Monday, March 2, 2026
Home » မင်းပြားကျောင်းသား မီးလောင်သေဆုံး အမှုတွင် သေမှုသေခင်းကနေ လူသတ်မှုသို့ ပြောင်းလဲအမှုဖွင့်ပြီး AA ရဲက စစ်ဆေးနေ

မင်းပြားကျောင်းသား မီးလောင်သေဆုံး အမှုတွင် သေမှုသေခင်းကနေ လူသတ်မှုသို့ ပြောင်းလဲအမှုဖွင့်ပြီး AA ရဲက စစ်ဆေးနေ

0 53.1K

ရခိုင်ပြည် မင်းပြားမြို့ ပြည်တော်လှရပ်ကွက်ရှိ ရာစုသစ်ဘော်ဒါဆောင် စာသင်ကျောင်းတွင် ၁၂ တန်း ကျောင်းသားတစ်ဦး မီးလောင်သေဆုံးမှုကို အာရက္ခတပ်တော် မင်းပြားရဲစခန်းက သေမှုသေခင်းဖြင့် အမှုဖွင့်ထားရာကနေ ယခု လူသတ်မှုအဖြစ်သို့ ပြောင်းလဲ အမှုဖွင့်ပြီး ဆက်လက် စုံစမ်း စစ်ဆေးနေကြောင်း သိရသည်။

ရာစုသစ်ဘော်ဒါဆောင်တွင် ၂၀၂၅ ခုနှစ် ဇူလိုင်လ ၂၆ ရက်နေ့ ညက ၁၂ တန်း တက်ရောက်နေသော မင်းပြားမြို့နယ် ကျွဲချို (ကျွဲဂို) ကျေးရွာမှ မောင်ငြိမ်းထက်ကျော်မှာ အိပ်နေစဉ် မီးလောင် သေဆုံးသွားခြင်းဖြစ်သည်။

မောင်ငြိမ်းထက်ကျော်၏ အဖိုးဖြစ်သူ ဦးမောင်သန်းတင်က မီးရှို့သတ်ဖြတ်ခံရသည့် သံသယဖြင့် မင်းပြားရဲစခန်းတွင် တောင်းဆိုပြီးနောက် AA ရဲတပ်ဖွဲ့က လူသတ်မှုအဖြစ် ပြောင်းလဲ စုံစမ်း စစ်ဆေးနေခြင်းဖြစ်သည်။

“မင်းပြားရဲစခန်းက နယ်ထိန်ရဲတစ်ယောက်ကို မေးကြည့်တာ သေမှုသေခင်းနဲ့ ပထမ အမှုဖွင့်ထားတာကို အခု လူသတ်မှုအဖြစ် ပြောင်းလဲဖွင့်ထားတယ်လို့ ပြောတယ်။ ထူးခြားမှုရှိနေတယ်လို့ ပြောတယ်။ ဘယ်လို ထူးခြားနေတာကိုလည်း အသေးစိတ်ကိုတော့ မပြောသေးဘူး။ သံသယ တရားခံရှိနေပြီလို့ ဆိုလိုတာလား ဆိုတာ မသိရသေးဘူး” ဟု ဦးမောင်သန်းတင်က ပြောသည်။

မောင်ငြိမ်းထက်ကျော်မှာ အတန်းဖော် ကျောင်းသားတစ်ဦးနှင့်အတူ ခြင်ထောင်တစ်လုံးတည်းတွင် အိပ်နေစဉ် တစ်ကိုယ်လုံးမီးလောင်ဒဏ်ရာ ရရှိကာ မင်းပြားဆေးရုံ၌ သေဆုံးသွားခြင်းဖြစ်သည်။

သို့သော်လည်း မောင်ငြိမ်းထက်ကျော်က မီးလောင်ပြီး အတူအိပ်နေသော အတန်းဖော်က မီးလောင်ခြင်းမရှိသည့်အတွက် ဦးမောင်သန်းတင်က ရိုးရိုးမီးလောင်သေဆုံးခြင်းမဟုတ်ဘဲ မီးရှို့အသတ်ခံရသည်ဟု သံသယရှိနေခြင်းဖြစ်သည်။

ယင်းအပြင် ဘော်ဒါဆောင်ပိုင်ရှင် ဦးလှမင်းနှင့် ဒေါ်ခင်သီတာလင်းတို့ကလည်း မီးလောင်ရာပါ သက်သေခံပစ္စည်းများဖြစ်သည့် ခေါင်းအုံး၊ စောင်၊ အိပ်ရာခင်း (ဖျာ)၊ ခြင်ထောင်နှင့် ကျောင်းလွယ်တို့ကို မြောင်းထဲလွှင့်ပစ် ဖျောက်ပစ်ခဲ့ကြ၍ မောင်ငြိမ်းထက်ကျော်၏ မိသားစုဝင်များမှ မီးရှို့သတ်ဖြတ်ခြင်းဟု သံသယ ဝင်နေကြခြင်းဖြစ်သည်။

အမှုမှန်ပေါ်ပေါက်ရေးအတွက် ၂၀၂၅ ခုနှစ် ဇူလိုင်လကတည်းကနေ မောင်ငြိမ်းထက်ကျော်၏ မိသားစုဝင်များမှ တောင်းဆိုခဲ့ကြသော်လည်း ယနေ့အချိန်အထိ အမှုမှန်ပေါ်ပေါက်ခြင်း မရှိသေးပေ။

“အမှုမှန်ကတော့ မပေါ်သေးဘူး။ ဘယ်သူက မီးရှို့သတ်ဖြတ်တာလဲ။ သက်သေခံပစ္စည်းတွေကို ဘော်ဒါဆောင်ဖက်က ဘာကြောင့် ဖျောက်ပစ်ခဲ့တာလဲ။ တရားခံက ဘယ်သူလဲ။ မေးခွန်းတွေက အများကြီးပါ။ ဒီလပ်အနေနဲ့ အမှုမှန်ပေါ်ပေါက်ဖို့ အမြန်ဆုံး ဖော်ထုတ်ပေးစေချင်ပါတယ်။ ဦးလှမင်းနဲ့ ဒေါ်ခင်သီတာလင်းတို့ကိုလည်း သက်သေခံပစ္စည်းတွေ ဖျောက်ပစ်မှုနဲ့ အရေးယူပေးစေချင်ပါတယ်။ ဒါမှလည်း အမှုမှန်ကပေါ်ပေါက်လာမှာပါ” ဟု ပြောသည်။

ဘော်ဒါဆောင်ပိုင်ရှင် ဦးလှမင်းနှင့် ဒေါ်ခင်သီတာလင်းတို့ လွှတ်ပစ်ခဲ့သော မီးလောင်ရာပါ သက်သေခံပစ္စည်းများကို လမ်းဘေးမြောင်းတစ်ခုမှ AA ရဲတပ်ဖွဲ့မှ ပြန်လည်ရှာတွေ့ခဲ့သော်လည်း ကြည့်ရုံသာ ကြည့်ပြီး ပြန်လွှင့်ပစ်လိုက်ကြောင်းလည်း မောင်ငြိမ်းထက်ကျော်၏ အဖိုးဖြစ်သူ ဦးမောင်သန်းတင်က ပြောသည်။

“ဘော်ဒါဆောင်ဖက်က ဖျောက်ပစ်ခဲ့တဲ့ ခေါင်းအုံး၊ စောင်၊ ခြင်ထောင်၊ ဖျာ၊ ကျောင်းလွယ်အိတ်၊ စာအုပ်တွေကို ဒီလပ်က ပြန်ရှာတွေ့ခဲ့ပါတယ်။ ဒါပေမယ့် ကြည့်ရုံသာ ကြည့်ပြီးတော့ အမှိုက်ကားနဲ့ ထည့်ပေးလိုက်တယ်။ ဒါကို ကျနော်ကတောင် နယ်ထိန်းရဲကို ပြောသေးတယ်။ ဒါဆို မင်းတို့ရဲတပ်ဖွဲ့ကလည်း သက်သေခံပစ္စည်းတွေကို ဖျောက်ပစ်မှုနဲ့ အရေးယူရမယ်။ ဘာကြောင့် သက်သေခံပစ္စည်းတွေကို အမှိုက်ကားနဲ့ထည့်လိုက်ပြီး လွှင့်ခဲ့ကြတာလဲပေါ့။ တော်တော် စိတ်ဆင်းရဲဖို့ ကောင်းပါတယ်” ဟု ပြောသည်။

လက်ရှိ မင်းပြားရဲလက်ထဲတွင် မောင်ငြိမ်းထက်ကျော် မီးလောင်နေရာမှ တွေ့ရှိရသော ဂတ်စ်အသုံးပြု မီးခြစ်တစ်လုံး၊ ဓာတ်ဆီနံ့ရသည့် ရေသန့်ဗူးခွံတစ်လုံးနှင့် ဓာတ်ဆီနံ့ရသည့် ပုဆိုးတစ်ထည်တို့သာ ရှိတော့ကြောင်း ဦးမောင်သန်းတင်က ဆိုသည်။

အမည်မဖော်လိုသည့် ရှေ့နေတစ်ဦးက “အမှုအခင်းဖြစ်စဉ်တစ်ခုကို စုံစမ်းဖော်ထုတ်ရမှာ သင့်လျော်တဲ့အချိန်တစ်ခုကို ပေးရတာမှန်ပါတယ်။ ဒါပေမဲ့ အဲဒီလိုစုံစမ်းဖော်ထုတ်မှုက မြန်ဆန်သလား၊ ကြန့်ကြာသလားဆိုတာကို ကြည့်ခြင်းအားဖြင့် အာဏာပိုင်တွေရဲ့ အရည်အသွေးကို အကြမ်းအဖျင်းတိုင်းတာနိုင်ပါတယ်။ ဆိုလိုတာက အရည်အသွေးရှိတဲ့ စုံစမ်းဖော်ထုတ်မှုတွေက မြန်ဆန်ပါတယ်။ အခုက နိုင်ငံနဲ့ချီတဲ့မှုခင်းလည်းမဟုတ်၊ ကမ္ဘာနဲ့ချီတဲ့မှုခင်းလည်းမဟုတ်ဘဲ သာမန်ရာဇဝတ်မှုဖြစ်ရပ်တစ်ခုအပေါ်မှာ စုံစမ်းဖော်ထုတ်မှုတွေ ကြန့်ကြာနေတာဟာ အာဏာပိုင်တွေရဲ့ အရည်အသွေးအားနည်းမှုကို ပေါ်လွင်စေပါတယ်။ တစ်ဖက်မှာ အမှုအခင်းဖြစ်စဉ်တစ်ခုကို စုံစမ်းစစ်ဆေးမှုကာလ ကြာမြင့်လာလေလေ ပြည်သူတွေဘက်က သံသယ စိတ်တွေ ကြီးထွားလာလေပါပဲ။ ဒါကြောင့် လူအများစိတ်ဝင်စားတဲ့ အခုလိုအမှုအခင်းမျိုးတွေ မှာ နောက်ဆုံးအခြေအနေတွေကို အာဏာပိုင်တွေက တရားဝင်ထုတ်ပြန်ကြေညာပေးသင့်ပါတယ်။ ဒါမှ ပွင့်လင်းမြင်သာတဲ့စုံစမ်းမှုမျိုးဖြစ်လာမှာပါ” ဟု ပြောသည်။

ရာစုသစ်ဘော်ဒါဆောင် ပိုင်ရှင် ဦးလှမင်းနှင့် ဒေါ်ခင်သီတာလင်းတို့အား Western News မှ ဆက်သွယ်ရန် ကြိုးစားခဲ့သော်လည်း ဆက်သွယ်မှုမရရှိသေးပေ။

အမှုမှန်ပေါ်ပေါက်ရေး စုံစမ်းနေသော ULA/AA တို့ကို ဆက်သွယ်သော်လည်း ပြောခွင့်ရ ဦးခိုင်သုခက Western News အား အင်တာဗျူး ဖြေဆိုခွင့် ပိတ်ပင်ထားသည်။

နောက်ဆုံး သတင်းများရယူလိုက်ပါ