Sunday, August 24, 2025
Home » မိုးဗြဲရေကာတာက ရေကြောင့် လွိုင်ကော်မြို့ ဆက်လက် ရေကြီးနေ

မိုးဗြဲရေကာတာက ရေကြောင့် လွိုင်ကော်မြို့ ဆက်လက် ရေကြီးနေ

0 6

ကရင်နီပြည် (ကယား) မှာ မိုးဗြဲရေကာတာ က ရေများဆက်လက် လွှတ်နေသဖြင့် လွိုင်ကော်မြို့နှင့် ကျေးရွာများ ရေဘေးကို အလူးအလဲခံနေရကြောင်း ဒေသခံများထံမှ သိရသည်။

ရေကာတာ က ရေကြောင့် ဘီလူးချောင်းရေ ဆက်လက်မြင့်တက်နေကာ ရေဘေးသင့်မိသားစု ပိုများလာကြောင်း အကူအညီပေးနေသူများက ဆိုသည်။

စက်တင်ဘာလ ၁၆ ရက်နေ့က စ၍ အာဏာသိမ်း စစ်ကောင်စီက မိုးဗြဲရေကာတာ က ရေကို လွှတ်နေခြင်းဖြစ်ပြီး လွိုင်ကော်မြို့အပါအဝင် ကျေးရွာအများအပြားမှာ ရေနစ်မြှုပ်နေကြဆဲဖြစ်သည်။

ဒေသခံရွာသားတစ်ဦးက “ရေတက်တာကတော့ ဆက်တက်နေတုန်းပဲ။ မှုံပြာ၊ ဘုရားဖြူ၊ ဘုရားနီ၊ နမ့်ကွတ် အဲဒီရွာတွေတော့ တစ်ရွာလုံးရေမြုပ်ကြတယ်။ အကူအညီတွေ လိုအပ်နေတာအများကြီးပါပဲ” ဟု ပြောသည်။

လွိုင်ကော်မြို့အနိမ့်ပိုင်း မြို့လယ်ချောင်းအနီး နေအိမ်များအားလုံး နစ်မြုပ်နေပြီး ဒေသခံပြည်သူများ ဘေးကင်းရာသို့ ပြောင်းရွှေ့နိုင်ခဲ့သော်လည်း စားဝတ်နေရေး အလွန်အခက်အခဲဖြစ်နေကြသည်ဟု ရေဘေးကူညီရေး ပရဟိတ လူငယ်တစ်ဦးက ဆိုသည်။

“ဘ၀မှာ တစ်ခါမှ ဒီလောက်ကြီး ရေတက်တာမျိုး မမြင်ဖူးသေးဘူး။ ကိုယ့်ဘ၀မှာ အဆိုးဆုံးမြင်ဖူးတာပဲ” ဟု ပြောသည်။

ကရင်နီပြည်သူ အာဏာသိမ်း စစ်ကောင်စီ၏ အကြမ်းဖက်တိုက်ခိုက်မှုကို ခံနေရသည့် ဒေသတစ်ခုဖြစ်ပြီး စစ်ဘေးနှင့်အတူ ရေဘေးကိုပါ တပြိုင်တည်းခံနေရသည့်အတွက် ဘဝမှာ အဆိုးဆုံး ဖြစ်ရပ်ဟု လွိုင်ကော်ဒေသခံ အသက် ၄၅ နှစ်အရွယ် အမျိုးသားတစ်ဦးက ပြောသည်။

(ရန်ကုန်ခေတ်သစ်မီဒီယာ သည် Western News ၏ မိတ်ဖက်အဖွဲ့ဖြစ်သည်)

Leave a Comment

နောက်ဆုံး သတင်းများရယူလိုက်ပါ