Monday, March 2, 2026
Home » စစ်ကောင်စီ လေကြောင်းနှင့် လက်နက်ကြီး အန္တရာယ်ကြောင့် ကျောက်ဖြူတွင် ကျေးရွာ ၁၇ ရွာ ထပ်မံ ထွက်ပြေးနေရ

စစ်ကောင်စီ လေကြောင်းနှင့် လက်နက်ကြီး အန္တရာယ်ကြောင့် ကျောက်ဖြူတွင် ကျေးရွာ ၁၇ ရွာ ထပ်မံ ထွက်ပြေးနေရ

1 4.7K

စစ်ကောင်စီ၏ လေကြောင်းဗုံးကြဲမှုနှင့် ပင်လယ်ပြင် စစ်သင်္ဘောများမှ လက်နက်ကြီးပစ်ခတ်မှု အန္တယ်တို့ကြောင့် ရခိုင်ပြည် ကျောက်ဖြူမြို့နယ်တွင် ကျေးရွာ ၁၇ ရွာထက်မနည်းမှ လူပေါင်းထောင်ချီ ထွက်ပြေးနေရသည်ဟု စစ်ဘေးရှောင်အရေးကူညီနေသည့် Triple•T က ပြောသည်။

စစ်ကောင်စီ လေကြောင်းဗုံးကြဲမှု နေ့စဉ်ခံနေရသော မင်းပြင်ကျေးရွာအနီးတစ်ဝိုက်နှင့် ချောင်းဖျားကျေးရွာအနီးတစ်ဝိုက်မှ ကျေးရွာပေါင်း ၁၇ ရွာမှ ဒေသခံပြည်သူများမှာ အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရသည်ဟု မြေပြင်စုံစမ်းချက်အရ သိရသည်။

ပြည်သူ့အတွက်ပြည်သူ Triple•T တည်ထောင်သူ Victor က “ကျောက်ဖြူမှာ လတ်တလော စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုနဲ့ လက်နက်ကြီးအန္တရာယ်တွေကြောင့် ရွာ ၁၇ ရွာက လူပေါင်း နှစ်ထောင်ကျော် ထွက်ပြေးတိမ်းရှောင်နေရပါတယ်။ သူတို့မှာ နေစရာနေရာမရှိဘူး။ စားစရာမရှိဘူး။ ကျန်းမာရေးစောင့်မှုလည်း လိုအပ်နေပါတယ်။ တချို့ဆို နားမကျန်းဖြစ်နေတဲ့သူတွေပါတယ်။ ကိုယ်ဝန်ဆောင်၊ ကလေးငယ်၊ သက်ကြီးရွယ်အိုတွေလည်း ပါပါတယ်။ လူသားချင်းစာနာထောက်ထားမှုတွေ အရေးပေါ်အကူအညီလိုအပ်နေပါတယ်” ဟု ပြောသည်။

လက်ရှိတွင် ကျောက်ဖြူက စစ်ဘေးရှောင်ပြည်သူများမှာ ဒုက္ခသည်စခန်းကဲ့သို့ နေရာသတ်မှတ်ပြီး နေထိုင်နိုင်သည့် အခြေအနေမရှိဘဲ လုံခြုံမည်ဟု ထင်ရသည့် နေရာများတွင် ပြန့်ကြဲကာ အနေဆင်းရဲ၊ အစားဆင်းရဲဖြင့် တိမ်းရှောင်နေရသည်ဟု သိရသည်။

၂၀၂၄ ခုနှစ် နှစ်လယ်ပိုင်းကစ၍ ကျောက်ဖြူမြို့နယ်တွင် တိုက်ပွဲစဖြစ်ကတည်းက လက်ရှိအချိန်အထိ ဒုက္ခရောက်နေကြသည့် စစ်ဘေးရှောင်ပြည်သူ ၅ သောင်းနီးပါးအထိရှိလာနေကြောင်းလည်း ပြည်သူ့အတွက်ပြည်သူ Triple•T တည်ထောင်သူ Victor က ဆိုသည်။

ကျောက်ဖြူမှာ လတ်တလော စာရင်း ကောက်ယူရထားတာက စစ်ဘေးရှောင်ပြည်သူ ၂ နှစ်သောင်းကျော်ရှိပါတယ်။ ပြန့်ကြဲနေတဲ့ စစ်ဘေးရှောင်တွေကို မကောက်ယူနိုင်သေးဘူး။ ခန့်မှန်းခြေ ပြောရရင် ကျောက်ဖြူမှာ စစ်ဘေးရှောင် ၅ သောင်းနီးပါးရှိပါတယ်။ အဓိကတော့ လုံခြုံတဲ့ နေရာ လိုအပ်နေပါတယ်။ အစားအစာ၊ ဆေးဝါး နောက်ဆုံးပြောရရင် ကလေးငယ်တွေအတွက် အနှီးတွေပါ လိုအပ်နေပါတယ်။ ဒုက္ခသည်တွေမှာ နေအိမ်စွန့်ခွာလာရတာ ဘာမှ ပါလာတာမဟုတ်ဘူး။ အိုးတွေခွက်တွေလည်း မယူခဲ့ရဘူး။ ကျနော်တို့ Triple•T က လူဦးရေ နှစ်ထောင်ကျော်ကို ဆန်၊ ဆီ စားနပ်ရိပ်က္ခာ တစ်လစာ ထောက်ပံ့ထားတယ်။ ဒါပေမဲ့ ခဏနေ ကုန်သွားမှာ။ အကူအညီတွေ အများကြီးလိုအပ်နေပါတယ်” ဟု ပြောသည်။

ကျောက်ဖြူမြို့နယ်မှ စစ်ဘေးရှောင်ပြည်သူများအား နိုင်ငံတကာ လူသားချင်းစာနာထောက်ထားမှု အဖွဲ့များမှ ထောက်ပံ့ပေးခြင်း မရှိသလောက် နည်းပါးသည့်အတွက် ပြည်တွင်းပြည်ပ အလှူရှင်များ၏ ထောက်ပံ့မှုများနှင့် မလုံသေးကြောင်း ၎င်းက ဆိုသည်။

ကျောက်ဖြူမြို့နယ်တွင် တိုက်ပွဲစဖြစ်ကတည်းက တိမ်းရှောင်နေရသည့် ကျေးရွာပေါင်း ၂၀၀ ကျော်မှ စစ်ဘေးရှောင်ပြည်သူ ၅ သောင်းနီးပါးအတွက် နေရေးနှင့် စားနပ်ရိက္ခာအပါအဝင် အခြေခံလိုအပ်ချက်များအား ဖြည့်ဆည်းနိုင်ရန် တစ်နှစ်စာ ကုန်ကျငွေမှာ အမေရိကန်ဒေါ်လာ ၁၀ မီလီယံ လိုအပ်မည်ဟု Triple•T က ခန့်မှန်းထားသည်။

စစ်ကောင်စီအနေဖြင့် တိုက်ပွဲကို တိုက်ပွဲနှင့်တူအောင် တိုက်ခိုက်ရန် လိုအပ်ပြီး စစ်ရေးပစ်မှတ်မဟုတ်သော အရပ်သားပြည်သူများနေထိုင်ရာ ကျေးရွာများ၊ ဘုန်းကြီးကျောင်းများနှင့် စာသင်ကျောင်းများအား ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်တိုက်ခိုက်မှု မပြုလုပ်ရန်လည်း Triple•T အဖွဲ့မှ တိုက်တွန်းထားသည်။

စစ်ကောင်စီသည် ကျောက်ဖြူမြို့နယ်တွင် လူနေကျေးရွာများကို လေကြောင်းဗုံးကြဲတိုက်ခိုက်မှုအပြင် ပင်လယ်ပြင်ရှိ စစ်သင်္ဘောများပေါ်မှ လက်နက်ကြီးများပစ်ခတ်ခြင်းနှင့် မြေပြင်စစ်ကြောင်းထိုး ဝင်ရောက်ကာ ဒေသခံပြည်သူများအား အကြမ်းဖက်မှု ကျူးလွန်နေသည်ဟု သိရသည်။

နောက်ဆုံး သတင်းများရယူလိုက်ပါ