Monday, October 13, 2025
Home » မာန်အောင်က စီးပွားရေးလုပ်ငန်းရှင် ဦးစည်သူအောင် ထောင်ဒဏ် ၃ နှစ်ချမှတ်ခံရ

မာန်အောင်က စီးပွားရေးလုပ်ငန်းရှင် ဦးစည်သူအောင် ထောင်ဒဏ် ၃ နှစ်ချမှတ်ခံရ

0 9

Western News| ဧပြီ ၁

ရခိုင်ပြည် မာန်အောင်မြို့ဒေသခံ မေဃသစ္စာဖုန်းအရောင်းဆိုင်ပိုင်ရှင် ဦးစည်သူအောင်ကို အာဏာသိမ်း စစ်ကောင်စီက ပုဒ်မ ၅၀၅(က) ဖြင့် တရားစွဲဆိုပြီး မတ်လ ၂၉ ရက်နေ့က ထောင်ဒဏ် ၃ နှစ် ချမှတ်လိုက်ကြောင်း သိရသည်။

ဦးစည်သူအောင်မှာ PDF နှင့် ဆက်သွယ်၍ဆိုပြီး ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ ၁၉ ရက်နေ့ ညနေပိုင်းက ဖမ်းဆီးခံခဲ့ရကာ စစ်ကောင်စီ ရဲတပ်ဖွဲ့ဝင်များက ပုဒ်မ ၅၀၅(က) ဖြင့် တရားစွဲဆိုခဲ့ခြင်းဖြစ်သည်။

ဦးစည်သူအောင်သည် အသက် ၅၀ ကျော်အရွယ်ရှိပြီး ဗမာအမျိုးသားဖြစ်ကာ မာန်အောင်မြို့တွင် အိမ်ထောင်ကျ၍ ဖုန်းအရောင်းဆိုင်ဖွင့်လှစ်ပြီး ရိုးရိုးသားသား လုပ်ကိုင်စားသောက် နေထိုင်သူလည်းဖြစ်သည်။

အာဏာသိမ်း စစ်ကောင်စီက PDF နှင့် ဆက်သွယ်သည်ဆိုပြီး မတရားစွပ်စွဲ ထောင်ချခြင်းကို မိသားစုဝင်များက ကျေနပ်မှုမရှိကြပေ။

ဦးစည်သူအောင်သည် နိုင်ငံတော်တည်ငြိမ်အေးချမ်းကို ပျက်ပြားစေရန် ရည်ရွယ်၍ ဖေ့စ်ဘုတ်လူမှုကွန်ရက်စာမျက်နှာတွင် ရေးသားဖြန့်ဝေခဲ့သည့်အတွက် ဖမ်းဆီးရခြင်းဖြစ်သည်ဟု ၂၀၂၃ ခုနှစ် စက်တင်ဘာလ ၂၂ ရက်နေ့က စစ်ကောင်စီမှ ကြေညာခဲ့သည်။

သို့သော်လည်း စစ်ကောင်စီ၏ စွပ်စွဲပြောဆိုချက်များကို ဦးစည်သူအောင်၏ မိသားစုဝင်များက လက်မခံကြောင်းနှင့် မာန်အောင်အကျဉ်းခန်းက သေးငယ် ဦးစည်သူအောင် ကျန်းမာရေး ပိုမိုဆိုးရွားသွားမည်ကို မိသားစုဝင်များက စိတ်ပူနေကြသည်။

ဦးစည်သူအောင်သည် မာန်အောင်မြို့နယ်အတွင်း သာရေးနာရေးကိစ္စရပ်များတွင် တက်တက်ကြွကြွပါဝင် ကူညီဆောင်ရွက်သူတစ်ဦးလည်းဖြစ်ကြောင်း သိရသည်။

Western News-WN

နောက်ဆုံး သတင်းများရယူလိုက်ပါ