အာရက္ခတပ်တော် AA ထိန်းချုပ်ထားသော ရခိုင်ပြည်က မြို့နယ်များတွင် ကျေးရွာအုပ်ချုပ်ရေးမှူးများမှ စစ်မှုထမ်း တပ်သားသစ်စုဆောင်းရာတွင် အာဏာအလွဲသုံးစား ပြုလုပ်ခြင်းနှင့် လာဘ်စားမှုများ ရှိနေသည်ဟု ရွာသားများ တိုင်ကြားချက်အရ သိရသည်။
စစ်မှုထမ်းတပ်သားသစ် စုဆောင်းခြင်းကို မဲစနစ်ဖြင့် အာရက္ခတပ်တော် AA ထိန်းချုပ်မြို့နယ်တိုင်းတွင် ရွေးချယ်သော်လည်း မဲလိပ်များအား လိမ်လည်ထားခြင်း၊ ငွေကြေး လာဘ်ပေးထားသူ ကို စစ်မှုထမ်း အခြေအနေမှ ကင်းလွတ်ခွင့် ပေးတို့ ရှိကြောင်း ဒေသခံများက ပြောသည်။
ULA အုပ်ချုပ်ရေးမှူး၏ ဆွေမျိုးမိသားစုဝင်များအား မဲမနှိပ်ရခြင်း၊ မိသားစုများကို ကျွေးမွေး လုပ်ကျွေးနေသူကို အတင်းဓမ္မ မဲနှိပ်စေခြင်း အာဏာသုံးပြီး အတွင်းဒဏ်ရာရှိသူများကိုပါ စစ်မှုထမ်းခိုင်းခြင်းတို့ ရှိနေသည်ဟု ဒေသခံပြည်သူများက ပြောဆိုထားသည်။
၂၀၂၅ ခုနှစ် ပြီးခဲ့သည့် အောက်တိုဘာလ ၁၅ ရက်နေ့က ရခိုင်ပြည် မောင်တောမြို့နယ် အောင်ဗလကျေးရွာတွင် စစ်မှုထမ်းတပ်သားသစ်အတွက် မဲနှိပ်ရွေးချယ်ပွဲ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ထိုရွေးချယ်ပွဲတွင် ဆိုင်ကယ်အက်ဆီးဒင်းကြောင့် လက်မောင်းနှင့် နံရိုးအချို့ ကျိုးသွား၍ စတီးရိုး အစားထိုးထည့်သွင်းထားပြီး ဆက်ထားရသည့် လူငယ်တစ်ဦးမှာ စစ်မှုထမ်းရန် မဲနှိပ်ရွေးချယ် ခံခဲ့ရသည်။
သို့သော် မိသားစုဝင်များမှ အတွင်းဒဏ်ရာကြောင့် စစ်မှုထမ်းရန် အဆင်ပြေမည်မဟုတ်ဟု ကျေးရွာအုပ်ချုပ်ရေးမှူးအား တောင်းပန်ပြောခဲ့သော်လည်း ခွင့်ပြုမပေးခဲ့ကြောင်း ရွာသားတစ်ဦးက ပြောသည်။
“ဆိုင်ကယ်အက်ဆီးဒင်းကြောင့် နံရိုးကျိုးနေတဲ့ လူငယ်တစ်ယောက် စစ်မှုထမ်း မဲပေါက်တယ်။ အစကတည်းက ဓါတ်မှန်ပုံတွေနဲ့ ဥက္ကဋ္ဌကို ပြောခဲ့ပါတယ်။ ဒီလူငယ်က စစ်ထမ်း အဆင်ပြေမှာ မဟုတ်ဘူး။ နံရိုးက ကျိုးနေတယ်။ ဒိုင်းတစ်ခေါက်ထိုးရင် အကုန်လုံး ပြန်ကျိုးသွားပြီး အသက်သေနိုင်တယ်။ ဒါပေမယ့် မဲနှိပ်ခိုင်းခဲ့ပါတယ်။ မဲနှိပ်တော့ မဲပေါက်သွားတယ်။ မိသားစုဝင်တွေက ပြန်တောင်းပန်တယ်။ မရဘူး။ ဥက္ကဋ္ဌက စစ်မှုထမ်းရမယ်လို့ ပြောတယ်။ လူငယ်လေးက စိတ်တွေ ကယောင်ရှောက်ရှားဖြစ်ပြီး ရူးမတတ် ဖြစ်သွားတယ်”ဟုပြောသည်။
အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်၍ မိသားစုဝင်များက ခရိုင်မှူးအပါအဝင် နယ်မြေမှူးကို လူနာ၏ ဆေးစာနှင့်တကွ ဓါတ်မှန် မှတ်တမ်းများကို သွားရောက် ပြသခဲ့ရာတွင် စစ်မှုထမ်းအခြေအနေမှ ပြန်လည် ကင်းလွတ်ခွင့် ရခဲ့သည်။
အောင်ဗလကျေးရွာအုပ်ချုပ်ရေးမှူးသည် ၎င်း၏ ဆွေမျိုးများနှင့် မိသားစုဝင်များအား စစ်မှုထမ်းအတွက် မဲနှိပ်ခြင်းမရှိဘဲ ကင်းလွတ်နေပြီး ၎င်းတို့နေရာများတွင်လည်း လူစားထိုး စစ်မှုထမ်းများလည်း ရှိနေကြာင်း ကျေးရွာသားများက ပြောဆိုကြသည်။
အမည်မဖော်လိုသည့် နောက်ထပ် ကျေးရွာသားတစ်ဦးက “ရွာက ဥက္ကဋ္ဌက သူတို့ ဆွေမျိုးတွေ၊ ပိုက်ဆံယူထားတဲ့သူတွေနဲ့ မိသားစုဝင်တွေကျ မဲမနှိပ်ခိုင်းဘူး။ တခြားသူတွေပဲ မဲနှိပ်ခိုင်းတယ်။ ငွေနောက်လိုက်ပါတယ်။ အဲ့ဒီလူငယ်လေးလိုပဲ အမျိုးသမီးငယ် တစ်ယောက်လည်း အဲဒီနေ့က မဲပေါက်တယ်။ မိန်းကလေးငယ်မှာ အဖေက လေဖြတ်လို့၊ အမေကလည်း ရောဂါသည် နိုင်ငံခြားအဖွဲ့တစ်ခုမှာ အလုပ်လုပ်လို့ အမေနဲ့ အဖေကို ကျွေးမွေးစောင့်ရှောက်နေတာ။ စစ်မှုထမ်းဖို့ အဆင်မပြေသေးဘူးလို့ တောင်းပန်တယ်။ မရဘူး။ အခုတော့ ပါသွားပြီ။ ရွာက ဥက္ကဋ္ဌ ဘက်တော်တော် လိုက်ပါတယ်” ဟု ဆိုသည်။
ပုဏ္ဏားကျွန်းမြို့နယ် သင်းပုန်းတန်းကျေးရွာတွင်လည်း အောက်တိုဘာလ ပထမ အပတ်အတွင်းက နယ်မြေမှူး ဦးကျော်ဇင်လှိုင်နှင့် စစ်တွေခရိုင်မှူး ရဲလင်းနိုင်တို့ ပူးပေါင်းဦးဆောင်ကာ စစ်မှုးထမ်း မဲနှိပ်ပွဲ ပြုလုပ်ခဲ့ကြကြောင်း သိရသည်။
နယ်မြေမှူး ဦးကျော်ဇင်လှိုင်မှာ သင်းပုန်းတန်းကျေးရွာ၌ မိသားစုစီးပွားရေးများရှိပြီး ယင်းစီးပွားရေးနှင့် ဆက်စပ်သူများ၏ သားသမီးများအား ထိုမဲနှိပ်ပွဲတွင် မဲနှိပ်ခြင်းမရှိကြောင်း ရွာသားတစ်ဦးက ပြောသည်။
“နယ်မြေမှူး ဦးကျော်ဇင်လှိုင်က စစ်တွေခရိုင်မှူးနဲ့ ပေါင်းပြီး စစ်မှုထမ်းအတွက် မဲနှိပ်ရာမှာ သူ့အကျိုးစီးပွားနဲ့ ပတ်သက်ဆက်နွယ်တဲ့ မိသားစုဝင်တွေက သားသမီးတွေကို မဲနှိပ်ဖို့ စာရင်းထဲမှာ မထည့်ထားဘူး။ တခြားသူတွေကိုပဲ မဲနှိပ်ခိုင်းတယ်။ ငွေယူထားတဲ့ မိသားစုဝင်တွေကိုလည်း မဲမနှိပ်ခိုင်းဘူး။ စစ်မှုထမ်းပါတဲ့လူငယ်တွေကိုလည်း အာဏာပါဝါသုံးပြီး အတင်းခေါ်ယူသွားတာ” ဟု ပြောသည်။
အာရက္ခတပ်တော် AA သည် ၂၀၂၅ ခုနှစ် မတ်လ ၁၈ ရက်နေ့က အမျိုးသားကာကွယ်ရေးဆိုင်ရာ အရေးပေါ် ပြဋ္ဌာန်းချက် တစ်ရပ်ကို ထုတ်ပြန်ခဲ့ပြီး ရခိုင်ပြည်အတွင်းရှိ လူငယ်များအားလုံး စစ်မှုထမ်းရမည်ဟု ပြောဆိုထားသည်။
အာရက္ခတပ်တော် AA ၏ စစ်မှုထမ်းရန်သတ်မှတ်ချက်တွင် အသက် ၁၈ နှစ်ကနေ ၂၅ နှစ်အထိ အမျိုးသမီးများနှင့် အသက် ၁၈ နှစ်ကနေ ၄၅ နှစ်အထိ အမျိုးသားများအပေါ် သက်ရောက်မည် ဖြစ်သည်။
ထို ပြဋ္ဌာန်းချက်ကြောင့် မြေပြင် သက်ဆိုင်ရာ တာဝန်ရှိသူများနှင့် ကျေးရွာအုပ်ချုပ်မှူးများမှာ စစ်မှုထမ်း တပ်သားစစ်စုဆောင်ပေးလျက်ရှိ နေကြပြီး အချို့သော ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် အထက်အရာရှိ အချို့မှာ ငွေမျက်နှာလိုက်၍ စစ်မှုထမ်းခေါ်ယူနေကြကြောင်း သိရသည်။
စစ်မှုထမ်းခေါ်ယူရာတွင် မျှတမှုမရှိသောကြောင့် ဒေသခံပြည်သူများမှာ အာဏာအလွဲသုံးစားလုပ်ပြီး အကျင့်ပျက်ခြစားမှုရှိသော ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် အရာရှိအချို့အား ထိထိရောက်ရောက် အရေးယူပေးရန် တောင်းဆိုနေကြခြင်းဖြစ်သည်။
