ယနေ့ မြန်မာ့နိုင်ငံရေးအခင်းအကျင်းသည် အချိန်နှင့်အမျှ ပြောင်းလဲနေပြီး လက်နက်ကိုင်နိုင်ငံရေးနှင့် လွှတ်တော် ပါတီနိုင်ငံရေးတို့မှာလည်း လျင်မြန်စွာ ရွှေ့လျားနေသည်။ အာဏာသိမ်း စစ်ခေါင်းဆောင်သည် အင်္ဂါမစုံ ရွေးကောက်ပွဲလုပ်ပြီး လွှတ်တော်ကနေ တရားဝင် အစိုးရဖြစ်ရေး မြန်မြန်ဆန်ဆန် သွားနေသည်။
ဤသို့ အလှည့်အပြောင်းမျိုးတွင် တစ်ချို့က ပြည်သူမဲထည့်ဘဲ နေရာရသွားသလို တစ်ချို့ကလည်း နိုင်ငံရေး ဂုဏ်သိက္ခာ ပုံအောပြီး ကစားခဲ့သည့် ရွေးကောက်ပွဲတွင် အလဲအကွဲနှင့် အရှုံးကြီးရှုံးသူများလည်း ရှိနေသည်။
ထိုသို့ မိမိကိုယ်ကို ယုံကြည်မှုလွန်ကဲပြီး စစ်တပ်အကွက်ချထားသည့် နိုင်ငံရေးချောက်ကမ်းပါးထဲ ထိုးကျသွားသူများထဲတွင် ရခိုင့်နိုင်ငံရေးသမားကြီး ဒေါက်တာအေးမောင်လည်း တစ်ဦး အပါဝင်ဖြစ်ပေမည်။
■ ဒေါက်တာအေးမောင်နှင့် နိုင်ငံရေးဇာတာ အတက်အကျများ

တိရစ္ဆာန်မွေးမြူရေးနှင့် ကုသရေးဆရာဝန်ဖြစ်သူ ဒေါက်တာအေးမောင်သည် ၂ဝဝ၉ ခုနှစ်တွင် ဆေးပင်စင် အငြိမ်းစားယူပြီးနောက် ၂ဝ၁ဝ ခုနှစ်တွင် နိုင်ငံရေးလောကသို့ ခြေစုံပစ် ဝင်ရောက်သူဖြစ်သည်။ ထိုအချိန်သည် သူ့အတွက် နိုင်ငံရေး ဇာတာစမ်းထချိန်ဟု ဆိုရမည်။
ဒေါက်တာအေးမောင်သည် ၂၀၁၀ ရွေးကောက်ပွဲအတွက် ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ (RNDP )ကို တည်ထောင်ပြီး ဥက္ကဌ စလုပ်သည်။ ရခိုင်သား သည်းခြေကြိုက်စကားလုံးများ ရွေးပြောပြီး စည်းရုံးရေးလုပ်သည်။ ရခိုင့်နိုင်ငံတော်၊ ရခိုင်သမိုင်း၊ အမျိုးသားရေး၊ တော်လှန်ရေးအကြောင်း တစိုက်မတ်မတ် တရားဟောသဖြင့် ရခိုင်ပြည်သူထောက်ခံမှုကို ယူနိုင်ခဲ့သည်။
ထိုနောက် ၂၀၁၀ ရွေးကောက်ပွဲတွင် RNDP သည် ပြည်ထောင်စုလွှတ်တော်နှင့် ပြည်နယ်လွှတ်တော် ၄၄ နေရာ ဝင်ပြိုင်ခဲ့ပြီး ၃၅ နေရာ အနိုင်ရခဲ့သည်။
ထို့အတူ ၂၀၁၀ ရွေးကောက်ပွဲတွင် ဒေါက်တာအေးမောင်သည် မြေပုံမြို့နယ်ကနေ အမျိုးသားလွှတ်တော် မဲဆန္ဒနယ်မှ အနိုင်ရပြီး လွှတ်တော်ကိုယ်စားလှယ်စဖြစ်လာသည်။ ၂၀၁၁ ရွေးကောက်ပွဲနှင့် ပထမလွှတ်တော် သက်တမ်းတွင် အဆင့်မြင့်နေရာ ဒုတိယ သမ္မတလောင်းအဖြစ် ဒေါက်တာအေးမောင် အမည်စာရင်း တင်သွင်ခြင်းခံခဲ့ရသေးသည်။
ထို့နောက် ရခိုင်ပြည်သူများ၏ သဘောဆန္ဒအရ ၂၀၁၃ ခုနှစ် ဇွန်လတွင် ရခိုင်ပါတီ ၂ ခုဖြစ်သော RNDP နှင့် ALD တို့သည် ပေါင်းစည်းလိုက်ပြီး ရခိုင်အမျိုးသားပါတီ (ANP) တစ်ပါတီတည်းဖြစ်လာသည်။ ANP တွင် ဒေါက်တာအေးမောင် ဥက္ကဌ အဖြစ်ဆက်လက် လုပ်ကိုင်သည်။ ထိုစဉ်က ANP သည် ထိပ်သီးအင်အားကြီး ပါတီဖြစ်လာပြီး မြန်မာ့နိုင်ငံရေးပါတီလောကတွင် အဆင့် ၃ နှင့် ၄ နေရာ၌ ရပ်တည်ခဲ့သည်။
၂၀၁၅ ရွေးကောက်ပွဲတွင် ANP ပါတီသည် ရခိုင်ပြည်တွင် သောင်ပြိုကမ်းပြို အနိုင်ရသည်။ သို့သော်လည်း ဒေါက်တာအေးမောင်သည် မာန်အောင်မြို့နယ် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်မှ ဝင်ပြိုင်ရာ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ (NLD)ထံ ရှုံးနိမ့်ခဲ့သည်။ သို့သော်၂၀၁၇ ကြားဖြတ် ရွေးကောက်ပွဲတွင် အမ်းမြို့နယ်မှ ဆက်လက် ဝင်ပြိုင်ရာ အနိုင်ရပြီး ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဆက်ဖြစ်သည်။
ANP ပါတီအတွင်းထိပ်ပိုင်းခေါင်းဆောင်များ သဘောထား ကွဲလွဲမှုများကြောင့် ဒေါက်တာအေးမောင်သည် ၂၀၁၇ ခုနှစ် နိုဝင်ဘာတွင် ရခိုင်အမျိုးသားပါတီမှ နုတ်ထွက်ခဲ့သည်။ ဒေါက်တာအေးမောင်သည် သူနှင့် အဆင်ပြေ သူများကို စည်းရုံးကာ ၂၀၂၀ ရွေးကောက်ပွဲ ဝင်ပြိုင်ရန် ရခိုင့်ဦးဆောင်ပါတီကို ၂၀၁၈ ခုနှစ် အောက်တိုဘာလတွင် တည်ထောင်ခဲ့သည်။
ကနဦးတွင် အဖရခိုင်ပါတီ အမည်ဖြင့် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ထံ အမည်သွင်းခဲ့ရာ ခွင့်မပြုသဖြင့် ရခိုင့် ဦးဆောင်ပါတီ အမည်ပြောင်းပြီး ရပ်တည်လာခြင်းဖြစ်သည်။
ရခိုင့်ဦးဆောင်ပါတီသည် ၂၀၂၀ ရွေးကောက်ပွဲ၌ အမျိုးသားလွှတ်တော် ၆ နေရာ၊ ပြည်သူ့လွှတ်တော် ၁၁ နေရာ နှင့် ပြည်နယ်လွှတ်တော်နေရာ ၂၀ ကျော်တို့တွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ ပြည်သူ့လွှတ်တော် ၁ နေရာနှင့် ပြည်နယ်လွှတ်တော် ၂ နေရာ အနိုင်ရခဲ့သည်။
■ NLD ၏ အငြိုးထား လုပ်ကြံခံရခြင်း

နိုင်ငံရေး ဇာတာစမ်းထနေပြီး ပြည်သူလူအများအပြားထောက်ခံနေသည့် ဒေါက်တာအေးမောင်ကို ထိုအချိန်က NLD အစိုးရ ကြည့်မရခဲ့ပေ။ ယင်းကြောင့်၂၀၁၈ ခုနှစ် ဇန်နဝါရီတွင်ရသေ့တောင်မြို့၌ လုပ်ခဲ့သည့် ရခိုင်နိုင်ငံတော် အချုပ်အခြာအာဏာ ကျဆုံးခြင်း ၂၃၃ နှစ်မြောက် ဝမ်းနည်းဖွယ် အထိမ်းအမှတ် စာပေ ဟောပြောပွဲ၌ ဖမ်းဆီးရန် အကြံရခဲ့သည်။
အဆိုပါ စာပေဟောပြောပွဲတွင် ဒေါက်တာအေးမောင်၏ ရခိုင်သမိုင်းကြောင်းဆိုင်ရာနှင့် နိုင်ငံရေးတရား ဟောပြောချက်များသည် နိုင်ငံတော်ကို ပုန်ကန်သည်။ အကြည်ညိုပျက်စေသည်။ မတရားအသင်းနှင့် ဆက်သွယ်သည်ဟု စွပ်စွဲချက် အကြောင်းပြပြီး NLD အစိုးရက၂၀၁၈ ခုနှစ် ဇန်ဝါရီတွင် စစ်တွေ နေအိမ်ကနေ ဖမ်းဆီးခဲ့သည်။
ယင်းနောက် နိုင်ငံတော်အား အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ (ခ)၊ နိုင်ငံတော်ပုန်ကန်မှုပုဒ်မ ၁၂၂ တို့နှင့် စွဲချက်တင်ခဲ့ပြီး ၂၀၁၉ မတ် ၁၉ ရက်နေ့တွင် စစ်တွေ ခရိုင်တရားရုံးကနေ ဒေါက်တာအေးမောင်ကို ထောင်ဒဏ်အနှစ် ၂၀ ချမှတ်ခဲ့သည်။ ထိုအချိန်တွင် ရခိုင်ပြည်သူများ အုပ်အော်သောင်းနင်းဖြစ်ပြီး ဒေါက်တာအေးမောင်ဘက်ကနေ ရပ်တည်ပေးခဲ့ကြသည်။
၃ နှစ်ကျော်အကြာ ထောင်ထဲနေခဲ့ရပြီး စစ်အာဏာသိမ်းပြီး ပူပူနွေးနွေး ၂၀၂၁ ဖေဖော်ဝါရီ ၁၂ ရက်တွင် ဒေါက်တာ အေးမောင်ကို စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က လွှတ်ပေးခဲ့သည်။
■ စစ်ခေါင်းဆောင်ထံ ဦးချခြင်း
ဒေါက်တာအေးမောင် ထောင်ကလွတ်လာပြီးနောက် နိုင်ငံရေး အငုံ့စိတ်ကို ရှင်းရှင်းလင်းပြလာပြီး စစ်တပ်ရင်ခွင်သို့ မရှက်မကြောက်တိုးဝင်သည်။ ယင်းကာလသည် တော်လှန်ရေးဘက်၊ စစ်အုပ်စုဘက် ၂ ခုကွဲပြားနေချိန်ဖြစ်သည်။ မကြာမီ ရခိုင်ပြည်တွင် မြို့သိမ်း၊ ပြည်သိမ်းတိုက်ပွဲကြီး စတင်လာပြီး စစ်ကောင်စီ၏ လူ့အခွင့်အရေး ချိုးဖောက်မှုအောက်တွင် ပြည်သူများ ဒုက္ခရောက်လာကြသည်။ စစ်ခေါင်းဆောင်သည် ရခိုင်ပြည်သူများကို လူ့အခွင့်အရေး ပြောင်ပြောင်းတင်း ကျူးလွန်ချိုးဖောက်ခဲ့သည်။
ထို့ကြောင့် ရခိုင်ပြည်သူတိုက ဒေါက်တာအေးမောင်သည် ပြည်သူဘက်ကနေ တစ်ခုခု ထုတ်ပြောမည်လားဟု စောင့်ဆိုင်းခဲ့ကြသည်။ သို့သော် ရခိုင်ပြည်သူများနှင့် ဆန့်ကျင်ဘက်၌နေပြီး စစ်အုပ်စုလက်ဝေခံ နိုင်ငံရေးသမားအဖြစ် ထင်ရှားလာသည်။ ယခင်က လက်သီးလက်မောင်းတန်းကာ ရခိုင်အမျိုးသားရေးအတွက် ပြည်ထောင်စုအစိုးရကို အတိုက်အခံ ထောက်ပြ ဟောပြောခဲ့သည့် ဒေါက်တာအေးမောင်၏ နိုင်ငံရေး စကားလုံးများမှာ သဲထဲရေသွန်ဖြစ်ခဲ့သည်။
စစ်ပွဲကြောင့် သန်းနဲ့ချီသည့် ပြည်သူများ ဒုက္ခရောက်နေသည်ကို စစ်ခေါင်ဆောင်ကို တစ်စွန်းတစ်စမျှတောင် ထုတ်မပြောခဲ့တော့ဘဲ လျစ်လျူရှုခဲ့သည်။
စစ်တပ် ဦးဆောင်သည့် နိုင်ငံရေး၊ ဟန်ပြ ငြိမ်းချမ်းရေးပွဲများနှင့် ရွေးကောက်ပွဲ ဆွေးနွေးပွဲများတွင် အချိန် ကုန်ခံသည်။ နေပြည်တော်ကို ချောင်းပေါက်အောင်သွားပြီး စစ်အုပ်စုထံပါး ဝပ်ထွားခယကာ နေရာ တစ်ခုရရေး အာသီသပြင်းပြနေခဲ့သည်။
စစ်တပ်အာဏာသိမ်းခြင်းကို လက်ခံသူ “စစ်တပ်မရှိ၍ မဖြစ်” ဟု ထုတ်ပြောပြီး စစ်ခေါင်းဆောင်စီစဉ်နေသည့် ရွေးကောက်ပွဲကို ချီးကျူးနေသဖြင့် AFP ပါတီကို စစ်အုပ်စုက ရွေးကောက်ပွဲ ဝင်ခွင့်ပေးခဲ့သည်။ ယင်းအချိန်ကစပြီး စစ်ကောင်စီအောက်တွင် အမှုထမ်းရန် အိပ်မက်များ တစ်စတစ်စ ကြီးထွားနေခဲ့သည်။
ယင်းအပေါ် မြင်သာသည့်အချက်မှာ နိုင်ငံတော် ပုန်ကန်မှုဖြင့် ပြစ်ဒဏ်ချမှတ်ခံရသူသည် ရွေးကောက်ခံ ကိုယ်စားလှယ် မလုပ်ရဟု ပြဋ္ဌာန်းထားသည့် ဥပဒေကို ပြင်ဆင်ပေးရန် စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံ သနားခံခဲ့သည်။
စစ်ခေါင်းဆောင်ကလည်း နှစ်သက်တော်မူသဖြင့် ရွေးကောက်ခံရန် ငြိစွန်းနေသည့် ဥပဒေကို ဒေါက်တာအေးမောင်တစ်ဦးတည်း အတွက် သီးသန့် လက်မှတ်ထိုးပြီး ဝင်ခွင့်ပြုပေးသည်။ ယင်းဥပဒေကို ပယ်ဖျက်ရေးအတွက် ဒေါက်တာအေးမောင်သည် ဒို့တာဝန် အရေးသုံးပါးကို တစိုက်တစ်မတ် မမှိတ်မသုန် စွဲမြဲစွာခံယူ စောင့်ထိန်းပါမည်ဟု စစ်ခေါင်းဆောင်ထံပါး ဝန်ခံကာ သစ္စာရည်သောက်ခဲ့ရသည်။
ထို့ကြောင့် အကြမ်းဖက် စစ်ခေါင်းဆောင်သည် ဒေါက်တာအေးမောင်အတွက် မြင့်မိုရ်တောင်တမျှ ကျေးဇူးတော် အနန္တဖြစ်ခဲ့ရကြောင်း ဆိုနိုင်သည်။
ဒေါက်တာအေးမောင်ကို ရွေးကောက်ပွဲဝင်ခွင့်ရကြောင်း စစ်ခေါင်းဆောင် အမိန့်ထုတ်ပြန်သည့် ၂၀၂၅ ခုနှစ် စက်တင်ဘာ ၁၂ ရက်တွင် ကျောက်တော်မြို့နယ်၊ သရက်တပင်ကျေးရွာက စာသင်ကျောင်းကို စစ်ခေါင်းဆောင် လေကြောင်း ဗုံးကြဲခဲ့ပြီး ကျောင်းသား ၄၀ ကျော် အစုလိုက်အပြုံလိုက် သေဆုံးဒဏ်ရာရအောင် လုပ်ခဲ့သည်။
■ ဒေါက်တာအေးမောင် ကံကြမ္မာငင်ပြီ

အာဏာသိမ်းစစ်အုပ်စုသည် ၎င်းတို့ဇယားကွက်အတိုင်း ၂၀၂၅ ဒီဇင်ဘာ ၂၈ ရက်တွင် ရွေးကောက်ပွဲလုပ်သည်။ ထိုအချိန်သည် ရခိုင်ပြည် ၁၇ မြို့နယ်ထဲ ၁၄ ခုကို အာရက္ခတပ်တော်က သိမ်းပိုက်ထားသည်။ ယင်းကြောင့် စစ်ကောင်စီ ထိန်းချုပ်ရာ စစ်တွေ၊ ကျောက်ဖြူ မာန်အောင်မြို့နယ် ၃ ခုတွင်သာ ရွေးကောက်ပွဲ လုပ်နိုင်ခဲ့သည်။
ထို ၃ မြို့နယ်၌ပင် ကျောက်ဖြူနှင့် စစ်တွေမြို့နယ်တို့တွင် နေရာစုံ မကျင်းပနိုင်ဘဲ မာန်အောင်မြို့နယ် တစ်ခု တည်းသာ အပြည့်အဝ လုပ်နိုင်ခဲသည်။ ထိုမြို့နယ် ၃ ခုထဲက လူဦးရေ ၁၉၅၈၈၈ ဦး (နှစ်သိန်းခန့်) မဲစာရင်းထဲ ပါဝင်ခဲ့သော်လည်း စုစုပေါင်း မဲပေးခဲ့သူမှာ ၁၀၀၃၆၈ (တစ်သိန်းစွန်းစွန်း) သာရှိခဲ့သည်။
ဒေါက်တာအေးမောင်သည် ရခိုင်ပြည်နယ် အမှတ်(၃)အမျိုးသားလွှတ်တော် မဲဆန္ဒနယ်(စစ်တွေ) နိုင်သူအကုန်ယူ စနစ် FPTP နေရာက ဝင်ပြိုင်သည်။ ဤသို့အမျိုးသားလွှတ်တော်ကိုယ်စားလှယ်ကနေ ဝင်ပြိုင်ရခြင်း၏ ရည်ရွယ် ချက်မှာ ယခင်လက်လွှတ်ခဲ့ရသည့် ဒုသမ္မတရာထူးကို ယခုတစ်ဖန် အာသီသ တက်မက်နေဟန်ပုံပေါ်သည်။
ဒေါက်တာအေးမောင်သည် မိမိကိုယ်ကို နိုင်ငံရေးယုံကြည်ချက်၊ ခံယူချက်ပြင်းပြသူဖြစ်သည်။ ယင်းကြောင့် ရခိုင်ပြည်ကြီး စစ်မီးဟုန်းဟုန်းတောက်နေပါစေ သူ့ကို ထောက်ခံသူများ ရှိပါသေးသည်ဟူ၍ ဘဝင်မြင့်နေခဲ့သည်။
သို့သော် ရလာဒ်ကား မှန်းချက်နှင့် နှမ်းထွက် မကိုက်ခဲ့ချေ။ အားလုံးဗြောင်းဆန်ပြီး ဒုသမ္မတ အိပ်မက်လည်း လေအပင့်မှာ ကြွေလွင့်ခဲ့ရတော့သည်။ မဲရလာဒ်ကြေညာရာတွင် သူ၏ ပြိုင်ဘက် ကြံ့ခိုင်ရေးပါတီ ကိုယ်စားလှယ် ဦးသန်းထွန်းက မဲအရေအတွက် ၂၅၀၀၀ ကျော်နှင့်၊ ဒေါက်တာအေးမောင်၏ မဲအရေအတွက် ၈၀၀၀ ကျော်သာ ရရှိကြောင်း UEC က ထုတ်ပြသည်။ ကြံ့ခိုင်ရေးထံ မဲအပြတ်အသတ်ဖြင့် ရှုံးပွဲဝင်ခဲ့ရသည်။
ယင်းကြောင့် ဒေါက်တာအေးမောင်၏ နိုင်ငံရေး ကံဇာတာ သုညကြွင်းခဲ့ရချေပြီ။ ဒေါက်တောအေးမောင်သည် ယခု ၂၀၂၅ အပါအဝင် ရွေးကောက်ပွဲ စုစုပေါင်း ၄ ကြိမ် ဝင်ပြိုင်ဖူးသည်။ နှစ်ကြိမ် အနိုင်ရပြီး နှစ်ကြိမ် ရှုံးနိမ့်မှုနှင့် ကြုံခဲ့ရသည်။ ယခင် ၂၀၁၅ ရွေးကောက်ပွဲတွင် NLD နှင့် ယခု ၂၀၂၅ ရွေးကောက်ပွဲတွင် ကြံ့ခိုင်ရေးထံ ရှုံးနိမ့်ခဲ့ရ ခြင်းဖြစ်သည်။
■ ရွေးကောက်ပွဲ သင်္ခန်းစာနှင့် စစ်ခေါင်းဆောင် နှစ်သိမ့်ဆု

ယခု ရွေးကောက်ပွဲရလဒ်အနေဖြင့် ရခိုင့်ဦးဆောင်ပါတီသည် ပြည်သူ့၊ အမျိုးသား၊ ပြည်နယ်လွှတ်တော်အသီးသီး၌ ၄၁ နေရာ ယှဉ်ပြိုင်ခဲ့ရာ ၈ နေရာအနိုင်ရခဲ့သည်။ ထို့အတူ ဦးဘရှိန်၏ ရခိုင်တိုင်းရင်းသားများပါတီသည်လည်း ၃၂ နေရာဝင်ပြိုင်ခဲ့ရာတွင် ၆ ဦးအနိုင်ရခဲ့သည်။
ထို့ကြောင့် စစ်အုပ်စုအလိုကျ စီစဉ်အကွက်ချခဲ့သည့် ၂၀၂၅ ရွေးကောက်ပွဲတွင် ကြံ့ခိုင်ရေးပါတီက ရခိုင်ပါတီများ ကို မဲအပြတ်အသတ်ဖြင့် အနိုင်ယူလိုက်သည်။ ထိုအချက်မှာ ခေတ်အဆက်ဆက်က ရခိုင်ပြည်၌ ရခိုင်ပါတီများ အားကောင်းခဲ့သည့် ရွေးကောက်ပွဲသမိုင်းများကို ပြောင်းပြန်လှန်လိုက်ခြင်းလည်း ဖြစ်ပေသည်။
ဤအချက်ကိုထောက်ကြည့်ခြင်းအားဖြင့် ရခိုင်ပြည်သူများသည် အာဏာသိမ်းစစ်တပ်အလိုကျ ဝင်ပြိုင်ခဲ့သည့် ရခိုင်ပါတီများကို ဒဏ်ခတ်အရေးယူလိုက်ခြင်းဆိုသည့် သင်္ခန်းစာကို ပြသရာရောက်သည်။ မည်သို့ပင်ဆိုစေကာမူ ရခိုင့်နိုင်ငံရေးသမားများ၏ အတွင်းစိတ်တွင် ရခိုင်ပါတီကို မဲပေးကြလိမ့်မည်ဟု မှန်းဆချက်သည် ပြောင်းပြန် စီးဆင် မြစ်တစ်စင်းဖြစ်ခဲ့ပြီ။
အခြားတစ်ဖက်တစ်ဖက်တွင်လည်း စစ်တပ်ကစားကွက်သည် ရခိုင်ပါတီများကို ကြိုတင်မဲဖြင့် ကြံ့ခိုင်ရေးကို အနိုပေးလိုက်ခြင်းဖြစ်သည်။ ကြိုတင်မဲများကို ဌာနဆိုင်ရာများနှင့် တပ်မိသားစုများက ပုံအောပြီး စစ်တပ် လက်အောက်ခံ ကြံ့ခိုင်ရေးက ယူလိုက်ခြင်းဖြစ်သည်။
ထိုသို့ မရှုမလှရှုံးနိမ်ခဲ့သည့် ရခိုင်ပါတီများအတွက် စစ်ခေါင်းဆောင်က နှစ်သိမ့်ဆုအနေဖြင့် PR စနစ်ကို အကြောင်းပြ ဆွဲခေါ်ရာတွင် ဒေါက်တာအေးမောင်ဇနီး ဒေါ်မြမြသက်နှင့် သားဖြစ်သူ ဦးတင်မောင်ဝင်းမှာ ထိုင်ခုံတစ်နေရာစီ ရလာတော့သည်။ ဒေါ်မြမြသက်သည် အမျိုးသားလွှတ်တော် အမှတ် (၉) မဲဆန္ဒနယ်နေရာနှင့် ပြည်နယ်လွှတ်တော်တွင် ဘူးသီးတောင်မြို့နယ် နေရာ၌ ဦးတင်မောင်ဝင်းကို နေရာပေးထားသည်။
သို့သော် မျက်မှောက်တွင် ရခိုင့်နိုင်ငံရေးသမားကြီးဖြစ်သူ၊ စစ်အုပ်စုအလိုက် အကြိုက်လုပ်ပြခဲ့သူ ဒေါက်တာ အေးမောင်မှာ လွှတ်တော်၌ ဘာမှနေရာမရတော့ဘဲ စစ်အုပ်စု၏ နိုင်ငံရေးလုပ်ကြံမှုကို ရင်နာနာဖြင့် ကြိတ်မှိတ်ခံစားလိုက်ရသည့် သဘောမြင်ရသည်။
■ လက်ရှိ လွှတ်တော်အခင်းအကျင်း
ယနေ့အခါ အမျိုးသားလွှတ်တော် ဥက္ကဌနေရာကို ကြံ့ခိုင်ရေးပါတီဝင်များဖြစ်ကြသော စစ်ခေါင်းဆောင် လူယုံ တော် စစ်ဗိုလ်ချုပ်ဟောင်း ဦးအောင်လင်းဒွေးနှင့် ဒုတိယနေရာကို ဗိုလ်မှူးဟောင်း Jeng Phang နော်တောင်၊ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ နေရာကို ဗိုလ်မှူးချုပ်ဟောင် ဦးခင်ရီ ဒုတိယ ဥက္ကဋ္ဌနေရာကို ဗိုလ်ချုပ်ဟောင်းဖြစ်သူ ဦးမောင်မောင်အုန်းတို့ ယူထားသည်။
ထို့အတူ သမ္မတ ရာထူးကို အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ယူလိုက်ပြီး ဒုသမ္မတ (၁) စစ်ဗိုလ်ချုပ်ဟောင်း ဦးညိုစောနှင့် ဒုသမ္မတ (၂) နေရာကို ကြံ့ခိုင်ရေးပါတီမှ ဒေါ်နန်းနီနီအေး တို့ ဖြစ်လာနေသည်။
ထို့အတူ ရခိုင်ပြည်နယ်လွှတ်တော်တွင်လည်း လွှတ်တော်ဥက္ကဌနေရာကို ကြံ့ခိုင်ရေးအမတ် ဒေါက်တာစန်းရွှေ၊ ရခိုင်ပြည်နယ် အစိုးရအဖွဲ့ဝန်ကြီးချုပ်နေရာကို ကြံ့ခိုင်ရေးအမတ် ဦးနိုင်ဦးတို့ကို စစ်ခေါင်းဆောင် ခန့်ထား လိုက်သည်။
ထို့ကြောင့် လွှတ်တော်နှင့် အစိုးရအဖွဲ့တွင် အကြမ်းဖက် စစ်ခေါင်းဆောင် အကွက်ချစီစဉ်ပြီး နေရာထိုင်ခုံ ယူထားကြသည့် စစ်အင်္ကျီဝတ် အမတ်နှင့် စစ်အင်္ကျီချွတ် အရပ်သားဟန်ဆောင်အမတ်နှင့်အတူ စစ်အုပ်စု လက်အောက်ခံ ကြံ့ခိုင်ရေးအမတ်များ ဗိုလ်ကျစိုးမိုးတော့ဖြစ်သည်။
■ မပဋာ မြေလူး ပြဇာတ်

အထက်တွင် ဖော်ပြခဲ့သည့်အတိုင်း နိုင်ငံရေးလှေကြုံစီးပြီး စစ်ခေါင်းဆောင် နို့သက်ခံ ဒေါက်တာအေးမောင်မှာ ယခုအခါ ၂၀၂၅ လွှတ်တော်ကြိုးဝိုင်းထဲတွင် မည့်သည့် တစ်နေရာမှ မရလိုက်တော့ဘဲ ပ,ထုတ်ခံ လိုက်ရတော့ပြီ။
ယင်းကြောင့်စစ်အာဏာရှင်ထံပါး ဝပ်တွားပြီး သိက္ခာမဲ့ရွေးကောက်ပွဲ၌ အလောင်းအစားပြုခဲ့ရသည့် စစ်ခေါင်းဆောင် သစ္စာတော်ခံ နိုင်ငံရေးသမားကြီး ဒေါက်တာအေးမောင်၏ ဖြစ်ရပ်ကို ခေတ်သစ် မပဋာ မြေလူး ပြဇာတ်ဟု သမုတ်၍ ရနိုင်သည်။
ယခင်က ဒေါက်တာအေးမောင်ကို ရခိုင်ပြည်သူများ တလေးတစားဖြင့် အားပေးထောပနာ ပေးခဲ့ကြသည်။ ထောင်မကျမီနှင့် ထောင်က လွတ်လာသည်အထိ ရခိုင်ပြည်သူများ ရခိုင့်အောင်လံ စည်တော်သံ တဗြိန်းဗြိန်းဖြင့် ကြိုဆို ပန်းကုံးစွပ်ခဲ့ကြသည်။ ထောင်ကလွတ်မြောက်ရေး ဆုတောင်ပွဲများ နေရာအနှံ့ လုပ်ခဲ့ကြသည်။ ပြည်တွင်း ပြည်ပ ရခိုင်များအားလုံး ဒေါက်တာအေးမောင်ကို ဝန်းရံထောက်ခံခဲ့ကြသည်။
သို့သော် ယနေ့အခါ ဒေါက်တာအေးမောင်၏ နိုင်ငံရေး ဇာတမှာ အကျဖက်ကို လုံးဝရောက်မှန်းမသိ ရောက်သွားခဲ့ချေပြီ။ စစ်ပွဲကြောင့် ဒုက္ခရောက်နေကြသည့် ရခိုင်ပြည်သူများကို လျစ်လျူရှုပြီး စစ်အုပ်စု လက်ဝေခံ တစ်နေရာရရှိရေးအတွက် ဘက်ပေါင်းစုံက ကြိုးစားခဲ့သည့် ဒေါက်တာအေးမောင်သည် ယခုအခါ နိုင်ငံရေး ချောင်ပိတ်ပြီး မျှော်လင့်ချက်မဲ့ခဲ့ရပြီလော မပြောတတ်ပေ။
ဒေါက်တောအေးမောင်ကို စစ်ခေါင်းဆောင်က လွှတ်တော်ထဲရောက်ရန် ထမင်းစားလက်မှတ်ပေးခဲ့သော်လည်း ယခုအခါ မှင်နီးတားလိုက်သည့် သဘောမြင်ရသည်။ ယင်းလုပ်ရပ် သင်္ခန်းစာယူကြည့်လျှင် ဒေါက်တာအေးမောင် ၏ နိုင်ငံရေး သေခြင်းရှင်ခြင်း ကံကြမ္မာသည် စစ်အာဏာရှင်၏ လက်ထဲတွင်ရှိကြောင်း သာဓက တစ်ခုပင် ဖြစ်ပေလိမ့်မည်။
အကြမ်းဖက် စစ်ခေါင်းဆောင် ကျေးဇူးတော်ကြောင့် နိုင်ငံရေးဘဝ ရှင်သန်ခွင့်ရသည့် အဖြစ်သို့ ရောက်ရသူ ဒေါက်တာအေးမောင်သည် ယခုအခါ စစ်ခေါင်းဆောင် တစ်ချက်လွှတ်အမိန့်ဖြင့် ပယ်ချခံလိုက်ရတော့သည်။ ယင်းသည်ပင်လျင် ရခိုင်ပြည်သူ့ရှေ့မှောက်တွင် အရှင်လတ်လတ် နိုင်ငံရေးသင်းသတ်ခြင်း မဟုတ်ပါလား။
နောက်တစ်ဆင့် အသက်ကယ်ဆေးအနေဖြင့် ဒေါက်တာအေးမောင်ကို ယခုသမ္မတ အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်မှူးကြီး မင်းအောင်လှိုင်က တစ်နေရာပေးခဲ့သော်လည်း အရေးပါ အရာမရောက် လုပ်ပိုင်ခွင့်ပျောက်ဆုံးနေသည့် တစ်နေရာဖြစ်မည်။ သဘောအားဖြင့် အသုံးချခံ လက်ကိုင်တုတ် သက်သက်ထက် မပိုတော့ပေ။
အလားတူ ရခိုင့်ဦးဆောင်ပါတီကိုလည်း ရခိုင်ပြည်သူထောက်ခံမှု လုံးဝ ပျောက်ဆုံးသွားပြီ ဖြစ်ပေမည်။ နိဂုံးချုပ်ရလျှင် ဒေါက်တာအေးမောင်အနေဖြင့် ဆက်လက်ပြီး ယခင် ရွေးကောက်ပွဲများမှာကဲ့သို့ ရခိုင်ပြည် သူများ၏ ထောက်ခံမဲရရန် မလွယ်ကူနိုင်တော့ကြောင်း သုံးသပ်တင်ပြ လိုက်ရသည်။
ယခု ဆောင်းပါးကို Western News ရေးသည်
