Saturday, February 28, 2026
Home » ဝေဟင်အောင်ပရဟိတအဖွဲ့ ကယ်ဆယ်ရေးယာဉ်တန်း ကျောက်ဖြူတွင် ပစ်ခတ်ခံရ

ဝေဟင်အောင်ပရဟိတအဖွဲ့ ကယ်ဆယ်ရေးယာဉ်တန်း ကျောက်ဖြူတွင် ပစ်ခတ်ခံရ

0 65.5K

စာရေးဆရာလည်းဖြစ် နိုင်ငံရေးအကျဉ်းသားဟောင်းလည်း ဖြစ်သော ကိုဝေဟင်အောင် တည်ထောင်ထားသည့် “ဝေဟင်အောင်ပရဟိတအဖွဲ့” ကယ်ဆယ်ရေးယာဉ်တန်း ကျောက်ဖြူမြို့နယ်တွင် ဇန်နဝါရီလ ၅ ရက်နေ့က စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကို ခံခဲ့ရကြောင်း အဖွဲ့ဝင်တစ်ဦးက Western News ကို ပြောသည်။

ကျောက်ဖြူမြို့နယ်က စစ်ဘေးရှောင်ပြည်သူများအား အရေးပေါ်အကူအညီများ ထောက်ပံ့ပေးပြီးအပြန်လမ်းတွင် စစ်ကောင်စီ ဂျက်ဖိုက်တာတစ်စီးက ပစ်ခတ်မှုပြုလုပ်ခဲ့ကြောင်း ဝေဟင်အောင်ပရဟိတအဖွဲ့ဝင်တစ်ဦးက ပြောသည်။

“ကျနော်တို့ ကျောက်ဖြူမှာ ကယ်ဆယ်ရေးပေးပြီး ရမ်းဗြဲဘက်ကို အပြန်လမ်းမှာ စစ်ကောင်စီ ဂျက်ဖိုက်တာ နောက်ကနေ လိုက်လာပြီး ပစ်ခတ်တာ။ ဇန်နဝါရီလ ၅ ရက်နေ့ ညနေ ၃ နာရီလောက်အချိန်မှာ ပစ်ခတ်တာဖြစ်တယ်။ ကျနော်တို့ ကားယာဉ်တန်းကို မထိဘူး။ ကားလမ်းဘေးအနီး တောင်ရှိတဲ့ ဘက်ခြမ်း ကျသွားတယ်။ ကျနော်တို့ ထိခိုက်ဒဏ်ရာရတာမျိုးတော့ မရှိခဲ့ဘူး” ဟု ပြောသည်။

စစ်ကောင်စီက ဝေဟင်အောင်ပရဟိတအဖွဲ့ ကယ်ဆယ်ရေးယာဉ်တန်းကို လေကြောင်း တိုက်ခိုက်မှု ပြုလုပ်ခဲ့သည့်အပြင် ကျောက်ဖြူ-ရမ်းဗြဲ ပင်လယ်ပြင်၌ ရပ်နားထားသော စစ်သင်္ဘောပေါ်ကနေလည်း လက်နက်ကြီးများ ပစ်ခတ်ခဲ့ကြောင်း အဖွဲ့ဝင်က ဆက်လက်ပြောသည်။

“ကျနော်တို့ ယာဉ်တန်းကို လေကြောင်းကနေ ပစ်ခတ်တာအပြင် ပင်လယ်ပြင်မှာရှိတဲ့ စစ်သင်္ဘောတစ်စီးပေါ်ကနေလည်း လက်နက်ကြီးတွေနဲ့ လှမ်းပစ်ခတ်ခဲ့ပါသေးတယ်။ ထိခိုက်တာမျိုးတော့ ရှိခဲ့ဘူး။ အားလုံး ဘေးကင်းကင်းနဲ့ လုံခြုံတဲ့ နေရာကို ရောက်ရှိနေပါပြီ” ဟု ပြောသည်။

ကိုဝေဟင်အောင် ဦးဆောင်သော “ဝေဟင်အောင်ပရဟိတအဖွဲ့” သည် ရခိုင်ပြည်အတွင်းရှိ စစ်ဘေးရှောင်ပြည်သူများအား စားနပ်ရိက္ခာ၊ ဆေးဝါး၊ အဝတ်အထည်၊ နေထိုင်ရေးနှင့် အခြားသော လိုအပ်သည့် ကူညီထောက်ပံ့မှုများကို ပေးအပ်နေခြင်းဖြစ်သည်။

စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ထိခိုက်သေဆုံးသွားသော၊ ဒဏ်ရာရရှိသွားသော အရပ်သားပြည်သူများကိုလည်း အရေးပေါ်အကူအညီ ထောက်ပံ့မှုများလည်း ပေးအပ်နေခြင်းဖြစ်သည်။

စစ်ဘေးရှောင်ပြည်သူများအား ကူညီထောက်ပံ့ရေးလုပ်ပေးနေသည့် ကယ်ဆယ်ရေးယာဉ်တန်းကို စစ်ကောင်စီက ရည်ရွယ်ချက်ရှိရှိ လိုက်လံတိုက်ခိုက်ခြင်းမှာ လူမဆန်သော လုပ်ရပ်သာဖြစ်ပြီး ပြည်သူများအပေါ်မှာ လူသားချင်းစာနာထောက်ထားမှု လုံးဝမရှိသော လုပ်ရပ်ဖြစ်သည်ဟု ရခိုင့်အရေး တက်ကြွလှုပ်ရှားသူ လူငယ်တစ်ဦးက ပြောသည်။

“စစ်အုပ်စုက အထူးသဖြင့် မင်းအောင်လှိုင်ပေါ့လေ ပြောစရာ စကားမရှိလောက်အောင်ကို ရွံရှာမုန်းတီးဖို့ ကောင်းပါတယ်။ စစ်ရေးနဲ့ မဆိုင်တဲ့ အရပ်သားပြည်သူတွေကိုလည်း ဗုံးကြဲသတ်ဖြတ်တယ်။ ပြည်သူတွေ ရပ်ရွာနေလို့မရအောင်လည်း ဗုံးကြဲတိုက်ခိုက်တယ်။ အခု ကယ်ဆယ်ရေးလုပ်နေတဲ့ လူတွေကိုပါ ဒုက္ခပေးတယ်။ စစ်ရေးနဲ့ ဘာမှမဆိုင်တဲ့ သူတွေကို ရည်ရွယ်ချက်ရှိရှိ လိုက်လံ သတ်ဖြတ်တယ်ဆိုတာက ကမ္ဘာ့စစ်ရာဇဝတ်မှုကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်တာ ဖြစ်ပါတယ်။ လူတစ်ယောက်လို အသိစိတ်ဓာတ်ရှိရင် ဒါမျိုး လုပ်ရပ်ကို ကျူးလွန်မှာမဟုတ်ဘူး။ ဒါ့ကြောင့် ကျနော်တို့ ဒီတော်လှန်ရေးကို နိုင်အောင် တိုက်ခိုက်ကြဖို့ လိုအပ်ပါတယ်။ မဟုတ်ဘူးဆိုရင် ကျနော်တို့ ပြည်သူတွေဟာ နေ့စဉ်နဲ့အမျှ ထပ်ပြီး သတ်ဖြတ်ခံနေရမှာဖြစ်ပါတယ်” ဟု ပြောသည်။

၂၀၂၅ ခုနှစ် အောက်တိုဘာလ ၂၆ ရက်နေ့ကလည်း ပုဏ္ဏားကျွန်းမြို့အခြေစိုက် လူမှုကယ်ဆယ်ရေးအဖွဲ့တစ်ခုဖြစ်သည့် ဖြူစင်ရင်ခွင်ဖောင်ဒေးရှင်းအဖွဲ့မှ အဖွဲ့ဝင် အသက် ၁၄ နှစ်အရွယ် မောင်ဌေးအောင်ဟိန်းမှာ စစ်ကောင်စီ၏ ပစ်ခတ်မှုကြောင့် အသက်သေဆုံးခဲ့ရသည်။

ပုဏ္ဏားကျွန်းမြို့နယ် ကွမ်းတောင်ကျေးရွာသို့ အရေးပေါ်လူနာသယ်ရန် ကားဖြင့်သွားရောက်စဉ် လမ်းတွင် စစ်ကောင်စီမှ ဒရုန်းဖြင့် ပစ်ခတ် သတ်ဖြတ်ခဲ့ခြင်းဖြစ်သည်။

လက်ရှိ ကျောက်ဖြူမြို့နယ်တွင် အာရက္ခတပ်တော် AA နှင့် စစ်ကောင်စီတပ်တို့ကြား တိုက်ပွဲများ ပြင်းပြင်းထန်ထန် ဖြစ်ပွားလျက်ရှိနေပြီး စစ်ကောင်စီ တပ်စခန်းအချို့ကို AA က ထိန်းချုပ်ထားနိုင်ကြောင်းလည်း သိရသည်။

ယင်းအပြင် စစ်တွေမြို့အနီးမှာလည်း စစ်ကောင်စီတပ်စခန်းများကို AA က ထိုးစစ်ဆင်တိုက်ခိုက်မှုများ ပြုလုပ်နေပြီး ဒကစ (စစ်တွေ) ဌာနချုပ်အနီးတွင် တိုက်ပွဲ ပြင်းပြင်းထန်ထန် ဖြစ်ပွားနေကြသည်ဟု သိရသည်။

နောက်ဆုံး သတင်းများရယူလိုက်ပါ