ရခိုင့်ဦးဆောင်ပါတီ AFP က ဒေါက်တာအေးမောင် အပါအဝင် သားဖြစ်သူ ဦးတင်မောင်ဝင်း၊ ဇနီးဖြစ်သူ ဒေါ်မြမြသက်တို့ စစ်ကောင်စီကျင်းပသော ရွေးကောက်ပွဲတွင် ဝင်ရောက်ဝင်ယှဉ်ပြိုင်ခဲ့ရာ မဲအရေအတွက်ဖြင့် ရှုံးနိမ့်ခဲ့ကြောင်း သိရသည်။
အာဏာသိမ်း စစ်ကောင်စီ ကျင်းပသော အပိုင်း (၁) ရွေးကောက်ပွဲကို နေရာအချို့တွင် ကျင်းပခဲ့ရာတွင် ရခိုင်ပြည်၊ စစ်တွေ၊ ကျောက်ဖြူနှင့် မာန်အောင်မြို့နယ်တို့တွင်လည်း ဒီဇင်ဘာ ၂၈ ရက်နေ့က ကျင်းပပြုလုပ်ခဲ့သည်။
ရခိုင့်ဦးဆောင်ပါတီ AFP ပါတီဝင်တစ်ဦးက “ရခိုင့်ဦးဆောင်ပါတီ AFP ပါတီက ဒေါက်တာအေးမောင်ရယ်၊ ပြီးတော့ သားဖြစ်သူ ကိုတင်မောင်ဝင်းရယ်တို့က မဲအရေအတွက်မှာ ရှုံးပါတယ်။ ပြီးတော့ ဒေါက်တာအေးမောင် ဇနီးလည်း မဲအရေအတွက်မှာ ရှုံးပါတယ်။ သူတို့ မိသားစု သုံးဦးလုံး ရှုံးသွားတာပါ။ လက်ရှိအချိန်ထိတော့ မဲစာရင်း ရလဒ်တွေကိုတော့ ကျနော်တို့ မရသေးဘူး” ဟု ပြောသည်။
ရခိုင်ပြည်၊ စစ်တွေမြို့နယ် အမျိုးသားလွှတ်တော် ကိုယ်စားလှယ်နေရာကို ရခိုင့်ဦးဆောင်ပါတီ AFP က ဒေါက်တာအေးမောင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး သားဖြစ်သူ ဦးတင်မောင်ဝင်းသည် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် မဲဆန္ဒနယ် အမှတ် (၁) စစ်တွေမြို့နယ်က PR စနစ်ဖြင့် ယှဉ်ပြိုင်ခဲ့သည်။
အလားတူ ဒေါက်တာအေးမောင်၏ ဇနီးဖြစ်သူ ဒေါ်မြမြသက်သည်လည်း အမျိုးသားလွှတ်တော်ကနေ စစ်တွေမြို့နယ်တွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး မဲအရေအတွက်ဖြင့် ရှုံးနိမ့်ခဲ့ကြောင်း ရခိုင့်ဦးဆောင်ပါတီ AFP နှင့် နီးစပ်သူများက Western News ကို ပြောသည်။
“မဲစာရင်းကတော့ မသိရသေးပါဘူး။ FPTP အကုန်ယူ FPTP စနစ်ဖြင့်သာ ရှုံးတာပါ။ ဦးတင်မောင်ဝင်းရယ်၊ သူ့အမေ ဆရာမ ဒေါ် မြမြသက်ရယ် ရှုံးပါတယ်။ PR အနေနဲ့ ကတော့ တက်လှမ်း သွားတာပေါ့၊ မဲစာရင်းတော့ စစ်ကောင်စီက တရားဝင် မထုတ်ပြန်သေးဘူး” ဟု ပြောသည်။
ရခိုင့်ဦးဆောင်ပါတီ AFP က အမျိုးသားလွှတ်တော်မှာ ဒေါက်တာအေးမောင်၊ ဦးသာအေး၊ ဦးသိန်းထွန်းဦး အပါအဝင် ပြည်သူ့လွှတ်တော်၊ ပြည်နယ်လွှတ်တော်တို့တွင် ကိုယ်စားလှယ်စုစုပေါင်း ၄၁ ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည်။
ရခိုင်ပြည်တွင် မြို့နယ် ၁၇ မြို့နယ်ရှိသည့်အနက် ပလက်ဝ အပါအဝင် မြို့နယ် ၁၅ မြို့နယ်ကို အာရက္ခတပ်တော် AA က ထိန်းချုပ်ထားကာ ကျန်မြို့နယ်များဖြစ်သော စစ်တွေ၊ ကျောက်ဖြူ၊ မာန်အောင်မြို့နယ်တို့တွင် စစ်ကောင်စီက ရွေးကောက်ပွဲ ကျင်းပခဲ့သည်။
စစ်တွေ၊ ကျောက်ဖြူ၊ မာန်အောင်မြို့နယ်တို့တွင် ရခိုင့်ဦးဆောင်ပါတီ၊ ရခိုင်တိုင်းရင်းသားများပါတီ RNP၊ စစ်တပ် ကျော့ထောက်နောက်ခံပြုထားသော ကြံ့ခိုင်ရေးပါတီ USDP နှင့် ရခိုင်မျိုးနွယ်စုပါတီများ အပါအဝင် ပါတီ ၈ ခု ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည်။
