Monday, March 2, 2026
Home » အရပ်သားတစ်ဦးကို သတ်ဖြတ်မှုဖြင့် ULA အုပ်ချုပ်ရေးအဖွဲ့ဝင် ၂ ဦး ထောင်ဒဏ် ၁၀ နှစ်စီ ချမှတ်ခံရပြီး ကျေးရွာအုပ်ချုပ်ရေးမှူး လွတ်မြောက်နေ

အရပ်သားတစ်ဦးကို သတ်ဖြတ်မှုဖြင့် ULA အုပ်ချုပ်ရေးအဖွဲ့ဝင် ၂ ဦး ထောင်ဒဏ် ၁၀ နှစ်စီ ချမှတ်ခံရပြီး ကျေးရွာအုပ်ချုပ်ရေးမှူး လွတ်မြောက်နေ

0 167.6K

လူသတ်မှုဖြင့် တရားရင်ဆိုင်နေရသော ULA အုပ်ချုပ်ရေးအဖွဲ့ဝင် ၃ ဦးကို ULA/AA တရားရုံးက နှစ်ဦးကို ထောင်ဒဏ် ၁၀ နှစ်စီ ချမှတ်ခဲ့သော်လည်း ကျေးရွာအုပ်ချုပ်ရေးမှူးကို တရားရုံးက လွှတ်ပေးလိုက်ကြောင်း သိရသည်။

ရခိုင်ပြည်၊ ပေါက်တောမြို့နယ် ဂန်းကျားကျေးရွာတွင် အရပ်သားအမျိုးသား ၁ ဦးကို သတ်ဖြတ်မှုဖြင့် ကျေးရွာအုပ်ချုပ်ရေးမှူး အပါအဝင် အုပ်ချုပ်ရေးအဖွဲ့ဝင် ၃ ဦးမှာ ၂၀၂၄ ခုနှစ် မေလကစ၍ တရားရင်ဆိုင်နေရခြင်းဖြစ်သည်။

၂၀၂၄ ခုနှစ် မေလ ၄ ရက် နံနက် အစောပိုင်း (မနက်အရုဏ်) ၄ နာရီနှင့် ၅ နာရီခွဲကြားတွင် ဂန်းကျားကျေးရွာအုပ်ချုပ်ရေးမှူး နေအိမ်တွင် ခြောက်ပေါက် (ထိပ်တုံးခတ်) ၌ ချုပ်နှောင်ခံထားရသော အရပ်သား ဦးသိန်းထွန်းလှိုင်မှာ အသတ်ခံရ၍ သေဆုံးသွားသည်။

ဖြစ်စဉ်မှာ ဦးသိန်းထွန်းလှိုင်သည် ၂၀၂၄ ခုနှစ် မေလ ၃ ရက်နေ့ ည ၇ နာရီအချိန်ခန့်တွင် မိန်းမဖြစ်သူနှင့် စကားများရန်ဖြစ်ရာမှ ဆဲဆိုမှုများ ပြုလုပ်ခဲ့၍ ကျေးရွာအုပ်ချုပ်ရေးမှူး ဦးကျော်သန်း၊ ဆယ်အိမ်မှူးများဖြစ်သော ဦးသန်းထွန်းအောင်နှင့် ဦးထွန်းအေးငွေတို့က ဦးသိန်းထွန်းလှိုင်ကို ရပ်ရွာဆူပူသောင်းကျန်းမှုဖြင့် ဖမ်းဆီးကာ ထိပ်တုံးခတ် ချုပ်နှောင်ခဲ့သည်။

“မေလ ၃ ရက်နေ့ညက ဦးသိန်းထွန်းလှိုင်က မိန်းမဖြစ်သူနဲ့ ရန်ဖြစ်ပြီး ဆဲဆိုမှု ပြုလုပ်ခဲ့တယ်။ အဲဒါကို ဆယ်အိမ်မှူးဖြစ်တဲ့ ဦးသန်းထွန်းအောင်က ရပ်ရွာ ဆူပူမှုလုပ်တယ်ဆိုပြီး အုပ်ချုပ်ရေးမှူးကို သွားတိုင်တယ်။ ဦးသိန်းထွန်းလှိုင်က ဘာကြောင့် တိုင်ရမှာလဲ ဆိုပြီး ဦးသန်းထွန်းအောင်နောက်က လိုက်သွားတဲ့အချိန်မှာ ဖမ်းဆီးခံရပြီး ခြောက်ပေါက်ထည့်ခံရတယ်။ မနက်အာရုဏ်ကျတော့ မေလ ၄ ရက်နေ့ပေါ့လေ။ အသက်မရှိတော့ဘူး။ အသတ်ခံရလို့ သေသွားတယ်” ဟု ဦးသိန်းထွန်းလှိုင်၏ မိသားစုဝင်တစ်ဦးက ပြောသည်။

အသတ်ခံရ၍ သေဆုံးသွားသော ဦးသိန်းထွန်းလှိုင်၏ ရုပ်အလောင်းကို ဖျောက်ပစ်ရန် ကျေးရွာအုပ်ချုပ်ရေးမှူး ဦးကျော်သန်း၊ ဆယ်အိမ်မှူးဖြစ်သော ဦးသန်းထွန်းအောင်နှင့် ဦးထွန်းအေးငွေတို့က ကြိုးပမ်းခဲ့ကြသည်ဟု ဦးသိန်းထွန်းလှိုင်၏ မိသားစုဝင်တစ်ဦးက ဆက်လက် ပြောသည်။

“ဦးသိန်းထွန်းလှိုင်က ခြောက်ပေါက်ထဲမှာ ရှိနေချိန်မှာ နှိက်စက်ခံပြီး သေဆုံးသွားတာပါ။ အသတ်ခံလိုက်ရတာ။ လည်ပင်း၊ ကျောအနှံ့နဲ့ ခန္ဓာကိုယ်တစ်ခုလုံးမှာ ဒဏ်ရာတွေ အများကြီးပဲ။ ရိုက်နှက်ဒဏ်ရာတွေ အများကြီးပဲ။ ရိုက်နှက်ဖန်များတော့ အတွင်းကလီစာတွေ ပျက်စီးပြီး သေသွားရတာဖြစ်တယ်။ ရွာအုပ်ချုပ်ရေးမှူး ဦးကျော်သန်း၊ ဆယ်အိမ်မှူး ဦးသန်းထွန်းအောင်နဲ့ ဦးထွန်းအေးငွေတို့က အလောင်းကို စက်လှေနဲ့တင်ပြီး ဖျောက်ပစ်ဖို့ ကြိုးပမ်းကြတယ်။ ရွာက လူတွေ မြင်သွားလို့ အလောင်းမဖျောက်လိုက်ရဘူး။ ဒါကို ကျနော်တို့က လူသတ်မှုနဲ့ တရားစွဲတယ်” ဟု ပြောသည်။

ဂန်းကျားကျေးရွာ အုပ်ချုပ်ရေးမှူး ဦးကျော်သန်း၊ ဆယ်အိမ်မှူးဖြစ်သည့် ဦးသန်းထွန်းအောင်နှင့် ဦးထွန်းအေးငွေတို့မှာ လူသတ်မှု၊ အလောင်းဖျောက်ပစ်ရန် ကြိုးပမ်းမှုဖြင့် တရားစွဲဆိုခံရပြီး တစ်နှစ်နီးပါး တရားရင်ဆိုင်ရပြီးနောက် ULA မင်းပြားခရိုင်တရားရုံးက ဦးသန်းထွန်းအောင်နှင့် ဦးထွန်းအေးငွေတို့ကို ထောင်ဒဏ် ၁၀ နှစ်စီ ချမှတ်ပြီး ကျေးရွာအုပ်ချုပ်ရေးမှူး ဦးကျော်သန်းကို လွှတ်ပေးလိုက်သည်။

မိသားစုဝင်ဝင်တစ်ဦးက “ပထမ ဒီအမှုကို စစ်ဆေးတာက ပေါက်တောမြို့နယ် နယ်မြေတရားရုံးမှာပါ။ တစ်နှစ်နီးပါးလောက် စစ်ဆေးပြီးတဲ့အခါ မင်းပြားခရိုင်တရားရုံးသို့ လွှဲအပ်လိုက်ပါတယ်။ အခု အမိန့်ချတာက မင်းပြားခရိုင်တရားရုံးက ဖြစ်ပါတယ်။ ၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၃၁ ရက်နေ့မှာ အမိန့်ချလိုက်တာဖြစ်ပါတယ်” ဟု ပြောသည်။

ဦးသိန်းထွန်းလှိုင်မှာ ကျေးရွာအုပ်ချုပ်ရေးမှူး နေအိမ်၌ ညှဉ်းပန်းနှိက်စက်ခံရပြီး သေဆုံးသွားခြင်းဖြစ်၍ ကျေးရွာအုပ်ချုပ်ရေးမှူး ဦးကျော်သန်းတွင် တာဝန်အပြည့်အဝ ရှိကြောင်းနှင့် အလောင်းဖျောက်ရန် ကြိုးပမ်းမှုတွင်လည်း ပါဝင်နေ၍ တရားရုံးက လွှတ်ပေးလိုက်ခြင်းအပေါ် ဦးသိန်းထွန်းလှိုင်၏ မိသားစုဝင်များမှ ကျေနပ်မှု မရှိကြောင်း သိရသည်။

“ဦးသိန်းထွန်းလှိုင်ကို ခြောက်ပေါက်ထဲ ထည့်တာကလည်း ကျေးရွာအုပ်ချုပ်ရေးမှူးပဲ။ လူသတ်မှုမှာလည်း ပါတယ်။ အလောင်းဖျောက်တဲ့အခါမှာလည်း ပူးပေါင်းပါဝင်တယ်။ နှစ်ယောက်က ထောင်ဒဏ် ချမှတ်ခံရပြီးတော့ အုပ်ချုပ်ရေးမှူးက လွတ်သွားတယ်ဆိုတာ ဘယ်လိုမှ မဖြစ်သင့်ပါ။ အုပ်ချုပ်ရေးမှူး ဦးကျော်သန်းမှာ တာဝန် အပြည့်အဝရှိပါတယ်။ သူ့အိမ်မှာ ဖြစ်သွားတဲ့ကိစ္စ၊ တရားခံထဲမှာ ဦးကျော်သန်းလည်း ပါတာကို တရားရုံးက လွှတ်ပေးလိုက်တယ်ဆိုတော့ ကျနော်တို့က မကျေနပ်ဘူး။ ဦးကျော်သန်းကိုလည်း ထိုက်သင့်တဲ့ အရေးယူမှုတွေ လုပ်ပေးစေချင်တယ်” ဟု သေဆုံးသွားသော ဦးသိန်းထွန်းလှိုင်၏ မိသားစုဝင်တစ်ဦးက ပြောသည်။

ကျေးရွာအုပ်ချုပ်ရေးမှူး ဦးကျော်သန်းကို အပြစ်ပေးအရေးယူနိုင်ရေးအတွက် ဗဟိုတရားရုံးအထိ တက်ရန် ပြင်ဆင်နေကြောင်းလည်း ဦးသိန်းထွန်းလှိုင်၏ မိသားစုဝင်တစ်ဦးက ပြောသည်။

“ကျနော်တို့က မင်းပြားခရိုင်တရားရုံးရဲ့ အမိန့်ကို မကျေနပ်ဘူး။ အုပ်ချုပ်ရေးမှူး ဦးကျော်သန်းကို အပြစ်ပေးနိုင်ဖို့ ဗဟိုတရားရုံးအထိ တက်ဖို့ သေချာပြင်ဆင်နေတယ်။ ဒီအမှုက လုံးမလွတ်နိုင်အောင် ကျနော်တို့ သေချာပြင်ဆင်နေပါတယ်။ လူ ၃ ယောက်လုံးက လူသတ်မှုကို ကျူးလွန်တာကို နှစ်ယောက် ထောင်ဒဏ် ချမှတ်ခံရပြီး နောက်တစ်ယောက်က အပြစ်မရှိတဲ့ ပုံစံနဲ့ လွတ်တာက ဘယ်လိုမှ လက်ခံရလို့ မရဘူး။ ကျေးရွာအုပ်ချုပ်ရေးမှူးဖြစ်လို့ တရားရုံးက လွှတ်ပေးလိုက်တာလား ကျနော်တို့ သံသယရှိပါတယ်” ဟု ပြောသည်။

ကျေးရွာအုပ်ချုပ်ရေးမှူး ဦးကျော်သန်းက ဦးသိန်းထွန်းလှိုင် သေဆုံးခြင်းမှာ မိမိကိုယ်ကို ကြိုးဆွဲချ သေဆုံးခြင်းသာဖြစ်ကြောင်း မင်းပြားခရိုင်တရားရုံးတွင် ထွက်ဆိုထားပြီး ဆယ်အိမ်မှူးဖြစ်သော ဦးသန်းထွန်းအောင်နှင့် ဦးထွန်းအေးငွေတို့မှာ လူသတ်မှုအဖြစ် ဝန်ခံ၍ ထောင်ဒဏ်ချမှတ်ခံရခြင်းဖြစ်သည်။

ဦးသိန်းထွန်းလှိုင်မှာ လက်နောက်ပြန်ထား ကြိုးချည်ခံရပြီး ခြောက်ထောက်များကိုလည်း ထိပ်တုံးခတ် (ခြောက်ပေါက်) ခံထားရချိန်တွင် မိမိကိုယ်ကို ကြိုးဆွဲချ သေဆုံးသွားသည် ဆိုသော အုပ်ချုပ်ရေးမှူး ဦးကျော်သန်း၏ ထွက်ဆိုချက်မှာ မည်ကဲ့သို့မျှ မဖြစ်နိုင်ကြောင်းလည်း ဦးသိန်းထွန်းလှိုင်၏ မိသားစုဝင်များမှ လက်ခံထားကြသည်။

အုပ်ချုပ်ရေးမှူး ဦးကျော်သန်းသည် လက်ရှိ ဂန်းကျားကျေးရွာတွင် ULA/AA ၏ ကျေးရွာ အုပ်ချုပ်ရေးမှူးအဖြစ် ဆက်လက် တာဝန်ထမ်းဆောင်နေပြီး ၎င်းနှင့် Western News တို့ အဆက်အသွယ် ရရှိရန် ကြိုးစားခဲ့သော်လည်း မရရှိခဲ့ပေ။

ပုံစာ- နှိပ်စက်ခံရ၍ သေဆုံးသွားသည့် ဂန်းကျားကျေးရွာမှ ဦးသိန်းထွန်းလှိုင်၏ နောက်ကျောဘက်အား တွေ့ရစဉ်။

နောက်ဆုံး သတင်းများရယူလိုက်ပါ