Monday, October 13, 2025
Home » လွတ်မြောက်နယ်မြေသို့ တိမ်းရှောင်လာသော မွတ်ဆလင်များကို AA က ကူညီဆောင်ရွက်ပေးနေကြောင်း ဗိုလ်ချုပ်ထွန်းမြတ်နိုင်ပြော

လွတ်မြောက်နယ်မြေသို့ တိမ်းရှောင်လာသော မွတ်ဆလင်များကို AA က ကူညီဆောင်ရွက်ပေးနေကြောင်း ဗိုလ်ချုပ်ထွန်းမြတ်နိုင်ပြော

1 13

(ဓါတ်ပုံသတင်း)

အသက်ဘေးမှ လွတ်မြောက်ရန် စစ်ကောင်စီထိန်းချုပ်နယ်မြေမှ ထွက်ပြေးတိမ်းရှောင်လာသော မွတ်ဆလင်များကို အာရက္ခတပ်တော် AA က ကူညီဆောင်ရွက်ပေးနေကြောင်း AA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်က ဓါတ်ပုံနှင့်တကွ ထုတ်ပြပြောဆိုသည်။

ကိုယ်ကျိုးစီးပွားရှာနေသော မွတ်ဆလင်တက်ကြွလှုပ်ရှားသူများ ထိုးနှက်နေသော်လည်း အာရက္ခစစ်သည်တော်များမှာ ကူညီဆောင်ရွက်လျှက်ရှိသည်ဟု ဗိုလ်ချုပ်ထွန်းမြတ်နိုင်က ၎င်းတို့ X လူမှုကွန်ရက်စာမျက်နှာတွင် ယနေ့ ရေးသားပြောဆိုထားသည်။

ဗိုလ်ချုပ်၏ ရေးသားချက်အပြည့်အစုံမှာ ” ကိုယ်ကျိုးရှာပြီး မိမိကိုယ်မိမိ ထင်မြင်ယူဆထားသော အကျိုးစီးပွားအတွက် တက်ကြွလှုပ်ရှားသူများနှင့် သစ္စာစောင့်သိသော လက်ကိုင်တုတ်များ ပြင်းထန်စွာ ထိုးနှက်နေသော်လည်း စစ်မှန်သော သူရဲကောင်းများသည် ၎င်းတို့၏လမ်းစဉ်အတွက် တာဝန်ကျေပွန်မှု၊ အကြောက်တရားကင်းမဲ့မှု၊ သက်ညှာမှု၊ အနိုင်ယူမှုတွေနဲ့ ခိုင်မြဲစွာ သန္နိဋ္ဌာန်ချထားလျက်၊ ‘သူတို့က ငါတို့ရဲ့ အဖပြည်အတွက် စစ်မှန်တဲ့ သူရဲကောင်းတွေပဲ’ ” ဟု ရေးသားထားသည်။

ဗိုလ်ချုပ်ထွန်းမြတ်နိုင် ထုတ်ပြန်ထားသော ဓါတ်ပုံမှာ စစ်ကောင်စီဘေးရန်မှ ထွက်ပြေးလာသည့် မွတ်ဆလင် သက်ကြီးရွယ်အိုများနှင့် ကလေးငယ်များကို ဘေးကင်းရာနေရာများသို့ ပြောင်းရွှေ့ပေးခြင်းနှင့် မွတ်ဆလင်များ၏ အထုပ်အပိုးများကို ကူသယ်ပေးနေခြင်းကို တွေ့ရသည်။

စစ်ကောင်စီ ဘေးရန်မှ ထွက်ပြေးလာသော မွတ်ဆလင်များမှာလည်း အာရက္ခတပ်တော် AA တပ်ဖွဲ့ဝင်များနှင့် ရယ်ရယ်မောမော ဘေးကင်းရာနေရာများသို့ သွားရောက်ခြင်းကိုလည်း‌ တွေ့ရသည်။

အဆိုပါ မွတ်ဆလင်များမှာ ဘူးသီးတောင်၊ မောင်တောဒေသက မွတ်ဆလင်များဖြစ်နိုင်ပြီး အာရက္ခပြည်အတွင်း နေထိုင်ကြသော ပြည်သူလူထုများ၏ အသက်အိုးအိမ်စည်းစိမ်ကို AA က ကာကွယ်မည်ဟု သိရသည်။

အာရက္ခတပ်တော် AA က ရခိုင်ပြည်အတွင်း အဆုံးသတ်ပွဲကြီး ဆင်နွှဲနေပြီး ဆက်လက်၍ ဆင်နွှဲမည်ဖြစ်သည့်အတွက် စစ်ကောင်စီ ထိန်းချုပ်နယ်မြေများမှ ပြည်သူလူထုများအနေဖြင့် အချိန်မီ လွတ်မြောက်နယ်မြေ သို့မဟုတ် AA ထိန်းချုပ်ရာ နယ်မြေများသို့ သွားရောက်နေထိုင်ကြရန် တိုက်တွန်းထားသည်။

နောက်ဆုံး သတင်းများရယူလိုက်ပါ