Sunday, March 1, 2026
Home » AA ထိန်းချုပ်နယ်မြေတွင် ကလေးငယ်များအတွက် ကာကွယ်ဆေး မလုံလောက်ဖြစ်နေ

AA ထိန်းချုပ်နယ်မြေတွင် ကလေးငယ်များအတွက် ကာကွယ်ဆေး မလုံလောက်ဖြစ်နေ

0 54.5K

အာရက္ခတပ်တော် AA က ပလက်ဝခရိုင် အပါအဝင် ထိန်းချုပ်နယ်မြေ ရခိုင်ပြည် မြို့နယ်များတွင် ကလေးငယ်များအား ကာကွယ်ဆေးထိုးနှံပေးနေသော်လည်း ဆေးမလုံလောက်၍ ကာကွယ်ဆေး မထိုးနှံရသည့် ကလေးငယ် အများအပြား ကျန်ရှိနေသေးကြောင်း သိရသည်။

ထိန်းချုပ်နယ်မြေ မြို့နယ်များတွင် အသက် ၂ နှစ်အောက် ကလေးငယ်များနှင့် ကာကွယ်ဆေးထိုးပေးရမည့် သတ်မှတ်ရက် ကျော်လွန်သွားသော အသက် ၃ နှစ်ဝန်းကျင် ကလေးငယ်များကို အာရက္ခတပ်တော် AA ကျန်းမာရေးဌာနက ကာကွယ်ဆေးထိုးနှံပေးနေခြင်းဖြစ်သည်။

မြောက်ဦးမြို့နယ် ကျေးလက်ဒေသတွင် တာဝန်ထမ်းဆောင်နေသော AA ကျန်းမာရေးဝန်ထမ်းတစ်ဦးက ကာကွယ်ဆေးကို စောင့်နေရသည်ဟု ပြောပြသည်။

“ကာကွယ်ဆေး ထိုးပေးနေရင်း ဆေးပြတ်သွားတာပါ။ ဆေးမလုံလောက်ဘူးလို့ ပြောလို့ရပါတယ်။ တချို့ကလေးတွေက ထိုးပြီးပြီ။ မထိုးရသေးတဲ့ ကလေးငယ်တွေလည်း ကျန်နေသေးတယ်။ မြောက်ဦးမှာပဲ မဟုတ်ဘူး။ ကျောက်တော်၊ ပုဏ္ဏားကျွန်း၊ မောင်တောခရိုင်တွေမှာလည်း ကျန်နေသေးတယ်။ ကာကွယ်ဆေးရောက်လာမှာကို ကျမတို့ ကျန်းမာရေးဝန်ထမ်းတွေက စောင့်နေပါတယ်” ဟု ပြောသည်။

အာရက္ခတပ်တော် ကျန်းမာရေးဌာနက မြို့ပေါ်ရှိ ကလေးငယ်များအား ဦးစားပေး ထိုးနှံပေးနေ၍ ကျေးလက်ဒေသများတွင် ကလေးငယ် အများစုမှာ ကာကွယ်ဆေး မထိုးနှံရသေးကြောင်း ကျောက်တော်မြို့နယ် ကုလားတန်မြစ်ကမ်းဘေး ကျေးရွာတစ်ရွာမှ ဒေသခံ အမျိုးသမီးတစ်ဦးက ပြောသည်။

“ကျမတို့ အပေါက်ဝဘက်က ရွာတွေမှာ အသက် ၂ နှစ်အောက် ကလေးငယ်တွေ အများစုက ကာကွယ်ဆေး မထိုးနှံရသေးဘူး။ ကျန်းမာရေးဝန်ထမ်းတွေ သွားမေးကြည့်အခါ ဆေးက မရှိဘူးလို့ ပြောတယ်။ ကာကွယ်ဆေး ပြတ်သွားတယ်လို့ ပြောတယ်။ ကလေးငယ်တွေကို သတ်မှတ်ထားတဲ့ ကာလတွေမှာ ကာကွယ်ဆေးအားလုံးကို ထိုးပြီးစေချင်တယ်။ ကျမတို့ သိထားတာက ကာကွယ်ဆေးက သတ်မှတ် အသက်အရွယ်အလိုက် ထိုးပေးရတယ်လို့ ပြောတယ်။ ကျော်သွားရင် ဆေးက အကျိုးသက်ရောက်မှု မရှိဘူးလို့ ပြောတယ်။ ဆေးမထိုးရသေးတဲ့ ကလေးငယ်တွေအတွက် စိုးရိမ်တာပေါ့နော်” ဟု ပြောသည်။

ရခိုင်ပြည်အတွင်း ၂၀၂၃ နိုဝင်ဘာလအတွင်း တိုက်ပွဲများ စတင်ဖြစ်ပြီးကတည်းက ကလေးငယ်များမှာ ကာကွယ်ဆေး မထိုးနှံခဲ့ရဘဲ ပြီးသည့် လအနည်းငယ် အကြာမှ အာရက္ခတပ်တော် AA ကျန်းမာရေးဌာနက ကာကွယ်ဆေး လိုက်လံ ထိုးပေးနေခြင်းဖြစ်သည်။

သို့သော်လည်း ဆေးမလုံလောက်မှုကြောင့် ကာကွယ်ဆေးမှာ ပြတ်သွား၍ ကလေးငယ်များမှာ အချိန်မီ ကာကွယ်ဆေးထိုးနှံပေးရန် အရေတကြီး လိုအပ်နေခြင်းလည်းဖြစ်သည်။

ပုံစာ – အာရက္ခတပ်တော် ကျန်းမာရေးဌာနမှ ပြည်သူများအား ကျန်းမာရေးဝန်ဆောင်မှုပေးနေစဉ်။ (ဓါတ်ပုံ – APM)

နောက်ဆုံး သတင်းများရယူလိုက်ပါ