အာရက္ခတပ်တော် AA ထိန်းချုပ်ထားသော ရခိုင်ပြည်၊ ရမ်းဗြဲမြို့နယ်တွင် ULA/AA က ဖုန်းဆက်ခွင့် ပိတ်ပင်ထားခြင်းကို ပြန်လည်ဖြေလျှော့ပေးရန် ပြည်သူများက တောင်းဆိုနေကြကြောင်း သိရသည်။
ပြီးခဲ့သည့် အောက်တိုဘာလမှ စ၍ ရမ်းဗြဲမြို့နယ်တွင် အာရက္ခတပ်တော် AA က ဖုန်းခေါ်ဆိုခွင့်ကို တားမြစ် ပိတ်ပင်ထားခြင်းဖြစ်ပြီး လက်ရှိအချိန်အထိ သုံးလနီးပါး ရှိလာနေပြီဖြစ်သည်။
ရမ်းဗြဲမြို့နယ်၊ လေးတောင်မြို့ခံ အမျိုးသမီးတစ်ဦးက “အောက်တိုဘာလ ကတည်းက ပိတ်ပင်ထားတာပါ။ ကိုယ့်ဖုန်းနဲ့ကိုယ် ဆက်လို့ဖြစ်ဖြစ်၊ လမ်းမှာဖြစ်ဖြစ်၊ အိမ်မှာဖြစ်ဖြစ် တွေ့မိရင်တော့ ဖမ်းပါတယ်။ ဖုန်းဆက် အသုံးပြုခွင့်ကို ပိတ်ထားတာပါ။ ဖုန်းဆက်လို့ တွေ့မိရင်တော့ ဖမ်းပါတယ်။ အချုပ်ကို ထည့်ပါတယ်။ ဖုန်းဆက်ခွင့် မပေးပါဘူး။ အားလုံးပိတ်ထားတာပါ။ တချို့ကတော့ တောင်တွေ သွားပြီးတော့ ဆက်ကြတယ်။ ပြီးတော့ ရမ်းဗြဲမြို့နယ်မှာ အရင်ကတည်းက အင်တာနက်လိုင်း မရကြတာပါ။ ဖုန်းလိုင်းကို အားကိုးပြီးတော့ ပြည်ပ၊ ပြည်မနဲ့ ဆက်သွယ်နေရတာပါ” ဟု ပြောသည်။
ရမ်းဗြဲမြို့နယ်တွင် MEC ကမ်းရိုးတန်းဖုန်းလိုင်းတစ်ခုသာ ရရှိကြပြီး စတားလင့် (ဂြိုလ်တု) အင်တာနက် အသုံးပြုခွင့်ကိုလည်း ULA/AA က လုံးဝ ပိတ်ပင်တားမြစ်ထားကြောင်း ဒေသခံများက ပြောသည်။
လက်ရှိ ရမ်းဗြဲမြို့နယ်တွင် MEC ကမ်းရိုးတန်း ဖုန်းလိုင်းအပြင် MPT မြန်မာ့ဆက်သွယ်ရေး ဖုန်းလိုင်းမှာလည်း ပြန်လည်ရရှိနေကြောင်း ရမ်းဗြဲဒေသခံများက ပြောဆိုကြသည်။
လေးတောင်မြို့ခံ အမျိုးသားတစ်ဦးက “အရင်ကတော့ MEC ကမ်းရိုးတန်း ဖုန်းတစ်မျိုးပဲ ရတယ်။ အခုနောက်ပိုင်း MPT တို့ ရလာပါတယ်။ MEC နဲ့ ရတုန်းကဆိုရင် ဆိုင်တွေမှာ ဖုန်းသွားဆက်လို့ အဆင်ပြေပါတယ်။ အခု ULA/AA က ပိတ်ပင်ထားတာ ၃ လနီးပါး ရှိလာနေပါပြီ။ ဒီလိုပိတ်ထားတော့ ကျနော်တို့ပြည်သူတွေ တော်တော်လေးကို အခက်အခဲ ဖြစ်ကြရပါတယ်။ ငွေလွှဲငွေထုတ်ရတာ လုံးဝကို အဆင်မပြေပါဘူး။ မိသားစု သာရေး၊ နာရေးတွေကို မေးလို့ မရပါဘူး။ သားနဲ့ သမီးက ပြည်ပ ရောက်နေတယ်။ အဆက်အသွယ်မရတာ သုံးလလောက် ရှိနေပြီ” ဟု ပြောသည်။
ထို့အပြင် ပြည်ပနှင့် ပြည်မဘက်ကို ရောက်ရှိနေသူများမှာလည်း မိသားစုများနှင့် အဆက်အသွယ်မရခြင်း၊ ငွေလွှဲငွေထုတ် မရခြင်းတို့ဖြင့် အဆင်မပြေမှုများရှိနေကြောင်း ရန်ကုန်ရောက် လေးတောင်မြို့ခံ ပန်းထိမ်လုပ်ငန်း လုပ်ကိုင်နေသူတစ်ဦးက ပြောသည်။
“ဖုန်းလိုင်း အသုံးပြုခွင့်ကိုတော့ နည်းနည်းဖြေလျှော့ပေးဖို့ လိုပါတယ်။ ဖုန်းဆက်ခွင့်ကိုတော့ အနည်းနဲ့ အများ ခွင့်ပြုပေးသင့်တာပေါ့။ ကျနော်တို့မှာ မြောက်ပိုင်းဘက်က သူတွေလို ပြည်သူတွေက အင်တာနက်လိုင်းရကြတာ မဟုတ်ဘူးလေနော်။ ဖုန်းလိုင်းတစ်ခုပဲ ရကြတာပါ။ ဒါတောင် MEC တစ်ခုပဲ ရကြတာပါ။ ဒါကို ဖုန်းဆက်ခွင့် ပိတ်လိုက်တော့ ငွေလွှဲငွေထုတ်တဲ့ အပိုင်းမှာ အရမ်းကို အခက်အခဲ ဖြစ်ကြပါတယ်။ ပြီးတော့ ငွေထုတ်နှုန်းထားကလည်း အရမ်းမြင့်နေပါတယ်” ဟု ပြောသည်။
အာရက္ခတပ်တော် AA က လုံခြုံရေးအကြောင်းပြချက်ဖြင့် ပြည်သူများကို ဖုန်းဆက်ခွင့် တရားဝင် မပေးသည်မှာ လက်ရှိအချိန်အထိ ၃ လနီးပါး ရှိလာနေပြီဖြစ်ကြောင်း ရမ်းဗြဲမြို့နယ် ဒေသခံများက ပြောသည်။
ယခင်က ရမ်းဗြဲမြို့နှင့် လေးတောင်မြို့နယ်မှ ဈေးဆိုင်များတွင်ရှိသော MEC ကမ်းရိုတန်းဖုန်းဖြင့် တစ်မိနစ်ကို ပြည်တွင်း ငွေကျပ် ၁၂၀၀ ဖြင့် ခေါ်ဆိုနိုင်ခဲ့ပြီး လက်ရှိတွင် ယင်းဆိုင်အားလုံးကို ULA/AA က ပိတ်ပင်ထားသည်။
ထို့အပြင် ငွေလွှဲငွေထုတ်သည့် ရာခိုင်နှုန်းမှာလည်း ရခိုင်မြောက်ပိုင်း ဒေသများထက် ရာခိုင်နှုန်း အဆမတန် ဈေးမြင့်မားနေပြီး လက်ရှိ ရမ်းဗြဲမြို့နယ်ကို ငွေကျပ် ၁၀ သိန်းလွှဲပါက ငွေကျပ် ၆ သောင်းကနေ ၇ သောင်းအထိ ပေးနေရကြောင်း သိရသည်။
