်။
အမည်မဖော်လိုသည့် ရှေ့နေတစ်ဦးက မိသားစုနှင့် ပြည်သူဘက်မှ သံသယစိတ် မကြီးထွားလာစေရန် သက်ဆိုင်ရာ တာဝန်ရှိသူများအနေဖြင့် အမှုမှန် အမြန်ဆုံးဖော်ထုတ်ရန် လိုအပ်ကြောင်း တိုက်တွန်းပြောဆိုထားသည်။
“အမှုအခင်းဖြစ်စဉ်တစ်ခုကို စုံစမ်းဖော်ထုတ်ရမှာ သင့်လျော်တဲ့အချိန်တစ်ခုကို ပေးရတာမှန်ပါတယ်။ ဒါပေမဲ့ အဲဒီလိုစုံစမ်းဖော်ထုတ်မှုက မြန်ဆန်သလား၊ ကြန့်ကြာသလားဆိုတာကို ကြည့်ခြင်းအားဖြင့် အာဏာပိုင်တွေရဲ့ အရည်အသွေး ကို အကြမ်းအဖျင်းတိုင်းတာနိုင်ပါတယ်။ ဆိုလိုတာက အရည်အသွေးရှိတဲ့ စုံစမ်းဖော်ထုတ်မှုတွေက မြန်ဆန်ပါတယ်။ အခုက နိုင်ငံနဲ့ချီတဲ့မှုခင်းလည်းမဟုတ်၊ ကမ္ဘာနဲ့ချီတဲ့မှုခင်းလည်းမဟုတ်ဘဲ သာမန်ရာဇဝတ်မှုဖြစ်ရပ်တစ်ခုအပေါ်မှာ စုံစမ်းဖော်ထုတ်မှုတွေ ကြန့်ကြာနေတာဟာ အာဏာပိုင်တွေရဲ့ အရည်အသွေးအားနည်းမှုကို ပေါ်လွင်စေပါတယ်။ တစ်ဖက်မှာ အမှုအခင်းဖြစ်စဉ်တစ်ခုကို စုံစမ်းစစ်ဆေးမှုကာလ ကြာမြင့်လာလေလေ ပြည်သူတွေဘက်က သံသယ စိတ်တွေ ကြီးထွားလာလေပါပဲ။ ဒါကြောင့် လူအများစိတ်ဝင်စားတဲ့ အခုလိုအမှုအခင်းမျိုးတွေ မှာ နောက်ဆုံးအခြေအနေတွေကို အာဏာပိုင်တွေက တရားဝင်ထုတ်ပြန်ကြေညာပေးသင့်ပါတယ်။ ဒါမှ ပွင့်လင်းမြင်သာတဲ့စုံစမ်းမှုမျိုးဖြစ်လာမှာပါ” ဟု ပြောသည်။
ရာစုသစ်ဘော်ဒါဆောင် ပိုင်ရှင် ဦးလှမင်းနှင့် ဒေါ်ခင်သီတာလင်းတို့အား Western News မှ ဆက်သွယ်ရန် ကြိုးစားခဲ့သော်လည်း ဆက်သွယ်မရရှိ၍ ၎င်းတို့၏ တုန့်ပြန်ချက်များအား ရယူနိုင်ခြင်းမရှိသေးပေ။
အမှုမှန်ပေါ်ပေါက်ရေး စုံစမ်းနေသော ULA/AA တို့ကို ဆက်သွယ်သော်လည်း ပြောခွင့်ရ ဦးခိုင်သုခက Western News အား အင်တာဗျူး ဖြေဆိုခွင့် ပိတ်ပင်ထားသည်။
