Wednesday, October 15, 2025
Home » အာဆီယံအစည်းအဝေး အားလုံးက စစ်ကောင်စီကို ဖယ်ထုတ်ရေး အရပ်ဘက် ၃၃၃ ဖွဲ့တောင်းဆို

အာဆီယံအစည်းအဝေး အားလုံးက စစ်ကောင်စီကို ဖယ်ထုတ်ရေး အရပ်ဘက် ၃၃၃ ဖွဲ့တောင်းဆို

1 3

လာအိုနိုင်ငံ ဗီယန်ကျင်းမြို့တွင် ဇူလိုင် ၂၁ မှ ၂၇ ရက်အတွင်း အစည်းအဝေးကျင်းပကြမည့် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအနေဖြင့် မြန်မာစစ်ကောင်စီကို အစည်းအဝေးများအားလုံးက ဖယ်ထုတ်ပေးရန် အရပ်ဘက်အဖွဲ့ ၃၃၃ ဖွဲ့က အိတ်ဖွင့်ပေးစာဖြင့် တောင်းဆိုလိုက်သည်။

မြန်မာပြည်သူတို့၏ ဒီမိုကရေစီဆန္ဒကို ထောက်ခံအားပေးရန် အရပ်ဘက်အဖွဲ့ ၃၃၃ ဖွဲ့က အာဆီယံနိုင်ငံခြားရေးဝန်ကြီးများကို ယနေ့ ဇူလိုင် ၂၀ တွင် တောင်းဆိုလိုက်ကြသည်။

စစ်ကောင်စီကို အာဆီယံက ဖယ်ရှားပြီး အမျိုးသားညီညွတ်ရေးအစိုးရ NUG ကို တက်ရောက်ခွင့်ပေးရေးကိုလည်း တောင်းဆိုခဲ့ကြသည်။

အာဆီယံနိုင်ငံခြားရေးဝန်ကြီးများက နေ့စဉ် ပြည်သူလူထုအား သတ်ဖြတ်နေသော တရားမဝင် စစ်ကောင်စီအား အစည်းအဝေးများသို့ ဖိတ်ကြားမည်ကို စိုးရိမ်ကြောင်းလည်း အရပ်ဘက်အဖွဲ့အစည်းများက ပြောသည်။

အာဆီယံက စစ်ကောင်စီအား ဖိတ်ကြားမှုလုပ်ရပ်သည် စစ်ကောင်စီအတွက် အဆင့်မြင့်အစည်းအဝေးများသို့ တက်ရောက် နောက်ဖေးဝင်ပေါက် တစ်ခု ဖန်တီပေးခြင်းနှင့် တူသည်ဟု ဆိုသည်။

အာဏာသိမ်း စစ်ကောင်စီအနေဖြင့် အာဆီယံ၏ ဘုံသဘောတူညီချက် ၅ ရပ်ကို လိုက်နာဆောင်ရွက်ရန် ပျက်ကွက်နေသည်ကိုလည်း အာဆီယံက သတိပြုရန် အရပ်ဘက်အဖွဲ့များ၏ အိတ်ဖွင့်ပေးစာတွင် ဖော်ပြသည်။

အာဆီယံနှင့် အဖွဲ့ဝင်နိုင်ငံများအားလုံးက မြန်မာစစ်တပ်ကို ဆန့်ကျင်ရှုတ်ချသည့် အရေးယူလုပ်ဆောင်မှုများအပေါ် ကျေးဇူးတင်ကြောင်းလည်း အရပ်ဘက်အဖွဲ့များက ပြောသည်။

သို့သော်လည်း အာဆီယံအဖွဲ့ဝင်နိုင်ငံများအနေဖြင့် အစည်းအဝေးများမှ စစ်ကောင်စီအား ဖယ်ရှားပေးရန် လိုအပ်နေသေးသည်။

မြန်မာပြည်သူများ ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက်ထားသော အစိုးရကို အဓမ္မနည်းဖြင့် မြန်မာစစ်တပ်က ဖြုတ်ချပြီး ပြည်သူ့ထောက်ခံမှုမရှိဘဲ မတရားအာဏာသိမ်းထား၍ အာဆီယံအနေဖြင့် အလေးအနက် လုပ်ဆောင်ရန် အရေးတကြီးလိုအပ်နေကြောင်း တောင်းဆိုထားကြသည်။

နောက်ဆုံး သတင်းများရယူလိုက်ပါ