Wednesday, March 4, 2026
Home » ရခိုင်အမျိုးသမီးများ အနာဂတ်လမ်း တစ်ခန်းရပ်ပြီလား (ဆောင်းပါး)

ရခိုင်အမျိုးသမီးများ အနာဂတ်လမ်း တစ်ခန်းရပ်ပြီလား (ဆောင်းပါး)

1 6.8K

“ကျမတို့ရဲ့ ဘဝ အနာဂတ်ဟာ တောနက်ထဲမှာ လမ်းပျောက်နေသလိုပဲ” ဟု မညိုညိုသန်းက ရင်ဖွင့်သည်။

အာဏာသိမ်းမှုနောက်ပိုင်း မြန်မာနိုင်ငံ၏ နိုင်ငံရေး၊ စီးပွားရေး၊ ပညာရေးစသည့် လူမှုဘဝများသည် ပိရမစ်ဇောက် ထိုး စိုက်ဆင်းသွားခဲ့ပြီး အကျပ်အတည်း ကပ်ဆိုက်နေသည်။

နယ်မြေမတည်ငြိမ်မှုများ၊ နေရပ်စွန့်ခွာရမှုများ၊ အလုပ်လက်မဲ့၊ ပညာရေး ဆုံးရှုံးမှုများနှင့်အတူ ရခိုင်အမျိုးသမီး အခန်းကဏ္ဍမှာလည်း အနာဂတ်လမ်း တစ်ခန်ရပ်တန့်နေကြောင်း မြင်ရသည်။

အသက် ၂၄ နှစ် အရွယ် မညိုညိုသန်းမှာ အာရက္ခတပ်တော်ထိန်းချုပ်ရာ ရသေ့တောင်မြို့နယ်ကဖြစ်ပြီး လက်ရှိ ကျေးရွာတစ်ခုတွင် စစ်ဘေးရှောင်နေရသည်။ သူမသည် တက္ကသိုလ်ဝင်တန်း စာမေးပွဲ (၁၀) တန်းကို ၂၀၁၈ ခုနှစ်က အောင်မြင်ခဲ့ပြီး ၂၀၁၉ ခုနှစ်တွင် တက္ကသိုလ်ကျောင်းသူ ဖြစ်လာသည်။

သို့သော် ကိုဗစ်ရောဂါကြောင့် ကျောင်း၂ နှစ်နားလိုက်ရသည်။ ယင်းနောက် ကျောင်းဆက်တက်ခဲ့သော် လည်း ရခိုင်စစ်ပွဲ ဖြစ်လာသဖြင့် ထပ်မံ ကျောင်းနားလိုက်ရကြောင်း ပြောသည်။

“၁၀ တန်းအောင်ပြီးကတည်းက ဒီနေ့အချိန်ထိ ကျောင်းမပြီးသေးဘူး။ အချိန် ၈ နှစ်လောက်က ဆုံးရှုံးသွားခဲ့ပြီ။ ဘယ်အချိန် ပြန်စနိုင်မလဲ ဘာဆိုဘာမှ မသေချာဘူး။ အားလုံးသိကြတဲ့ အတိုင်းပဲလေ ” ဟု မညိုညိုသန်းက သူမ၏ လစ်ဟာသွားသည့် အချိန်များကို ရေတွက်ပြီး ရှင်းပြသည်။

သူမသည် တက္ကသိုလ် သမိုင်းမေဂျာ တတိယနှစ်ကျောင်းသူဖြစ်နေပြီး လက်ရှိတွင် မိသားစုနှင့်အတူ စစ်ဘေး ရှောင်နေကြသည်။ အလုပ်အကိုင် မသေချာ အရေရာမှုများစွာဖြင့် သူ့ဘဝကို အားမလိုအားမရ ဖြတ်သန်းနေသည်။

ရသေ့တောင်မြို့နယ်ကို အာရက္ခတပ်တော်က ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် မတ်လက အပြီးသတ်သိမ်းပိုက်ခဲ့သော်လည်း စစ်တွေကနေ စစ်ကောင်စီ၏ လက်နက်ကြီး လှမ်းပစ်မှုများ ရှိနေသဖြင့် လုံခြုံရေး အခြေအနေကြောင့် နေရပ်မပြန်နိုင်သေးပေ။

“အခုဆိုရင် တက္ကသိုလ် နောက်ဆုံးတစ်နှစ်ကို ဘယ်နားမှာ သွားတက်ရမှာလဲ။ ဘယ်အချိန်လဲ ဘာမှ မသေချာတော့ အသက်က တရွေ့ရွေ့ကြီးလာတာပဲ အဖတ်တင်တယ် ” ဟု ဆိုသည်။

ရခိုင်ပြည် မြို့သိမ်းတိုက်ပွဲများဖြစ်နေသည်မှာ အချိန် ၂ နှစ် ပြည့်တော့မည်။ စစ်ရေးပဋိပက္ခနှင့်အတူ ရှောင်လွဲ မရသည့် နောက်ဆက်တွဲ ဆိုးကျိုးများကို ရခိုင်ပြည်သူများ အလူးအလဲ ခံနေကြရပြီး လူမှုစီးပွား အဘက်ဘက်က ချွတ်ခြုံကျနေတော့သည်။

ထိုအတူ ရုပ်ပိုင်းဆိုင်ရာ စိတ်ပိုင်းဆိုင်ရာ မလုံခြုံမှုများအကြားတွင် ပညာတစ်ပိုင်းတစနှင့် လမ်းမဆုံးသေးသည့် လူငယ်နှင့် အမျိုးသမီးတို့၏ အခန်းကဏ္ဍမှာလည်း တစ်စတစ်စ မှေးမှီလာနေပြီး ရှေ့ဆက်အနာဂတ်အတွက် တွေးပူနေကြရခြင်း ဖြစ်သည်။

အသက် ၂၁ နှစ်အရွယ် မနွယ်သန်းအေးမှာ တက္ကသိုလ် ပထမနှစ် ပထဝီဝင် မေဂျာ ကျောင်းသူဖြစ်သည်။ သူမ သည် မြောက်ဦးမြို့နယ်က ဖြစ်သည်။ ၂၀၂၁ ခုနှစ်က တက္ကသိုလ်ဝင်တန်း စာမေးပွဲအောင်မြင်ခဲ့ပြီး ၂၀၂၃ ခုနှစ်တွင် တက္ကသိုလ် ပထမနှစ် တက်ခဲ့သည်။ ယခုအခါ ကျောင်းဆက် မတက်ရတော့ပေ။ ထို့အတူ အလုပ်အကိုင် မယ်မယ်ရရ မရှိဘဲ မိဘအိမ်တွင် မှီခိုဖြစ်နေသည်။

မနွယ်သန်းအေးက “ ကျမတို့ ဘဝတက်လမ်းအတွက် ရွေးချယ်စရာ ဘာမှမရှိဘဲ လမ်းစပျောက်နေတာ ” ဟု ဆိုသည်။

ယခုအချိန် အာရက္ခတပ်တော်သည် ပလက်ဝနှင့် ရခိုင်ကမြို့နယ် ၁၄ ခုကို သိမ်းပိုက်ထိန်းချုပ်ထားပြီး အာရက္ခ ပြည်သူ့တော်လှန်ရေးအစိုးရ ဖွဲ့စည်းကာ အုပ်ချုပ်ရေးယန္တယားများ ဖော်ဆောင်နေသည်။

“ULA က ဌာနဆိုင်ရာ ဝန်ထမ်းတွေ၊ သင်တန်းခေါ်လို့ ကျမ လိုက်လျှောက်တယ်။ မပါဘူး။ ပညာရေးမှာလည်း လျှောက်တယ်။ ကျန်းမာရေးမှာ လိုက်လျှောက်တော့လည်း မရဘူးဖြစ်နေတယ်” ဟု မနွယ်သန်းအေးက အားမလိုအားမ ရပြောသည်။

ယင်းသို့ ဖြစ်ရခြင်းမှာ ULA ၏ ဌာနဆိုင်ရာ ဝန်ထမ်းခေါ်ရာတွင် အလုပ်လျှောက်သူများပြားပြီး ခေါ်ယူမည့် လူဦးရေ နည်းပါးခြင်း၊ သူမမှာ ဘွဲ့မရသေးခြင်းတို့လည်း ဖြစ်နိုင်ကြောင်း ယူဆနေသည်။

အာရက္ခအမျိုးသား ပညာရေးဌာနကတော့ ရခိုင်က ကျောင်းသားများအတွက် အဆင့်မြင့် တက္ကသိုလ် ပညာရေးစနစ် ဖော်ဆောင်ရန် စီစဉ်နေကြောင်း ပြောဆိုထားသည်။ သို့သော် ဘယ်အချိန် ဘယ်အခါဆိုသည်မှာ မသေရှာဖြစ်နေကြောင်း တက္ကသိုလ်ကျောင်းသူများက ပြောသည်။

■ အလုပ်အကိုင် အခွင့်အလမ်းများ ဘယ်ဆီမှာ

၂၀၂၃ ခုနှစ် နိုဝင်ဘာလက စတင်ခဲ့သည့် ရခိုင်တိုက်ပွဲများနှင့် ဆက်စပ်ပြီး စစ်ကောင်စီသည် ရခိုင်ဒေသကို လမ်းခရီးပိတ်ဆို့ခြင်း၊ ဖုန်းလိုင်း၊ အင်တာနက်လိုင်းများ ဖြတ်တောက်ခြင်းတို့မှာလည်း အမျိုးသမီးများ အလုပ်အကိုင်နှင့် ပညာရေးအခွင့်အလမ်းများ နစ်နာဆုံးရှုံးရခြင်း အကြောင်းတစ်ရပ် ဖြစ်နေကြောင်း ပြောဆိုကြသည်။

စစ်ရေး ပဋိပက္ခဖြစ်ပွားနေသည့် ရခိုင်ပြည်တွင် ဒေသခံ အမျိုးသမီးများမှာ အမျိုးသားများထက် အလုပ်အကိုင်အခွင့် အလမ်းရရှိမှုနည်းပါးပြီး ပညာသင်ကြားခွင့်နှင့် သက်မွေးဝမ်းကျောင်း သင်တန်းများလည်း ဆုံးရှုံးနေခြင်းဖြစ်သည်။

“ဒီမှာက ကွန်ပျူတာသင်တန်း၊ အင်္ဂလိပ် Speaking သင်တန်းတွေလည်း အရင်လို မရှိတော့ဘူး။ လေကြောင်း အန္တရာယ်နဲ့ တိုက်ပွဲကြောင့် ပိတ်ထားကြတာ။ ကျမ ကွန်ပျူတာသင်တန်း ၁ လလောက်တက်လိုက်ပေမဲ့ အနီးနား မှာ လေယာဉ်နဲ့ ဗုံးကြဲတာကြုံရတော့ ပိတ်လိုက်ကြပြီ” ဟု မနွယ်သန်းအေးက ပြောသည်။

ကမ္ဘာ့ကုလသမဂ္ဂ ဖွံ့ဖြိုးတိုးတက်ရေး အစီအစဉ် (UNDP) ၏ အောက်တိုဘာ ၉ ရက်ထုတ် အစီရင်ခံစာ၌ နိုင်ငံတဝန်းတွင် အလုပ်အကိုင်၊ ပညာရေးနှင့် အသက်မွေးဝမ်းကျောင်း သင်တန်းစသည့် အခြေခံ အခွင့်အရေးများ ဆုံးရှုံးနေသည့် အမျိုးသမီးများထဲ ကယားပြည်နယ်တွင် ၄၂ ရာခိုင်နှုန်းနှင့် အမြင့်ဆုံးဖြစ်ပြီး ရခိုင်ပြည်တွင် ၃၂ ရာခိုင်နှုန်းဖြင့် ဒုတိယ အများဆုံးဖြစ်ကြောင်း ဖော်ပြသည်။

UNDP ၏ အစီရင်ခံစာအရ မြန်မာနိုင်ငံတွင် အလုပ်လက်မဲ့ ဖြစ်နေသည့် လူငယ် ၄ သန်းနီးပါးရှိပြီး ကယားပြည်နယ်တွင် ၅၀ ရာခိုင်နှုန်းကျော်နှင့် ရခိုင်ပြည်တွင် ၄၀ ရာခိုင်နှုန်းကျော် အထိရှိကြောင်း ဆိုသည်။

ရခိုင်ပြည်သည် မြန်မာနိုင်ငံတွင် ယခင်ကတည်းက အလုပ်အကိုင်အခွင့်အလမ်းရှားပါးသည့် ဒေသဖြစ်ပြီး မြို့သိမ်းတိုက်ပွဲများ စတင်ချိန်မှ ယခုကာလများတွင် ပိုပြီး အမျိုးသမီး အလုပ်အကိုင်အခွင်အလမ်းများ ပျောက်ဆုံးစေကြောင်း ပြောဆိုကြသည်။

■ ခွဲခြားဆက်ဆံ ဖယ်ကျဉ်ခံရမှုများ

ယခု ခေတ်ကာလ အခြေအနေအရ အမျိုးသမီးများမှာ တန်းတူ မညီမျှမှုများကြား အလုပ်အကိုင် အခွင့်အလမ်း ရရှိမှု အပိုင်းတွင် ခွဲခြားဆက်ဆံ ဖယ်ကျဉ်ခံမှုများ ရှိနေကြောင်း ပြောဆိုကြသည်။

မြို့ပေါ်ရှိ ဆိပ်ကမ်း၊ ကားဂိတ်၊ ဈေးများတွင် ကြုံရာကျပန်း ကုန်တင်ကုန်ချ စသည့် နေ့စားအလုပ်များ လိုက်ရှာရာ တွင်လည်း အမျိုးသားများထက် အမျိုးသမီးများမှာ အလုပ်ရရှိမှု နည်းပါးကြသည်။

“ကုန်ထမ်းဖို့ဆိုရင် ကျမတို့ကို မငှားဘူး။ ယောက်ျားတွေကိုပဲ ငှားကြတယ်။ ဒါတွေက ကျမတို့အတွက် အလုပ်ရဖို့က မလွယ်ဘူး။ အခွင့်အရေး အရမ်းနည်းစေတယ်” ဟု ကျောက်တော်မြို့မှ စစ်ဘေးရှောင် အသက် ၂၀ အရွယ် မစန္ဒာဝင်းက ဆိုသည်။

သူမသည် စစ်တွေမြို့နယ်ကဖြစ်ပြီး မိသားစုအလိုက် ကျောက်တော်မြို့ပေါ်က စစ်ဘေးရှောင်စခန်း တစ်ခုတွင် ခိုလှုံနေသူဖြစ်သည်။ စစ်ဘေးရှောင်စခန်းများတွင် အကူအညီထောက်ပံ့မှု နည်းပါးသဖြင့် အပြင်ထွက်ပြီး ကြုံရာကျပန်း လုပ်ကိုင်နေခြင်းဖြစ်သည်။

လတ်တလော ရခိုင်ပြည်သူအားလုံးမှာ စစ်ရေး၊ သဘာဝဘေး ဘေးနှစ်သွယ်၏ ရိုက်ခတ်မှုဒဏ်ကို အလူးအလဲ ခံနေရခြင်း ဖြစ်သည်။ အခြေခံလူတန်းများသည် စားဝတ်နေရေး စိန်ခေါ်မှုများကို ပိုမို ရင်ဆိုင်နေကြရပြီး အထူးသဖြင့် စစ်ဘေးရှောင် အမျိုုးသမီးများမှာ အလုပ်အကိုင်အခွင့် အလမ်းမရှိသဖြင့် ဘက်ပေါင်းစုံက အကျပ် အတည်းဖြစ်စေကြောင်း ဆိုသည်။

UNDP အစီရင်ခံစာကလည်း အမျိုးသမီးငယ်များသည် အမျိုးသားများထက် အလုပ်အကိုင်ဈေးကွက်တွင် နှစ်ဆ ကျော်နှုန်းဖြင့် ဖယ်ကျဉ်ခံနေရကြောင်း ဆိုသည်။ ပျမ်းမျှအားဖြင့် အမျိုးသမီးများသည် အမျိုးသားများထက် ၂၂ ရာခိုင်နှုန်း လျှော့နည်းသည့် ဝင်ငွေသာ ရရှိကြောင်း ဖော်ပြသည်။

မစန္ဒာဝင်းက “ပန်းရံအလုပ်လုပ်ရင်လည်း ယောက်ျားတွေက တစ်နေ့ နှစ်သောင်း ရကြတယ်။ ကျမတို့က တစ်သောင်းသုံးထောင်ပဲ ရတယ်။ အခြားအလုပ်တွေလည်း ဒီအတိုင်းပဲ။ ယောကျ်ားတွေထက် နည်းတယ်။ ဒါပေမဲ့ ဘာတတ်နိုင်မလဲ စားဖို့မရှိတော့ လုပ်ရတာပဲလေ” ဟု ရှင်းပြသည်။

ပညာရေးနှင့် အလုပ်အကိုင် အခွင့်အလမ်းအရ ကျား/မ ကွာခြားမှုမှာ အမျိုးသားများနှင့် နှိုင်းယှဉ်ပါက အမျိုး သမီးငယ် လေးပုံတစ်ပုံနီးပါးမှာ အိမ်တွင်း တာဝန်များကြောင့် ပညာသင်ကြားခွင့် ဆုံးရှုံးခဲ့ရကြောင်း UNDP အစီရင်ခံစာတွင် ထောက်ပြသည်။

ထို့အပြင် အလုပ်အကိုင်ရှားပါးပြီး အလုပ်လက်မဲ့နှုန်း သိသိသာသာမြင့်တက်နေသည့် ရခိုင်ဒေသအတွင်း အလုပ် အကိုင်အခွင့်အလမ်းသစ်များ ဖန်တီးပေးရန်နှင့် သက်မွေးဝမ်းကျောင်း ပညာရပ်များ ပို့ချသင်ကြားပေးပြီး ဈေးကွက်များ ဖန်တီးပေးရန် အမျိုးသမီးများ လိုလားနေကြသည်။

အရပ်ဘက်အဖွဲ့အစည်းတစ်ခုတွင် အလုပ်လုပ်နေသူ မြောက်ဦးမြို့ခံ အမျိုးသမီးတစ်ဦးက “ ဒီလို အကျပ်အတည်း ကာလမှာ အမျိုးသမီးတွေကို အမျိုးသားတွေနဲ့ တန်းတူအခွင့် အရေးရဖို့လိုအပ်တယ်။ အလုပ်အကိုင် အခွင့်လမ်း သစ်တွေ ဖန်တီးပေးဖို့ သက်ဆိုင်ရာ တာဝန်ရှိသူတွေ အကောင်အထည်ဖော်ပေးဖို့လိုတယ် ” ဟု ပြောသည်။

■ သက်စွန့်ဆံဖျား ပြည်ပထွက်ခွာကြ

လက်ရှိ ရခိုင်ပြည်က အမျိုးသား၊ အမျိုးသမီး လူငယ်များမှာ အလုပ်အကိုင်၊ အခွင့်အလမ်းရှာဖွေကြရန် ပြည်မနှင့် အခြား နိုင်ငံအသီးသီးကို ရရာနည်းလမ်းဖြင့် သက်စွန့်ဆံဖျား ထွက်ခွာလျက်ရှိသည်။

UNDP ၏ ဩဂုတ်လ ၁၂ ရက်ထုတ် ‘ ဌာနေဝေး မျိုးဆက်သစ်၊ လူငယ့်သဘောထားနှင့် ရွေ့ပြောင်း အခြေချ နေ ထိုင်ခြင်း ’ အစီရင်ခံစာတွင် စစ်ရေးပဋိက္ခ၊ စီးပွားရေးအကျပ်အတည်း၊ စစ်မှုထမ်းခေါ်ယူမှုတို့ကြောင့် လူငယ်များ မှာ ပြည်တွင်းတွင် မနေချင်တော့၍ အခြားနေရာများသို့ ရွှေ့ပြောင်း ထွက်ခွာလိုသူ ၆၀ ရာခိုင်နှုန်းရှိသည်ဟု ဖော်ပြသည်။

ထိုအစီရင်ခံစာအရ မြန်မာနိုင်ငံ ပြည်နယ်နှင့် တိုင်းအလိုက် ခွဲခြမ်းစိတ်ဖြာကြည့်သော် ရခိုင်တွင် ရွှေ့ပြောင်းလိုသူ လူငယ် ၆၀ ရာခိုင်နှုန်းကျော်ဖြင့် အများဆုံးဖြစ်နေပြီး ယင်းအထဲမှ ၉ ရာခိုင်နှုန်းမှာ စစ်မှုထမ်း ဥပဒေကြောင့်ဟု ဆိုသည်။

“ဒီမှာ ကျမတို့ ဘဝတွေ၊ အနာဂတ်လမ်းက သေချာတာဘာမှ မရှိဘူးလို့ ခံစားလာရတယ်။ ဒါကြောင့် နိုင်ငံ ခြားကို ထွက်ကြတာရှိတယ်။ ဒါမေမဲ့ AA ကလည်း စစ်မှုထမ်းခေါ်နေတာ ပြင်ပထွက်ခွာခွင့်ပိတ်ထားတော့ ခက် ခက်ခဲခဲသွားကြတာရှိသလို ထွက်မရောက်သူတွေလည်း ရှိတယ်” ဟု မြောက်ဦးဒေသခံ အမျိုးသမီးက ပြော သည်။

UNDP ၏ အစီရင်ခံစာတွင်လည်း စစ်ကောင်စီ၏ စစ်မှုထမ်း ဥပဒေ၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ၏ လူသစ်စုဆောင်းမှုတို့ကြောင့် မြန်မာနိုင်ငံက အသက် ၁၈ နှစ်ကနေ ၃၅ နှစ်အတွင်း လူငယ်များသည် မလုံခြုံမှု ကြောက်ရွံ့စိတ်များနှင့် နေ့စဉ်ဘဝထဲ ရှင်သန်နေရကြောင်း ဆိုသည်။

မြန်မာနိုင်ငံတဝန်းရှိ လူငယ်လေးပုံတစ်ပုံ (ခန့်မှန်းခြေ ၄ သန်းနီးပါး)သည် အလုပ်လက်မဲ့ဖြစ်နေပြီး အနာဂတ် ရပ် တန့်နေရကြောင်း UNDP ၏ အောက်တိုဘာလ ၂ ရက်ထုတ် ‘ အနာဂတ် ရပ်တန့်ခံ ’ အစီရင်ခံစာတွင်တွေ့ရသည်။

ထိုအစီရင်ခံစာအရ အလုပ်လက်မဲ့ဖြစ်နေသည့် လူငယ် ၄ သန်းနီးပါးထဲ ကယားပြည်နယ်အတွင်း ၅၀ ရာခိုင်နှုန်း ကျော်နှင့် ရခိုင်တွင် ၄၀ ရာခိုင်နှုန်းကျော်အထိ ရှိနေကြောင်း ဆိုသည်။

ယင်းအပြင် နိုင်ငံ့လူဦးရေ၏ သုံးပုံ တစ်ပုံကျော်ရှိသည့် လူငယ်များမှာ ပညာရေး ပြတ်တောက်နေပြီး နိုင်ငံရေး မတည်ငြိမ်မှု၊ စီးပွားရေး ကျဆင်းမှုနှင့် လူမှုဘဝ အခက်အခဲများကြောင့် ဝင်ငွေရရှိမှု အခွင့်အလမ်းများ ဆိုးရွားနေ ကာ အနာဂတ်မဲ့ အခြေအနေသို့ ရောက်ရှိနေကြောင်း အစီရင်ခံစာက ဆိုသည်။

အခြားတစ်ဖက်တွင်လည်း လက်ရှိ အလုပ်လုပ်နေသည့် လူငယ်အများစုမှာ မိမိပိုင် လယ်ယာလုပ်ငန်း (သို့မဟုတ်) အခြား ကျပန်းအလုပ်များလုပ်နေရပြီး ဝင်ငွေထိခိုက်မှုနှင့် စီးပွားရေး မတည်ငြိမ်မှုများ ရှိနေကြောင်း ဖော်ပြသည်။

UNDP ၏ အာရှနှင့် ပစိဖိတ်ဒေသဆိုင်ရာ ဦးဆောင်ညွှန်ကြားရေးမှူး Kanni Wignaraja က “မြန်မာနိုင်ငံမှာ ပညာရေးကနေ အလုပ်အကိုင်သို့ ကူးပြောင်းတဲ့ လမ်းကြောင်းတွေ ရပ်တန့်နေခြင်းဟာ စီးပွားရေးဆိုင်ရာ စိန်ခေါ် မှု တစ်ခုတည်းသာမက မျိုးဆက်တစ်ခုလုံးကို ခြိမ်းခြောက်နေတဲ့ အချက်ပေးခေါင်းလောင်းသံလည်း ဖြစ်တယ်” ဟု သတိပေး ပြောဆိုထားသည်။

ယင်းအပြင် အသက် ၁၈ နှစ်မှ ၂၄ နှစ်ကြား လူငယ် ၄ ဦးတွင် ၃ ဦးနှုန်းသည် ပညာသင်ကြားခွင့် ဆုံးရှုံးနေပြီး၊ ယင်း အရေအတွက်မှာ ကျေးလက်ဒေသများ၌ ၅ ဦးလျှင် ၄ ဦးနီးပါးအထိ မြင့်တက်နေကြောင်း အထူသဖြင့် ရခိုင်၊ ကယား၊ တနင်္သာရီ၊ ချင်း၊ စစ်ကိုင်း၊ ကရင်တို့တွင် တွေ့ရသည်ဟု အစီရင်ခံစာက ဖော်ပြသည်။

အသက် ၂၃ နှစ်အရွယ် ကျောက်တော်မြို့နယ်ကျေးရွာတစ်ခု အမျိုးသမီးတစ်ဦးကလည်း “ ကျမတို့ ဒေသမှာက လူငယ်တွေဟာ အလုပ်မရှိလို့ တိုက်ပွဲစပြီးဖြစ်ချိန်က နိုင်ငံခြားနဲ့ ရန်ကုန်တို့ကို သွားကြတာ အများကြီးပဲ။ အခုကတော့ AA ကလည်း စစ်မှုထမ်းခေါ်နေတော့ သွားမရတော့ဘူး။ ပိတ်လှောင်ထား သလို ဖြစ်နေပြီ ” ဟု ပြောသည်။

■ ကျဆင်းနေသည့် အမျိုးသမီးအခန်းကဏ္ဍ နာလံထူနိုင်ရေး

ယင်းအပြင် ကျေးလက်နေ လူငယ်များမှာ မြို့ပြလူငယ်များနှင့် နှိုင်းယှဉ်ပါက အလုပ်အကိုင်နှင့် ပညာရေး လက် လှမ်းမီမှုနည်းပါးခြင်းကြောင့် ပိုမိုနစ်နာဆုံးရှုံးနေရသည်ဟု ထိုအမျိုးသမီးက ဆိုသည်။

လက်ရှိ ရခိုင်ဒေသခံ အမျိုးသမီးများ ရင်ဆိုင်ကြုံနေရသည့် စိန်ခေါ်မှုများမှာ စစ်ပွဲနှင့် လေကြောင်း အန္တရာယ်တို့ အကြား တိမ်းရှောင်နေရခြင်း၊ လုံခြုံရေး၊ အလုပ်အကိုင်ရှားပါးမှု၊ အခြေခံ စားသောက်ကုန် မလုံလောက်မှု၊ အာဟာ ရ ချို့တဲ့မှုများကြောင့် ကိုယ်ဝန်ဆောင်မိခင်၊ မီးဖွားခါစ မိခင်လောင်းများ ကျန်းမာရေး အခက်အခဲတို့ ဖြစ်သည်။

ထို့အတူ စစ်ပွဲများကြောင့် ကြားနေရသည့် လက်နက်ကြီးသံများ၊ လေကြောင်း ဗုံးကြဲခံရမှုတို့မှာလည်း အမျိုးသမီး တို့၏ စိတ်ပိုင်းဆိုင်ရာ ကြောက်ရွံ့မှုများ၊ အသက်လုံခြုံရေး၊ ဘဝရှင်သန်ရေး စသည့် ကဏ္ဍတိုင်းတွင် အနုတ် လက္ခဏာ မြင်နေရကြောင်း အမျိုးသမီးအရေး လှုပ်ရှားသူများက ပြောသည်။

“ဒီကာလမှာ မိန်းကလေးတွေဟာ လူမှုရေး၊ စီးပွားရေးနဲ့ လုံခြုံရေးအခြေအနေ အဘက်ဘက်က အဆိုးရွားဆုံးနဲ့ အနိမ့်ဆုံး အခြေနေမှာရှိတယ်။ ဒီအထဲမှာ စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ ထိခိုက်မှုဟာလည်း အဆိုးရွားဆုံး ဖြစ် နေဖြစ်လာတာကို ကျမတို့ မြင်ရပါတယ်” ဟု စစ်တွေက ဂျန်ဒါ သင်တန်းဆရာမတစ်ဦးက ဆိုသည်။

ထို့အတူ ရခိုင်က အမျိုးသမီးများမှာ ယခင်ကတည်းက အခွင့်အရေးများရရှိရေး ထိုးဖောက် ကြိုးစားနေရခြင်း ဖြစ်ပြီး လက်ရှိတွင်လည်း စစ်ပွဲကြားတွင် ထွက်ပေါက်ပိတ်နေကြောင်း၊ အမျိုးသမီးငယ်များ အတွက် တိကျခိုင်မာ ဆုံးဖြတ်နိုင်သည့် အခွင့်အရေးလုံးဝ မရှိကြောင်း ရခိုင်အမျိုးသမီးအရေး လှုပ်ရှားသူများက ပြောသည်။

“ကျမတို့ တတိယမျိုးဆက် အမျိုးသမီးငယ်တွေဟာ ကျန်းမာရေး ပညာရေး လစ်ဟာလာတယ်။ ဆေးကောင်းဝါး ကောင်း ကုသခံရမှု မရှိဘူး။ အဓိက စားနပ်ရိက္ခာမပြည့်ဝမှုတွေဟာလည်း ကျမတို့ အမျိုးသမီးတွေ အတွက် အများကြီးနစ်နာချက်တွေ ရှိနေတယ်လို့ သုံးသပ်ရတယ်” ဟု ရခိုင်အမျိုးသမီး ကွန်ရက် ဉက္ကဌ ဒေါ်ညိုအေးက ပြောသည်။

ဆက်လက်ပြီး ဒေါ်ညိုအေးက “ဒီအမျိုးသမီးတွေကို ဘယ်နည်းလမ်းတွေနဲ့ ကူညီဖေးမနိုင်မလဲဆိုတာကို ရခိုင်ပြည်မှာ အမြဲတမ်းအထောက်ကူပြုပြီး တာဝန်ယူနိုင်မဲ့ လူတစ်ချို့နဲ့ သက်ဆိုင်သော အာဏာပိုင် အဖွဲ့ အစည်းတွေ အများကြီးက စာနာထောက်ထားပြီး ထိုက်သင့်တဲ့ လုပ်ဆောင်ချက်တွေ လုပ်ပေးဖို့ လိုလာပြီ” ဟု အကြံပြုထားသည်။

ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/အာရက္ခတပ်တော် (ULA/AA) ကတော့ ထိန်းချုပ်နယ်မြေများထဲမှ အမျိုးသမီးများ၏ လုံခြုံရေးအား ရာနှုန်းပြည့် အကာအကွယ်ပေးနေကြောင်း ဩဂုတ် ၁၁ ရက် သတင်းစာရှင်းလင်းပွဲတွင် ပြောခဲ့ သည်။ သို့သော် အမျိုးသမီးအခန်းကဏ္ဍ တိုးတက်ရေနှင့် ပတ်သက်၍ သီးခြားပြောဆိုခဲ့ခြင်း မရှိပေ။

မည်သို့ပင်ဆိုစေ ခေတ်နှင့်လျှော်ညီစွာ ဘဝရပ်တည်ချက် အိပ်မက်များကို အကောင်အထည်ဖော်ရမည့် မညိုညိုသန်း၊ မနွယ်သန်းအေး၊ မစန္ဒာဝင်းတို့လို ရခိုင်အမျိုးသမီးငယ် အများစုမှာ မလုံခြုံမှု အလုပ်အကိုင် မရေရာမှုများစွာဖြင့် ချောက်ကမ်းပါးထက်က မျိုးဆက်တစ်ခုဖြစ်လာနေသည်မှာ ငြင်း၍ မရနိုင်သေးပေ။

မညိုညိုသန်းကတော့ “ကျမက ဘွဲရပြီးရင် ဌာနဆိုင်ရာတစ်ခုမှာ အလုပ်ဝင်လုပ်ပြီး အာမခံချက် ရှိတဲ့ ဘဝတစ်ခုကို အေးချမ်းစွာ ဖြတ်သန်းချင်တာ။ ဒါပေမဲ့ အခုကတော့ …” ဟု စကားကို အဆုံးမသတ်ဘဲ ပြောဆိုနေသည်။

နောက်ဆုံး သတင်းများရယူလိုက်ပါ