ချင်းပြည်နယ် ဟားခါးမြို့မှာ CDM မလုပ်သော Non-CDM ဝန်ထမ်းများကို တွေ့သည့်နေရာတွင် ပစ်ခတ်အရေးယူသွားမည်ဟု Chinland Defense Force Hakha က စက်တင်ဘာလ ၂၃ ညနေက သတိပေးစာ ထုတ်ပြန်သည်။
အကြမ်းဖက်စစ်ကောင်စီနှင့် အကြမ်းဖက် သမားများ၏ လုပ်ငန်းယန္တရား လည်ပတ်နိုင်ရန် ကူညီပေးနေသည့်အတွက် Non-CDM ဝန်ထမ်းများကို စစ်ကောင်စီလို သဘောထားပြီး ပစ်ခတ် အရေးယူမည်ဖြစ်သည်။
CDF-Hakha အနေဖြင့် စစ်ကောင်စီနှင့် အလုပ်တွဲလုပ်သော လူများအားလုံးကို စစ်ကောင်စီသဖွယ်သဘော ထားမည်ဟု ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် ဇွန်လ ၁၆ ရက်က ထုတ်ပြန်ခဲ့ပြီးနောက် ယခု အကောင်အထည်ဖော်လာခြင်းဖြစ်သည်။
စစ်ကောင်စီက သူ့၏နိုင်ငံရေးထွက်ပေါက်အဖြစ် ရွေးကောက်ပွဲကျင်းပရန် ကြိုးစားနေသည့် ဒေသများထဲတွင် ဟားခါးမြို့လည်းပါဝင်သည်။
၂၀၂၄ ခုနှစ် စက်တင်ဘာလ ၂၃ ရက်တွင် ဟားခါးမြို့မှ ဌာနဆိုင်ရာဝန်ထမ်းများအားလုံး စစ်ကောင်စီက အစည်းအဝေးခေါ်ပြီး ရွေးကောက်ပွဲအတွက် စာရင်းပြုစုနည်းကို သင်ကြားပေးနေ၍ CDF-Hakha က သိထားထုတ်ပြန်လာခြင်းဖြစ်သည်။
စစ်ကောင်စီက လာမည့် အောက်တိုဘာ ၁ ရက်နေ့ကနေစပြီး ၁၅ ရက်နေ့အထိ တစ်နိုင်ငံလုံး သန်းခေါင်စာရင်းကောင်ယူသွားမည်ဟု တရားဝင်သတင်းထုတ်ပြန်ထားသည်။
စစ်ကောင်စီက ကျင်းပရန်စီစဉ်နေသော ရွေးကောက်ပွဲအတွက် သန်ခေါင်စာရင်းကောက်သည့် နေရာတွင် ပါဝင်သူများအားလုံးကို ပစ်ခတ်သွားမည်ဖြစ်သည်။
ချင်းပြည်နယ်ကို ဒေသခံကာကွယ်ရေးတပ်ဖွဲ့များက အဓိက နယ်မြေစိုးမိုးထားပြီး မြို့ပေါ်များတွင်သာ စစ်ကောင်စီတပ်များလည်း ရှိနေဆဲဖြစ်သည်။
ချင်းပြည်နယ်က စစ်ကောင်စီ လက်နက်ကိုင်အဖွဲ့များမှာ ဒေသခံကာကွယ်ရေးတပ်ဖွဲ့များထံ အလင်းဝင်ရောက်မှုများရှိနေကြသည်။
ယခု စက်တင်ဘာလ အတွင်းမှာ ဟားခါးမြို့ပေါ်က စစ်ကောင်စီလက်အောက်ခံ ရဲတပ်သား ၃ ဦးနှင့် တစ်ပွင့်ဗိုလ် ၁ ဦး စုစုပေါင်း ၄ ဦးအထိ CDF- Hakha ထံ အလင်းဝင်ထားကြကြောင်း သိရသည်။
(ရန်ကုန်ခေတ်သစ်မီဒီယာ သည် Western News ၏ မိတ်ဖက်အဖွဲ့ဖြစ်သည်)