ရခိုင်ပြည်၊ စစ်တွေအကျဉ်းထောင်တွင် အာဟာရ ပြတ်လပ်မှုကြောင့် နိုင်ငံရေးအကျဉ်းသား တစ်ဦးသေဆုံးသွားကြောင်း အကျဉ်းသား မိသားစုဝင်များက Western News ကို ပြောသည်။
နိုဝင်ဘာ ၂၄ ရက်နေ့က အသက်သ ၃၀ ကျော်အရွယ်ရှိ ကိုဝေယံကျော် မှာ စစ်တွေ အကျဉ်းထောင်အတွင်း အာဟာရ ပြတ်လပ်မှုကြောင့် သေဆုံးခဲ့ရကြောင်း အကျဉ်းသား မိသားစုဝင်များက ပြောသည်။
“အကျဉ်းထောင်တစ်ခုလုံးမှာ အာဟာရ ချို့တဲ့နေတာတွေ တော်တော်ကြာနေပါပြီ။ လူတွေ ထိုင်မှိုင်းပြီးတော့ သွားလာလို့ မရကြဘူး။ မျက်နှာတွေကလည်း ဖောရောင်ပြီးတော့ ဖြစ်လာကြတယ်။ အစားသောက်တွေက လည်း အရမ်းကို ဆိုးဆိုးရွားရွား ဖြစ်နေပါတယ်။ လက်သန်းလောက်တောင် မရှိတဲ့ ငါးခြောက်နဲ့ ကျွေးနေတာ၊ ၆ လလောက်ရှိနေပါပြီ။ အဓိကတော့ အာဟာရ ချို့တဲ့မှုကြောင့် ဒီလ နိုဝင်ဘာမှာ ဆေးရုံတင်ရတာ ၁၀ဦးထက် မနည်းတော့ဘူး။ အကျဉ်းထောင်ဆေးရုံကို တင်ရတာပါ “ဟုပြောသည်။
အသက် ၃၀ ကျော်အရွယ်ရှိ ကိုဝေယံကျော် မှာ မတရားအသင်း ဆက်သွယ်မှု ဥပဒေပုဒ်မ ၁၇(၁)ဖြင့် တရားစွဲထားရပြီး စစ်တွေ အကျဉ်းထောင်တွင် အကျဉ်းချ ခံထားရခြင်း ဖြစ်ကြောင်း သိရသည်။
ကိုဝေယံကျော် ဇာတိမှာ မကွေးမြို့က ဖြစ်ပြီး ရန်ကုန်မြို့တွင် အဖမ်းခံရပြီးနောက်ပိုင်း ပြီးခဲ့သည့် မေလက စစ်တွေအကျဉ်းထောင်သို့ ပြောင်းရွေ့ ခံရခြင်း ဖြစ်ကြောင်း အကျဉ်းထောင် မိသားစုဝင်များက ပြောသည်။
အကျဉ်းသားများက အာဟာချို့တဲ့မှု ပြဿာနာများကို ဖြေရှင်းပေးဖို့ ထောင်အာဏာပိုင်းများကို တင်ပြသော်လည်း ကုန်ဈေးနှုန်းကြီးမြင့်နေမှုကြောင့် မဖြေရှင်းနိုင်ဟု ပြန်လည် တုံ့ပြန် ပြောဆိုနေသည်ဟု သိရသည်။
စစ်တွေအကျဉ်းထောင်အတွင်းသို့ နိုင်ငံတကာနှင့် အထက် အာဏာပိုင်များ ရောက်လာနေချိန်တွင် အကျဉ်းသားများကို ကောင်းမွန်စွာ စောင့်ရှောက်ထားကြောင့် သိစေရန် စနစ်တကျ ဟန်ပြ ပြင်ဆင်ထားကြောင်း အကျဉ်းသားမိသားစုဝင်များ ကေ ပြောသည်။
အကျဉ်းထောင် မိသားစုဝင် နောက်ထပ်တစ်ဦးက “အထက်လူကြီးတွေက ထောင်ကို ရောက်လာတဲ့အချိန်မှာ ထောင်ဥပဒေအရ စနစ်တကျ ကျွေးတဲ့ ပုံစံမျိုး လုပ်ဟန် ပြပါတယ်။ ပြီးတော့ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအစားတွေ၊ နေတာ ထိုင်တာတွေ၊ အိပ်တာတွေ အဲ့ဒါကို သူတို့လာတဲ့အချိန် လုပ်ပြပါတယ်။ ဒါက အကုန်လုံးဟန်ပြသပ်သပ် ဖြစ်ပါတယ်”ဟုပြောသည်။
စစ်တွေအကျဉ်းထောင်မှာ အစားသောက်များကျွေးသော အခါတွင် ခဲများထည့်ကျွေးခြင်း လက်သန်းလောက်သာရှိသည့် ငခြောက်များကို လနှင့်ချီကျွေးနေခြင်း သံချေးတက်နေသော ရေကို သောက်သုံးနေရကြောင်း အကျဉ်းသားမိသားစုဝင်က ပြောသည်။
စစ်တွေ အကျဉ်းထောင်တွင် အကျဉ်းသားများ ဖျားနာခြင်း၊ ချောင်းဆိုးခြင်း၊ ဝမ်းရောဂါဖြစ်ခြင်း ခန္ဓာကိုယ်တွင် ယားနာ ဖြစ်ခြင်း စသည့် မည်သည့်ဝေဒနာကို မဆို ထောင်အတွင်း ဘာမီတွန် ဆေးတစ်ခုတည်းသာ ပေးကြောင်း သိရသည်။
မိုးခါမုန်တိုင်း ဆိုင်ကလုန်း ဖြစ်ပွားပြီးနောက် စစ်တွေ အကျဉ်းထောင် အတွင်း အာဟာရပြတ်လပ်မှုကြောင့် အကျဉ်းသား သေဆုံးသူ ဦးရေ ၁၀ ဦးထက်မနည်း ရှိကြောင်း Western News က စုံစမ်း သိရှိ ရသည်။
လက်ရှိ စစ်တွေအကျဉ်းထောင်မှာ အကျဉ်သား ၁၄၀၀ ခန့်ရှိပြီး ယင်းအထဲမှာ ယင်းထဲတွင် အမျိုးသမီး အကျဉ်းသူ ၁၀၀ နီးပါခန့် ရှိကြောင်း သိရသည်။
