Friday, August 29, 2025
Home » DMG သတင်းထောက်နှင့် ရုံးဝန်ထမ်း ထောင်ဒဏ် ၅ နှစ်စီ ချမှတ်ခံရ

DMG သတင်းထောက်နှင့် ရုံးဝန်ထမ်း ထောင်ဒဏ် ၅ နှစ်စီ ချမှတ်ခံရ

0 3

(DMG သတင်းဌာနမှ စစ်ကောင်စီကို ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချ)

ရခိုင်ပြည် အခြေစိုက် သတင်းမီဒီယာ ဖွံ့ဖြိုးတိုးတက်ရေးမီဒီယာအုပ်စု DMG သတင်းဌာနမှ သတင်းထောက် ကိုထက်အောင်နှင့် ရုံးဝန်ထမ်း ကိုစိုးဝင်းအောင်ကို ထောင်ဒဏ် ၅ နှစ်စီ အာဏာသိမ်းစစ်ကောင်စီမှ ယနေ့ ဇွန်လ ၂၈ ရက်တွင် မတရားချမှတ်ခဲ့ကြောင်း DMG ထုတ်ပြန်ချက်အရ သိရသည်။

၂၀၂၃ ခုနှစ် အောက်တိုဘာလ ၂၉ ရက်နေ့က အလှူပွဲအား သတင်းဓါတ်ပုံယူရာမှာ သတင်းထောက် ကိုထက်အောင်ကို စစ်ကောင်စီတပ်ဖွဲ့ဝင်များမှ မတရားဖမ်းဆီးခဲ့ပြီး ရုံးကိုဝင်စီးကာ ရုံးအစောင့် ကိုစိုးအောင်ကိုပါ ဖမ်းဆီးပြီး ထောင်ချခဲ့ခြင်းဖြစ်သည်။

သတင်းထောက် ကိုထက်အောင်နှင့် ရုံးအစောင့်ဝန်ထမ်း ကိုစိုးဝင်းအောင်တို့ကို အာဏာသိမ်း စစ်ကောင်စီက အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ – ၅၂ (က) ဖြင့် တရားစွဲကာ စစ်တွေမြို့နယ်တရားရုံးမှ အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၅ နှစ်စီ အသီးသီး ချမှတ်ခံခဲ့ရသည်။

သတင်းထောက်နှင့် ရုံးဝန်ထမ်းကို မတရားဖမ်းဆီးကာ ထောင်ဒဏ်များ ချမှတ်ခြင်းအတွက် Development Media Group (DMG) က စစ်ကောင်စီအား ပြင်းထန်စွာကန့်ကွက်ရှုတ်ချကြောင်း ယနေ့ ထုတ်ပြန်ထားသည်။

စစ်ကောင်စီသည် DMG သတင်းဌာနမှ သတင်းထောက် ကိုထက်အောင်နှင့် ရုံးဝန်ထမ်း ကိုစိုးဝင်းအောင်အား ထောင်ဒဏ်ချထားသည့်အပြင် နောက်ထပ် အယ်ဒီတာချုပ်အပြင် သတင်းထောက် ၁၈ ဦးတို့ကို ဖမ်းဝရမ်းထုတ်ထားပြီး ၎င်းတို့အားလုံးမှာ တိမ်းရှောင်နေကြရသည်။

စစ်အာဏာသိမ်းပြီးနောက် ၂၀၂၁ ခုနှစ် တွင်လည်း DMG သတင်းဌာနမှ တာဝန်ခံအယ်ဒီတာနှစ်ဦးနှင့် သတင်းထောက်နှစ်ဦးတို့ကို ဆက်သွယ်ရေး ဥပဒေပုဒ်မ – ၆၆ (ဃ)၊ နိုင်ငံတော်အကြည်အညိုပျက်စေမှု ဥပဒေပုဒ်မ – ၅၀၅(က) တို့ဖြင့် အမှုဖွင့်ခဲ့သည်။

အာဏာသိမ်းစစ်ကောင်စီသည် သတင်းအမှောင်ချရန်အတွက် လွတ်လပ်သောသတင်းဌာနများကို ပိတ်သိမ်း၊ သတင်းထောက်များကို ဖမ်းဆီး၊ ဥပဒေကို လိုသလိုဆွဲသုံးကာ သတင်းထောက်များ၏ သတင်းရယူပိုင်ခွင့်နှင့် ပြည်သူတို့၏ သတင်းသိပိုင်ခွင့်ကို နည်းမျိုးစုံဖြင့် နှောင့်ယှက်ပိတ်ပင်နေကြောင်း ဆိုသည်။

ထို့အပြင် လက်ရှိတွင်လည်း အင်တာနက်နှင့် ဖုန်းလိုင်းများကို ဖြတ်တောက်ကာ မြန်မာပြည်သူတစ်ရပ်လုံးအား သတင်းအမှောင်ချလျက် ရှိနေသည်ဟု DMG က ထုတ်ပြန်ပြောဆိုထားသည်။

Leave a Comment

နောက်ဆုံး သတင်းများရယူလိုက်ပါ