Sunday, August 24, 2025
Home » စစ်ကောင်စီ၏ အတုအယောင် ငြိမ်းချမ်းရေးကမ်းလှမ်းမှုကို လက်မခံဟု IEC ထုတ်ပြန်

စစ်ကောင်စီ၏ အတုအယောင် ငြိမ်းချမ်းရေးကမ်းလှမ်းမှုကို လက်မခံဟု IEC ထုတ်ပြန်

0 5

အာဏာသိမ်း စစ်ကောင်စီ၏ အတုအယောင် ငြိမ်းချမ်းရေးကမ်းလှမ်းမှုကို လုံးဝ လက်မခံဟု ကရင်နီကြားကာလအုပ်ချုပ်ရေးကောင်စီ IEC က ယနေ့ စက်တင်ဘာ ၂၈ ရက်တွင် ထုတ်ပြန်သည်။

စစ်ခေါင်းဆောင် မင်းအောင်လှိုင်၏ ဖိတ်ခေါ်ချက်သည် ဒီမိုကရေစီအင်အားစုများကြား သွေးခွဲရန် ရည်ရွယ်ချက်ဖြင့် အတုအယောင် ငြိမ်းချမ်းရေးကို ကမ်းလှမ်းနေခြင်းဖြစ်သည်ဟု IEC က ဆိုသည်။

အကြမ်းဖက် အဖွဲ့ဖြစ်သည့် မြန်မာစစ်တပ် (စစ်ကောင်စီ) ၏ ရက်စက်ကြမ်းကြုတ်မှုများကို လူထုပေါင်းစုံမှ တက်ညီလက်ညီ ဆန့်ကျင့်ကြသဖြင့် ၎င်းတို့၏ အုပ်ချုပ်ရေးယန္တရားများမှာ တရားဝင်မှုမရှိတော့ကြောင်း ကရင်နီကောင်စီ IEC က ပြောသည်။

“စစ်ကောင်စီ၏ အုပ်ချုပ်ရေးယန္တရားများမှာ တရားဝင်မှုမရှိတော့သည့်အပြင် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ အာဏာတည်မှုမှာလည်း မြန်မာတစ်နိုင်ငံလုံး အတိုင်းအတာဖြင့် သက်ရောက်မှုမရှိတော့ကြောင်း” ဟု ပြောသည်။

ပြည်သူများအား အတင်းအဓမ္မ စစ်မှုထမ်းခိုင်းသည့်အပြင် သန်းခေါင်စာရင်းကောက်ယူပြီး ရွေးကောက်ပွဲလုပ်ကာ နိုင်ငံရေးထွက်ပေါက် ရှာလာခြင်းနှင့် လက်နက်ကိုင်အဖွဲ့များအား လက်နက်စွန့်ခိုင်းနေသည်။

ပြည်သူရွေးကောက်တင်မြှောက်ထားသော ၂၀၂၀ အစိုးရအဖွဲ့ကို လက်နက်အားကိုးဖြင့် အာဏာသိမ်းယူခဲ့ပြီးနောက် စစ်ကောင်စီ (မြန်မာစစ်တပ်) သည် ပြည်သူ့အသက်အိုးအိမ် များစွာ ပျက်စီးဆုံးရှုံးခဲ့ရသလို ဘာသာရေးအဆောက်အဦးများ၊ ဆေးရုံများကို လေကြောင်း တိုက်ခိုက်မှု ပြုလုပ်ခဲ့သည်။

မြန်မာစစ်တပ် အာဏာသိမ်းပြီးနောက် စစ်ကောင်စီနှင့် လက်ပါးစေများကြောင့် အကြမ်းဖက်လုပ်ရပ်များကြောင့် ၂၀၂၁ ဖေဖော်ဝါရီလမှ ၂၀၂၄ စက်တင်ဘာလ ၂၇ ရက်နေ့အထိ ဒီမိုကရေစီအရေး လှုပ်ရှားသူများနှင့် အပြစ်မဲ့ပြည်သူ ၅၇၁၂ ဦး သေဆုံးခဲ့ရကြောင်း နိုင်ငံရေးအကျဉ်းသားများအဖွဲ့ AAPP က ထုတ်ပြန်ထားသည်။

ထို့ပြင် ဖမ်းဆီးခံခဲ့ရသူ စုစုပေါင်း ၂၇၄၆၃ ဦးရှိပြီး ယင်းအထဲမှ ၂၀၉၆၉ ဦးမှာ ထိန်းသိမ်းခံနေရဆဲဖြစ်ကာ ထိန်းသိမ်းခံနေရသူများအနက်မှ ၉၄၆၀ ဦးမှာ ထောင်ဒဏ်ချမှတ်ခံထားရသည်။

ကရင်နီပြည်ကြားကာလ အုပ်ချုပ်ရေးကောင်စီအနေဖြင့် အကြမ်းဖက် တရားမဝင်အာဏာသိမ်း စစ်တပ် (စစ်ကောင်စီ) ၏ ဖိတ်ခေါ်ချက်အပေါ် လက်ခံညှိနှိုင်းမည်မဟုတ်ဘဲ စစ်မှန်သော ဖက်ဒရယ်စနစ်ဖြစ်ပေါ်ရေးကိုသာ ကြိုးပမ်းမည်ဟု ဆိုသည်။

ကရင်နီပြည်အတွင်း စစ်ကောင်စီ၏ မတရားလုပ်ဆောင်မှုများကို တားမြစ်သွားမည်ဖြစ်ကြောင်းနှင့် အခြားသော ပြည်နယ်များ၊ ဖက်ဒရယ်ယူနစ်များအနေဖြင့်လည်း လူထုဆန္ဒ အတိုင်း ညီညွတ်စွာ ဆက်လက်ရပ်တည်ကြရန် တိုက်တွန်းထားသည်။

Leave a Comment

နောက်ဆုံး သတင်းများရယူလိုက်ပါ