“ခြေတစ်လှမ်းလှမ်းတိုင်း သွေးအိုင်ထဲမှာ တစ်ယောက်၊ နောက်တစ်လှမ်းလှမ်းလိုက်တော့ အဝတ်လစ် အစားလစ် ခန္ဓာကိုယ်တွေ၊ ခြေပြတ်လက်ပြတ် အင်္ဂါပျက်ပြီး သွေးချောင်းစီးနေတာ။ ခေါ်သံအော်သံတွေနဲ့ ညည်းတွားနေကြတယ် ” ဟု အသက် ၅၈ နှစ်အရွယ် ဒေါ်မြအေးက သူဖြတ်သန်းခဲ့ရသည့် တစ်ညတာ အကြောင်းကို ရင်ဖွင့်ပြောသည်။
“သား မရှိတော့ပြီ။ အမေ သေပြီ။ ကူကြပါ။ ကယ်ကြပါ။ အော်ခေါ်နေကြတာ။ သွေးအိုင်ထဲလူးနေတဲ့ အလောင်းတွေ၊ ငိုသံတွေ၊ အော်ဟစ် ငိုကြွေးသံတွေ” ဟု တစ်ဆက်တည်းပြောနေသည်။
ခန္ဓာကိုယ်တစ်ပိုင်းတစ်စ ပျက်စီးသွားသူများ၊ ဦးခေါင်း မရှိတော့ဘဲ မည်သူမည်ဝါ မမှတ်မိလောက်အောင် ရုပ်ပျက်ဆင်းပျက်ဖြင့် သွေးအိုင်ထဲ လဲနေသည့်မြင်ကွင်းကို မျက်ဝါးထင်ထင် ကြုံလိုက်ရခြင်းဖြစ်သည်။
ထိုဖြစ်စဉ်သည် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့ (၂၀၂၅ ဒီဇင်ဘာ ၁၀ ရက်)၊ ည ၉ နာရီ ၁၃ မိနစ်တွင် ရခိုင်ပြည် မြောက်ဦး ခရိုင်ပြည်သူ့ဆေးရုံကို စစ်ကောင်စီက ဖျက်အားပြင်း ပေါင် ၅၀၀ ဗုံးနှစ်လုံးဖြင့်တိုက်ခိုက်၍ သေဆုံး၊ ဒဏ်ရာနေသည့် မြင်ကွင်းကို ပြန်ပြောနေခြင်းဖြစ်သည်။
ထိုလုပ်ရပ်ကြောင့် မြို့နယ်ပေါင်းစုံက ဆေးကုသနေသည့် အရပ်သားလူနာများ၊ လူနာစောင့်များ၊ ဆေးရုံ ဝန်ထမ်းများ အပါအဝင် စုစုပေါင်း ၃၃ ဦးပွဲချင်းပြီး သေဆုံးခဲ့ရပြီး ၇၇ ဦးဒဏ်ရာရရှိ သွားခဲ့ရသည်။
ထိုဖြစ်စဉ်တွင် ဒေါ်မြအေး ဆွေမျိုးနှင့် မိသားစုဝင် ၃ ဦး ပွဲချင်းပြီးသေဆုံးခဲ့ပြီး သူမတွင်လည်း ဒဏ်ရာရခဲ့သည်။
“ကျမက ကိုယ့်ကိုကိုယ် ဘာမှမဖြစ်ဘူး ထင်နေတာ။ အနီးနာက တစ်ယောက် ဖုန်းမီးနဲ့ ထိုးကြည့်တော့ ကျမခန္ဓာကိုယ်မှာ သွေးတွေအပြည့်၊ ဦးခေါင်းကနေ သွေးတွေယိုဆင်းနေတာ။ ထဘီမှာလည်း အကုန်လုံးသွေးတွေ စိုနေမှ သိရတာ ” ဟု ဒေါ်မြအေးက ဆိုသည်။
ဆေးကုနေသည့် အစ်မနှင့် ဆွေမျိုးများကို ကြောင့်ကြစိတ်ဖြင့် လိုက်ရှာရင်း မိမိဒဏ်ရာရနေသည်ကို သတိမထားမိ ခြင်းဖြစ်သည်။ သို့သော် သူမ၏ ဦးခေါင်းညာခြမ်းနှင့် ဘယ်ဖက်ပေါင်တွင် ဗုံးဆံများ ထိမှန်၍ ခန္ဓာကိုယ်အနှံ့တွင် သွေးထွက်နေခြင်းဖြစ်သည်။

သေဆုံးသွားသူများမှာ ဒေါ်မြအေး အစ်မဖြစ်သူ အသက် ၆၅ နှစ်အရွယ် ဒေါ်အောင်စိန်ဖြူနှင့် သားဖြစ်သူ အသက် ၂၃ နှစ်အရွယ် ကျော်ဆန်းလှိုင်အပြင် ဝမ်းကွဲ ညီအစ်ကို တော်စပ်သူ အသက် ၂၂ နှစ်အရွယ် ကိုကိုလင်းတို့ ဖြစ် ကြသည်။
သူတို့ မိသားစုသည် ကျောက်တော်မြို့နယ် ရဘကျေးရွာမှ ဖြစ်ပြီး ဒေါ်အောင်စိန်ဖြူကို ခွဲစိတ်ကုသရန် ဆေးရုံတက် နေရခြင်းဖြစ်သည်။ ဒီဇင်ဘာ ၁၁ ရက် နံနက် ၈ နာရီတွင် ခွဲစပ်ကုသရမည်ဖြစ်သဖြင့် မိသားစုဝင်များ လူနာစောင့် အဖြစ် ဆေးရုံတွင် အဆင်သင့် ရှိနေခြင်းဖြစ်သည်။
ယင်းထဲက ကိုကိုလင်းဆိုသူမှာ သူ့အဒေါ်ခွဲစိတ်ရာတွင် သွေးလိုသဖြင့် သွေးလှူရန် ရောက်ရှိနေခြင်းဖြစ်သည်။
ဗုံးကြဲချိန်တွင် ဒေါ်မြအေးမှာ ဆေးရုံ၏ တောင်ဘက်အဆောင်၌ ဆေးကုနေသည့် ပလက်ဝက လူနာကို သတင်းသွားမေးနေချိန်ဖြစ်၍ အသက်ဘေးမှ လွတ်မြောက်သွားခြင်းဖြစ်ကြောင်း ပြောသည်။ ကျန် ၃ ဦးမှာ ဗုံးပေါက်ကွဲသည့် နေရာနှင့် အနီးကပ်နေရာဖြစ်၍ လူနာအပါဝင် အားလုံး အသက်ဆုံးရှုံးခဲ့ရသည်။
“ကျမ အစ်မ လူနာဆီကို ပြေးလွှားပြီးသွားကြည့်တော့ လူနာမတွေ့တော့ဘူး။ ကုတင်ပဲ ပြိုပျက်ပြီး သွေးစွန်းနေပြီ ” ဟု စိုးရိမ်ထိတ်လန့်နေသည့် မျက်နှာဖြင့် ဖြစ်ကြောင်းစုံကို ရှင်းပြနေသည်။
သေဆုံးသူများထဲတွင် အမျိုးသား ၁၆ ဦး၊ အမျိုးသမီး ၁၇ ဦး စုစုပေါင်း ၃၃ ဦးဖြစ်သည်။ ဒဏ်ရာရသူများထဲတွင် ဒဏ်ရာပြင်းထန်သူ အမျိုသား ၁၈ ဦး အမျိုးသမီး ၉ ဦး၊ စုစုပေါင်း ၂၇ ဦးမှာ အရေးပေါ် အခြေအနေအဖြစ် ဆေးကုမှု ခံနေရသည်။ ကျန်အလတ်စား အသေးစား ဒဏ်ရာရသူ ၅၀ ဦးထိ ရှိခဲ့သည်။ ထိုဖြစ်စဉ်တွင် ထိခိုက်သူအများစုမှာ အမျိုးသမီးများဖြစ်သည်။
ထို့အတူ မြောက်ဦး ဆေးရုံပင်မဆောင်ကြီး၊ ခွဲစိတ်ကုသဆောင် ၊ ခွဲစိတ်ခန်းမ၊ အရိုးဆောင်၊ ဆေးဂိုဒေါင်၊ ဆေးရုံဝင်းအတွင်းရှိ ဝန်ထမ်းအိမ်ရာအပါအဝင် ဆေးရုံတစ်ခုလုံး လုံဝပျက်စီးသွားခဲ့ရသည်။ ဆေးဝါးနှင့် ဆေးရုံးသုံး စက်ပစ္စည်း ကိရိယာအားလုံး ဆုံးရှုံးခဲ့ရသည်။
■ အရပ်ဘက် ဆေးရုံတိုက်ခိုက်ခံရမှု လူ့အသိုင်းဝိုင်းက ရှုတ်ချ
ရခိုင်ပြည်ထဲ နယ်မြေအားလုံးနီးပါး လက်လွှတ်ထားရသည့် စစ်ကောင်စီသည် အရပ်သားများစုဝေးရာ၊ မြို့၊ ရွာ၊ စစ်ဘေးရှောင်စခန်း၊ စာသင်ကျောင်း၊ ဆေးရုံများ၊ ဘုန်းတော်ကြီးကျောင်း၊ ဈေးစသည့်နေရာများကို နေ့ညမပြတ် ဗုံးကြဲတိုက်ခိုက်မှုများ ရှိနေခဲ့သည်။ အစုလိုက်အပြုံလိုက် သေဆုံးမှုတို့လည်း မကြာခဏရှိနေသည်။
ယင်းကြောင့် မြောက်ဦးဆေးရုံကြီးကို ဗုံးကြဲတိုက်ခိုက်ခြင်းသည် စစ်ကောင်စီ၏ ကြီးလေးသည့် အမှားတစ်ခုကို ကျူးလွန်မိခြင်းဟု ကုလသမဂ္ဂအပါဝင် နိုင်ငံတကာနှင့် ပြည်တွင်း၊ ပြည်ပအဖွဲ့အစည်းများက တညီတညွတ်တည်း ဝေဖန် ရှုတ်ချနေကြသည်။
အာရက္ခတပ်တော်ကလည်း မြောက်ဦးဆေးရုံကို ဗုံးကြဲတိုက်ခိုက်မှုသည် လွန်စွာစက်ဆုပ်ရွံရှာဖွယ် အကြမ်းဖက် လုပ်ရပ်ဖြစ်သည် သာမက “အဆိုးရွားဆုံး၊ အပြင်းထန်ဆုံးသော စစ်ရာဇဝတ်မှုကြီးတစ်ခု ” ဟု ဒီဇင်ဘာလ ၁၁ ရက်နေ့တွင် ထုတ်ပြန်သည်။

အာရက္ခတပ်တော် ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုက “စစ်ကောင်စီဟာ စစ်ဘက်နဲ့ မဆိုင်တဲ့ အရပ်ဘက် အပြစ်မဲ့ အရပ်သားနေထိုင်တဲ့ မြို့ရွာတွေကို ပစ်မှတ်ထားတိုက်ခိုက်တာဟာ အလွန်သူရဲဘောကြောင်တဲ့၊ အောက်တန်း ကျပြီး စစ်ရာဇဝတ်မှုကို ပြောင်ပြောင်တင်းတင်း ကျူးလွန်တာဖြစ်တယ် ” ဟု ပြောဆိုထားသည်။
ယင်းအပြင် ပြစ်မှုကျူးလွန်သူ၊ ပြစ်မှုကျူးလွန်ရန် စေခိုင်းသူနှင့် ပါဝင်ပတ်သက်သူ အားလုံးကိုလည်း ပြင်းထန်စွာ လက်တုံ့ပြန်သွားမည်ဟု အာရက္ခတပ်တော်က ပြောထားသည်။
■ လူသားမျိုးနွယ်အပေါ် စစ်ရာဝတ်မှုကျူးလွန်ခြင်း
စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက မြောက်ဦးဆေးရုံတွင် AA နှင့် ဒေသခံ PDF၊ BPLA၊ အရှိုချင်း စသည့် လက်နက်ကိုင်များ အခြေပြုထားသည့် စစ်စခန်းဖြစ်၍ ဗုံးကြဲခဲ့ခြင်းဖြစ်ကြောင်း ဖြေရှင်းချက်ပေးသည်။
အမှန်တွင် ထိုဆေးရုံသည် စစ်ဘက်ဆိုင်ရာဆေးရုံ လုံးဝ မဟုတ်ဘဲ အရပ်သားများသီးသန့် ကုသနေသော ဆေးရုံ ဖြစ်ကြောင်း ဒေသခံများနှင့် ဒဏ်ရရလူနာများက အခိုင်အမာပြောဆိုကြသည်။
ဒေါ်မြအေးက “ဒီဆေးရုံမှာ ကလေးလူကြီးမကျန် အရပ်သားတွေပဲ ဆေးကုသနေတာ။ ဘာ AA မှ မရှိဘူး” ဟု စစ်ကောင်စီ ဖြေရှင်းချက်ကို တုံ့ပြန်သည်။
သေဆုံး ဒဏ်ရာရသူများထဲတွင်လည်း ကလေးအပါဝင် အမျိုးသမီးအများစုဖြစ်နေပြီး သံတွဲ၊ တောင်ကုတ်၊ မင်းပြား၊ မောင်တော၊ ပေါက်တော၊ မြောက်ဦး၊ ကျောက်တော်၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ ပလက်ဝ စသည့် အာရက္ခတပ်တော် ထိန်းချုပ်ရာ ဒေသက အရပ်သားများကိုသာ တွေ့ရသည်။
စစ်အုပ်စုသည် ၂၀၂၅ ခုနှစ် တစ်နှစ်တာအတွင်း ကျန်းမာရေးဆိုင်ရာ နေရာ ၆၇ ခုကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) အကြီးအကဲ ဒေါက်တာ ကယ်ဘရီယတ်ဆစ်စ် က X လူမှုကွန်ရက်တွင် ဒီဇင်ဘာ ၁၁ ရက်နေ့က ရေးသည်။ “ကျန်းမာရေး ဌာနတွေကို တိုက်ခိုက်တာဟာ လူသားမျိုးနွယ်ကို တိုက်ခိုက်တာ ” ဟု ဆိုသည်။

နိုင်ငံတကာ လူ့အခွင့်အရေး ဥပဒေ (IHL) တွင် ဆေးရုံ၊ ဆေးခန်းများကို ပစ်မှတ်ထားတိုက်ခိုက်မှုသည် စစ်ရာဇဝတ်မှုဖြစ်ကြောင်း အတိအလင်း ဖော်ပြသည်။ ဂျီနီဗာကွန်ဗင်းရှင်း၏ အပိုဒ် ၅၇ တွင်လည်း ဆေးရုံ၊ ဆေးခန်းများကို မတိုက်ခိုက်ရဟု သတ်မှတ်ထားသည်။ မြန်မာနိုင်ငံသည် ဂျီနီဗာကွန်ဗင်းရှင်းကို ၁၉၉၂ ခုနှစ် ဩဂုတ်လ ၁၅ ရက်တွင် လက်မှတ်ထိုးထားပြီး နိုင်ငံတကာ ဥဒေကို လိုက်နာမည်ဟု သဘောတူထားသည်။
ယင်းကြောင့် ယခု စစ်ကောင်စီ ကျူးလွန်လိုက်သည့် မြောက်ဦးဖြစ်စဉ်သည် ဂျီနီဗာကွန်ဗင်းရှင်း နိုင်ငံတကာ ဥပဒေများကိုပါ ချိုးဖောက်နေခြင်း ဖြစ်သည်။
မြောက်ဦးမြို့ခံ အမျိုးသမီးတစ်ဦးက “ဗုံးကြဲချိန်မှာတော့ တုန်လှုပ်သွားခဲ့ရတယ်။ ဆေးရုံတစ်ခုလုံး မီးလောင် သွားတယ်။ ငိုကြွေးသံတွေ ကမ္ဘာပျက်သလို ကြားရတယ်။ ကျမမှာ သားသမီးနှစ်ယောက်ဆိုရင် စိတ်ကယောင်ချောက်ရှား ပြီးတော့ စိတ်ဒဏ်ရာရသွားတယ် ” ဟု ဆိုသည်။
အဆိုပါ အမျိုးသမီးတို့ မိသားစုသည် မြောက်ဦးဆေးရုံအနီးတွင် ဈေးဆိုင်ရောင်းပြီး ဆေးရုံကို အမှီပြုကာ ဝမ်းရေး ဖြေရှင်းနေသူတို့ဖြစ်သည်။ လက်ရှိတွင် ဈေးဆိုင်လည်းပိတ်ထားပြီး အလုပ်လက်မဲ့ဖြစ်နေရကြောင်း ဆိုသည်။
မြောက်ဦးဆေးရုံသည် အာရက္ခတပ်တော်ထိန်းချုပ်မြို့များထဲတွင် ဆေးဝါးစုံလင်သည့် အကြီးဆုံးဆေးရုံဖြစ်သည်။ ရခိုင်ဒေသအပြင် ချင်းပြည်နယ်၊ မကွေးတိုင်းက ပြည်သူများ ဆေးလာကုနေကြသည့် အရပ်ဘက်ဆေးရုံဖြစ်သဖြင့် ရခိုင်ပြည် ကျန်းမာရေးစောင့်ရှောက်မှု ကဏ္ဍတွင် ဆုံးရှုံးမှုကြီးမားသည်။
ယင်းကြောင့် ဆေးရုံတစ်ခုလုံးပျက်စီးရုံသာမက ရခိုင်ပြည် ကျန်းမာရေးကဏ္ဍကိုလည်း သက်ရောက်မှု ရှိကြောင်း ရခိုင်ပြည် ကျန်းမာရေး အသိုင်းဝိုင်းက ပြောသည်။
“မြောက်ဦး အရပ်သားဆေးရုံကို တိုက်ခိုက်တာဟာ မြောက်ဦးတစ်မြို့နယ်တည်း နစ်နာတာမဟုတ်ဘူး ရခိုင်က အခြားဆေးရုံတွေ၊ ကျန်းမာရေးဝန်ဆောင်မှုလုပ်ငန်းတွေများစွာ ထိခိုက်နစ်နာစေတယ် ” ဟု အာရက္ခပြည်သူ့ ကျန်းမာရေးဌာနက အမည်မဖော်လိုသူ သူနာပြု အမျိုးသမီးတစ်ဦးက ပြောသည်။
■ ဆေးရုံဆေးခန်းကို ကြောက်ရွံ့ခဲ့ရသူများ
ဒေါ်မြအေးနှင့် သေဆုံးသွားသူတို့သည် ဆင်းရဲချို့တဲ့ပြီး ကြုံရာကျပန်းလုပ်ကိုင် စားသောက်ကြသည်။ ထင်းခုတ်၊ ကောက်စိုက်၊ စသည့် ရာသီပေါ် အလုပ်အကိုင်များဖြင့် အသက်မွေးကြသူ များဖြစ်သည်။
ထိုသို့ အရပ်ဘက်ဆေးရုံများကို စစ်တပ်က ပစ်မှတ်ထားလာခြင်းကြောင့် မကျန်းမာသည့်လူနာများသည် ဆေးရုံ တက်ရန်၊ ဆေးကုသရန်ပင် ကြောက်လန့်တကြား ဖြစ်သွားရသည်ဟု ဆိုကြသည်။

“ကျမမှာ သမီးတစ်ယောက် ကိုယ်ဝန်သည် နေ့စေ့လစေ့ဖြစ်နေပြီ။ အခုလည်း ခွဲစိတ်မွေးရမယ်။ ဒါကြောင့် ဆေးရုံ ဆေးခန်းတွေကို မသွားရဲတော့ဘူး” ဟု ဒေါ်မြအေးက ဆေးရုံဆေးခန်းများအပေါ် ကြောက်ရွံ့နေပုံကို ပြောသည်။
ထို့အတူ အာရက္ခတပ်တော်ထိန်းချုပ်ဒေသက ကျန်ဆေးရုံ၊ ဆေးခန်းများမှာလည်း လေကြောင်းအန္တရာယ် စိုးရိမ်၍ ပုံမှန်အတည် တကျမဟုတ်တော့ဘဲ ရွှေ့ပြောင်းမှုများ ရှိနေသဖြင့် ရခိုင်ပြည်ထဲက နေမကောင်းသူများမှာ ဆေး ကုသရန် အခက်အခဲများစွာဖြစ်နေကြသည်။
လက်ရှိတွင် ရခိုင်ပြည်သူများမှာ စစ်ကောင်စီလုပ်ရပ်ကြောင့် အခြေခံလူ့အခွင့်အရေးဖြစ်သည့် လွတ်လပ်စွာ ဆေးဝါးကုသခွင့် ဆုံးရှုံးနေရတော့သည်။
ထို့အတူ သေဆုံးသွားသူ ကျော်ဆန်းလှိုင်ဆိုသူမှာ တက္ကသိုလ်ဝင်တန်းအောင်မြင်ပြီးသား ကျောင်းသားတစ်ဦး ဖြစ် ပြီး လက်ရှိတွင် လက်သမားအလုပ်နှင့် ကြုံရာကျပန်း လုပ်နေသူ ဖြစ်ကြောင်း မိသားစုဝင်များက ပြောသည်။
ကျော်ဆန်းလှိုင်ကို တက္ကသိုလ်ဘွဲ့ရသည်အထိ ကျောင်းတက်စေချင်ပြီး အလုပ်အကိုင်အတည်တကျနှင့် ပညာတတ်ဖြစ်စေလိုသည့် ဆန္ဒရှိသော်လည်း ယခုအခါ မိခင်နှင့်အတူ ရုတ်တရက် သေဆုံးသွားခဲ့သဖြင့် ဖခင်ဖြစ်သူ ယူကျုံးမရ ဖြစ်နေရှာသည်။
“ကျနော့် ဇနီးသေသွားရင်တောင် သားလေးကို ကျန်ခဲ့စေချင်တာ။ သူ့ကို ပညာတတ်ဖြစ်စေချင်တာ။ အခု ၂ ယောက်စလုံး ဆုံးပါးသွားတော့ အရမ်း ဝမ်းနည်းမိတယ်” ဟု ဖခင် ဦးထွန်းသာအောင်က ပြောသည်။
လက်ရှိတွင် သေဆုံးသွားသူ ဇနီးနှင့် သားအတွက် အရက္ခပြည်သူ့အစိုးရကနေ တစ်ဦးကို ငွေ ၁၀ သိန်း ကျပ်စီ ထောက်ပံ့ပေးကြောင်း သိရသည်။
ထို့အတူ ဒဏ်ရာရသွားသူ ဒေါ်မြအေးအတွက် ဆေးဝါးအခမဲ့ ကုသပေးကာ ငွေ ၇ သိန်းကျပ်ကိုလည်း ထောက်ပံ့ ကြေးပေးထားကြောင်း သိရသည်။ အခြားအရပ်ဘက်အဖွဲ့အစည်းအချိုု့ထံမှလည်း ငွေကျပ် ၂ သိန်း ထောက်ပံ့ငွေ ပေးကြောင်း ဒေါ်မြအေးက ပြောသည်။
■ ငွေမတတ်နိုင်၍ အမျှဝေအလှူ မလုပ်နိုင်သေးသူ
လက်ရှိတွင် ရဘကျေးရွာမှ သေဆုံးသွားခဲ့ရသူ ကိုကိုလင်းအတွက် တစ်စုံတရာ ကူညီထောက်ပံ့မှုမရသဖြင့် အလှူအဒါန်း အမျှဝေခြင်း မလုပ်နိုင်သေးပေ။
“ကိုကိုလင်းဟာ AA က ထုတ်ပြန်တဲ့ ၃၃ ဦး စာရင်းမှာ နာမည်မပါဘူး။ အမည်မသိရသေးဆိုပြီးပါတယ်။ ဒါကြောင့် အကူအညီထောက်ပံ့မှုတွေ မရဘူး” ဟု ကိုကိုလင်း ဦးလေးဖြစ်သူ အသက် ၆၂ နှစ်အရွယ် ဦးမောင်ကျန်က ဆိုသည်။
ဗုံးစထိမှန်၍ ကိုကိုလင်း ခန္ဓာကိုယ်မှာ ရုပ်ပျက်ဆင်းပျက် တစစီဖြစ်သွားပြီး ကိုယ်လက်အင်္ဂါ အစိတ်အပိုင်းများပင် ရှာမတွေ့တော့သလို မှတ်မိရန် မလွယ်ကူဖြစ်သွားရကြောင်း ဆိုသည်။
အခင်းဖြစ်ပြီး နောက်တစ်ရက် ULA ထုတ်ပြန်ချက် မည်သူမှန်း ခွဲခြား၍ မရနိုင်သည်ထိ ဆိုးရွားစွာ ရုပ်ပျက် ဆင်းပျက်ဖြစ်သွားသဖြင့် စိစစ်နေဆဲ ကျား ၂ ဦး၊ မ ၂ ဦးရှိကြောင်း ဖော်ပြသည်။ ယင်းအထဲတွင် ကိုကိုလင်း ဆိုသူလည်း ပါသွားခြင်းဖြစ်သည်။
အခင်းဖြစ်စတုန်းက အသက်ရှင်နိုင်ဦးမည်ဆိုသည့် စိတ်ကြောင့် အသေးအသန်လိုက်ရှာနေမိ၍ သေဆုံးသူ စာရင်းတွင် ထည့်သွင်းမဖော်ပြနိုင်ခြင်းဟု မိသားစုဝင်များက ဆိုသည်။
ထို့အတူ ကိုကိုလင်း မိခင်ဖြစ်သူ အသက် ၆၀ နှစ်အရွယ် ဒေါ်မတင်လှမှာ လက်ရှိတွင် သားစိတ်ကြောင့် စိတ္တဇ ဝေဒနာသည်အဖြစ်နှင့် တမှိုင်မှိုင်တထွေထွေ အိပ်ရာထဲတွင် လဲလျောင်းနေရှာတော့သည်။
ဦးမောင်ကျန်က “သူ့အမေကလည်း စိတ်ဒဏ်ရာတွေနဲ့ ဒီနေ့အထိ အိပ်ရာထဲမှာ လဲလျောင်းနေတာ။ ထမင်းမစား၊ ဟင်းမစား၊ ဗျာများနေတယ်။ စကားလည် ဘယ်သူနဲ့မှ မပြောတော့ဘူး” ဟု လက်ရှိ အဖြစ်အပျက်ကို ပြောသည်။
ကိုကိုလင်းတို့ မိသားစုသည် အခြေခံ လူတန်းစားများဖြစ်ပြီး တောင်တက်ထင်းခုတ်၊ ဟင်းရှာ၊ ကောင်စိုက် စသည့် အလုပ်အကိုင်ဖြင့် ရှင်သန်နေကြသူများဖြစ်သည်။
အခုက ကိုကိုလင်းသေဆုံးမှုနဲ့ အလှူအဒါန်းလည်း မလုပ်နိုင်ဘူး။ အဖွဲ့အစည်းတွေကလည်း ထောက်ပံ့တာ မရှိသေးသလို ပိုက်ဆံလည်း မရှိဘူး ဖြစ်နေတယ်” ဟု ဦးမောင်ကျန်ကဆိုသည်။
■ သွေးညှီနံ့တထောင်းထောင်းနှင့် ရှေ့ဟောင်းမြေ
ထို့အတူ မြောက်ဦးဖြစ်စဉ်အတွင်း သေဆုံးသွားသူများထဲတွင် ပေါက်တောမြို့နယ်၊ မြောက်ဦးမြို့နယ်တို့မှ မွတ်ဆလင် ကလေးသူငယ်အပါဝင် ၅ ဦး လည်းပါသွားသည်။
မြောက်ဦးမြို့နယ်က မွတ်ဆလင် တစ်ဦးက “အပြစ်မဲ့ပြည်သူတွေကို ဗုံးကြဲတာကို နောက်နောင် ဒီလို မဖြစ်စေ ချင်ပါ။ အရေးယူပေးပါလို့ ကုလသမဂ္ဂ အဖွဲ့အစည်းတွေ အားလုံးကို ကျနော် တင်ပြချင်ပါတယ်” ဟု ပြောသည်။
ယခင် အစိုးရလက်ထက်များ၌ မွတ်ဆလင်များသည် ဆေးရုံဆေးခန်းများတွင် ဆေးကုသခွင့် မရကြဘဲ AA ထိန်းချုပ်ပြီးနောက်တွင် လွတ်လပ်စွာ ဆေးကုသခွင့် ရရှိလာကြခြင်းဖြစ်သည်။
ရခိုင်ပြည် မြို့သိမ်းတိုက်ပွဲ ၂ နှစ်အတွင်း စစ်ကောင်စီ၏ လေကြောင်း၊ လက်နက်ကြီး၊ ဒရုန်းပစ်ခတ်မှုတို့ကြောင့် ၂၀၂၃ ခုနှစ် နိုဝင်ဘာ ၁၃ ရက်ကနေ ၂၀၂၅ ခုနှစ် နိုဝင်ဘာ ၁၃ ရက် အထိ အရပ်သား ၁,၁၅၂ ဦးသေဆုံးပြီး ၂,၁၅၃ ဦး ဒဏ်ရာ ရရှိခဲ့ကြောင်း ULA/AA ၏ လူသားချင်း စာနာထောက်ထားမှုနှင့် ဖွံ့ဖြိုးရေးဆိုင်ရာပူးပေါင်း ဆောင်ရွက် ရေးရုံး (HDCO) က ဒီဇင်ဘာ ၁၀ ရက်နေ့ ထုတ်ပြန်သည်။
သေဆုံးသူများထဲတွင် အမျိုးသမီး ၃၉ ဒသမ ၄ ရာခိုင်နှုန်းနှင့် ၁၀ နှစ်အောက် ကလေးသူငယ် ၇ ရာခိုင်နှုန်း ပါ ဝင်ပြီး ဒဏ်ရာရရှိသူများထဲတွင် အမျိုးသမီး ၄၀ ရာခိုင်နှန်းနှင့် ၁၀ နှစ် အောက်ကလေးသူငယ် ၉ ရာခိုင်နှုန်း ပါဝင်ကြောင်း တွေ့ရသည်။

အမျိုးသမီးအရေးလှုပ်ရှားသူ ရခိုင်ဒေသခံ အမျိုးသမီးတစ်ဦးက “စစ်ကောင်စီဟာ တိုက်ပွဲကို အကြောင်းပြပြီး ရခိုင်ပြည်က အမျိုးသမီးတွေကို အကြမ်းဖက်တိုက်ခိုက်နေတာဖြစ်။ လေယာဉ်၊ ဒရုန်း၊ လက်နက်ကြီးတွေနဲ့ တိုက် ခိုက်မှုဒဏ်ကို အမျိုးသမီးနဲ့ ကလေးသူငယ်တွေ အများအပြား ခံနေရတယ်” ဟု ပြောသည်။
မြောက်ဦးမြို့သည် ရခိုင်လူမျိုးတို့၏ အသည်းအိမ်၊ ရှေးဟောင်းမြို့တော်ဖြစ်ပြီး ဘုရား၊ ပုထိုး၊ စေတီပေါများသည့် နေရာဖြစ်သည်။ ရခိုင်ဘုရင်တို့၏ နောက်ဆုံးမင်းဆက် နန်းစိုက်ရာ မြို့ဟောင်းလည်းဖြစ်ပြီး ယူနက်စကို (UNESCO) ကမ္ဘာ့အမွေအနှစ် စာရင်းဝင်ရန် ကြိုးပမ်းနေသည်။
သို့သော် စစ်ကောင်စီ အကြမ်းဖက်လုပ်ရပ်ကြောင့် ရခိုင်အထင်ကရ မြို့တော် ရှေ့ဟောင်းနယ်မြေထဲ သွေးချောင်း စီးခဲ့ရလေသည်။ လူပေါင်း ၃ ဒါဇင်ကျော် အစုလိုက်အပြုံလိုက် သေဆုံးခဲ့ရပြီး ရာဂဏန်းနီးပါး ဒဏ်ရာရကာ အနိဋ္ဌာရုံ ဖြစ်ခဲ့ရချေပြီ။
သေဆုံးသွားသူများအထဲတွင် လသားအရွယ်ကလေးငယ်အစ အမျိုးသမီးများစွာနှင့် အသက် ၈၀ အရွယ် လူကြီး ပိုင်းအထိ အသက်ဆုံး ရှုံးခဲ့ရပြီး မိသားစုများစွာလည်း ဘဝပျက်ခဲ့ရသည်။
ဒေါ်မြအေးကတော့ “ဆေးမကုနိုင်လို့ သေသွားတာ မဟုတ်ဘဲ လူ့အခွင့်အရေးနေ့မှာ ဗုံးလာ ကြဲတာကတော့ တော်တော် နာကျဉ်းစိတ်ပျက်စရာဖြစ်နေတယ်။ ဘယ်တော့မှ မေ့ပျောက်နိုင်တော့မှ မဟုတ်ဘူး” ဟု ပြောပြ နေရှာ တော့သည်။
မြောက်ဦး သွေးစွန်းည ဆောင်းပါး ကို Western News က ရေးထားခြင်း ဖြစ်ပါသည်။
