ယနေ့ အာရက္ခတပ်တော်သည် ရခိုင်ပြည်ကို ၉၀ ရာခိုင်နှုန်းအထိ သိမ်းပိုက်ထိန်းချုပ်ထားပြီး စစ်ကောင်စီနှင့် အပြိုင်အဆိုင် De Facto အစိုးရအဖြစ် အုပ်ချုပ်နေသည်။ “ဒီဖက်တို အစိုးရ” (De facto government) ဆိုသည်မှာ နယ်မြေတစ်ခုကို လက်တွေ့ ထိန်းချုပ်ထားပြီး အုပ်ချုပ်ရေး ယန္တရားကို လည်ပတ်နေခြင်းကို ဆိုလိုသည်။
အာရက္ခပြည်သူ့တော်လှန်ရေး အစိုးရသည် ဌာနဆိုင်ရာ အုပ်ချုပ်ရေးလုပ်ငန်းများ တရားစီရင်ရေး၊ ပညာရေး၊ ကျန်းမာရေး၊ အကောက်အခွန်၊ စည်ပင်၊ မီးသတ်ဌာနစသည်ဖြင့် အစိုးရ အင်္ဂါရပ်နှင့်အညီ ရခိုင်ပြည်တော်သစ်တည် ဆောက်ရေး ခရီးကို အရှိန်ဟုန်ပြင်းပြင်း မောင်းနှင်နေသည်။
တရားစီရင်ရေးကဏ္ဍတွင် အင်္ဂလိပ်အစိုးရ လက်ထက်ကတည်းက မြန်မာနိုင်ငံတွင် ကျင့်သုံးခဲ့သည့် တည်ဆဲ ဥပဒေများအတိုင်း မှုခင်းများကိုကိုင်တွယ် ဖြေရှင်းပေးနေသော်လည်း လူမှုရေး ဥပဒေတစ်ခုဖြစ်သည့် တစ်လင် တစ်ယားစနစ် ဥပဒေကို ဖျက်သိမ်းလိုက်ခြင်းကို တွေ့ရသည်။
■ တစ်လင်တစ်မယား ဥပဒေ ဘယ်ကစ
မြန်မာနိုင်ငံတွင် တစ်လင်တစ်မယားစနစ် ကျင့်သုံးခြင်းဆိုင်ရာ ဥပဒေကို ၂၀၁၅ ခုနှစ် သြဂုတ် ၃၁ ရက်တွင် ပြည်ထောင်စုလွှတ်တော်က ပြဋ္ဌာန်းခဲ့ပြီး သမ္မတဦးသိန်းစိန်က လက်မှတ်ရေးထိုး အတည်ပြုခဲ့သည်။ ယင်း တစ်လင်တစ်မယား စနစ် ကျင့်သုံးခြင်းဆိုင်ရာ ဥပဒေတွင်မူ နောက်ထပ်မယားရှိခြင်းသည် ရာဇဝတ်မှုမြောက်ပြီး ပြစ်ဒဏ် (၇) နှစ်အထိ ပေးနိုင်ခြင်းဖြစ်သည်။
ရည်ရွယ်ချက်မှာ အမျိုးသမီးများ၏ ဂုဏ်သိက္ခာနှင့် အခွင့်အရေးကို ကာကွယ်ရန်၊ မိသားစုဘဝ တည်မြဲမှုနှင့် လူမှု ပတ်ဝန်းကျင် ဂုဏ်သိက္ခာဖြစ်စေရန်၊ တရားဝင်ထိမ်းမြားထားစဉ် အခြားသူနှင့် ထပ်မံထိမ်းမြားခြင်း (သို့မဟုတ်) တရားမဝင်ပေါင်းသင်းခြင်းကို ရာဇဝတ်မှုအဖြစ် သတ်မှတ်ထားပြီး ကျားမအခွင့်အရေး ကွာဟမှုကို တားဆီးရန်တို့ ဖြစ်သည်။
ယင်းကြောင့် မြန်မာနိုင်ငံ၏ အစိတ်အပိုင်း ရခိုင်ပြည်တွင် ယခင်က အဆိုပါ ဥပဒေပြဋ္ဌာန်းချက် အကျုံးဝင်နေခဲ့ သည်။ သို့သော် ယခုအခါ အာရက္ခပြည်သူ့တော်လှန်ရေး အစိုးရအုပ်ချုပ်ပြီးနောက်တွင် တရားရုံးအချို့တွင် တလင်တစ်မယားစနစ်ကြောင့် ဖြစ်ပွားလာသည့် အိမ်ထောင်ရေး ပြဿာနာများကို ကိုင်တွယ်ဖြေရှင်းခြင်း မရှိသည့်မှာ ယင်းဥပဒေကို ဖျက်သိမ်းလိုက်ခြင်းနှင့် တူနေပေသည်။
■ ဥပဒေဖျက်သိမ်းကြောင်း တရားဝင်အသိပေးခြင်းမရှိသေး
ယခင် အစိုးရများကျင့်သုံးခဲ့သည့် တစ်လင်တစ်မယားစနစ် ဥပဒေကို ဖျက်သိမ်းကြောင်း အာရက္ခပြည်သူ့အစိုးရက ပြည်သူများကို ယနေ့အချိန်ထိ တရားဝင်ထုတ်ပြန်ခြင်းတော့ မရှိသေးပေ။
သို့သော် အဆိုပါ စနစ်ဖျက်သိမ်းထားကြောင်းကို ULA အုပ်ချုပ်ရေး၊ တရားစီရင်ရေးလုပ်ငန်းများတွင် ပါဝင်လုပ် ကိုင်နေသူများနှင့် အမှုခင်းတိုင်ကြားသူများလောက်သာ သိရှိထားကြခြင်းဖြစ်သည်။

မြောက်ဦးမြို့နယ်မှ အုပ်ချုပ်ရေးမှူးတစ်ဦးက “ရွာမှာလင်မယားချင်း ပြဿနာဖြစ်မှ ဒီဥပဒေအကြောင်းသိရတာ။ အိမ်ထောင်ရေး ဖောက်ပြန်တဲ့ လင်ဖြစ်သူကို တရားစွဲမယ်။ ဘယ်လိုလုပ်ရမလဲလို့ ရွာက အမျိုးသမီးတစ်ယောက် က လာမေးတယ်။ ကျနော်လည်းသေချာ မပြောနိုင်တာနဲ့ ကျနော်နဲ့သိတဲ့ ဥပဒေ အကြံပေးတစ်ယောက်ကို မေးကြည့်တော့မှ အခုက ဒီလိုတရားစွဲတာတွေလုပ်လို့ မရတော့ဘူးလို့ သိရတာပဲ” ဟု ပြောသည်။
ယခင်က အိမ်ထောင်ရှင်ထိမ်းမြားပြီးသည့် အရွယ်ရောက်အမျိုးသား သို့မဟုတ် အမျိုးသမီးတစ်ဦးသည် အိမ်ထောင်ရေး တည်မြဲနေစဉ် ကာလအတွင်း အခြားသူ တစ်ဦးနှင့် ထပ်မံ ထိမ်းမြားခြင်းမပြုရ သို့မဟုတ် လင်မယားအဖြစ် တရားမဝင်နေထိုင် ပေါင်းသင်းခြင်း မပြုရဟု သတ်မှတ်ထားခြင်းဖြစ်သည်။
အကယ်၍ အမျိုးသား သို့မဟုတ် အမျိုးသမီးသည် ယခင်က ထိမ်းမြားခဲ့ဖူးလျှင် ထိုအိမ်ထောင်နှင့် တရားဝင် ကွာရှင်းပြတ်စဲပြီးဖြစ်ကြောင်း ခိုင်လုံသည့် အထောက်အထား တင်ပြနိုင်လျှင် အခြားသူတစ်ဦးနှင့် ထပ်မံ၍ ထိမ်းမြားနိုင်သည်ဟူ၍ ဖြစ်သည်။
သို့သော်လည်း လက်ရှိကာလတွင် တစ်လင်တစ်မယားစနစ်ကို ဖျက်သိမ်းကြောင်း သက်ဆိုင်ရာ ဥပဒေပြုရေး အာဏာပိုင်များဘက်က တရားဝင်အသိပေး ထုတ်ပြန်ချက်များ မရှိသေးသဖြင့် ရခိုင်ပြည်သူများအကြား ဝေဖန်မှု အမျိုးမျိုးပေးနေကြသည်။
ကျောက်တော်ဒေသခံ အမျိုးသားတစ်ဦးက “ကျနော့်အမြင်တော့ တပ်ဘက်ဆိုင်ရာနဲ့ ဆက်စပ်မယ်ထင်ပါတယ်။ ဘာလို့လဲဆိုတော့ တပ်ဘက်ဆိုင်ရာ အကြီးကဲတွေမှာ အိမ်ထောင်ရေး ဖောက်ပြန်မှုတွေ တော်တော်များများတွေ့ရတယ်။ အမျိုးသမီးတစ်ဦးထက် ပိုပြီးယူတာတွေ များတာပေါ့လေ။ သူတို့ကိုသာ တစ်လင်တစ်မယား ဥပဒေအရ အရေးယူလို့ ရမယ်ဆိုရင် အကုန်ထောင်ထဲ သွင်းထားရမလို ဖြစ်တော့မှာ” ဟု သူ့ထင်မြင်ချက်ကို ပြောသည်။
ULA တရားစီရင်ရေးတွင် ပါဝင်နေသူ အမျိုးသမီးတရားသူကြီး တစ်ဦးကမူ တစ်လင်တစ်မယား စနစ်ကိုဖျက်သိမ်းခြင်းမှာ အိမ်ထောင်ရေးဖောက်ပြန်မှု ကိစ္စများကြောင့်မဟုတ်ဘဲ လူတစ်ဦးတွင် အိမ်ထောင်ဖက်တစ်ဦးထက် ပိုယူသည့်အချက်မှာ သာမန်ဖြစ်ရိုးဖြစ်စဉ် တစ်ခုအဖြစ် သတ်မှတ်၍ ဖျက်သိမ်းလိုက်ခြင်းဟု ဆိုသည်။
■ တည်ဆဲ ဥပဒေပါ အကြောင်းအရာများ

တစ်လင်တစ်မယားစနစ်နှင့် ပတ်သက်ပြီး လက်ရှိ အာရက္ခတပ်တော် တရားစီရင်ရေးအပိုင်းတွင် ပြင်ဆင်ကျင့်သုံး နေသည့် အချက်များလည်းရှိနေကြောင်း Western News ကစုံစမ်းသိရသည်။
ပထမတစ်ချက်မှာ အမျိုးသားများမှာ အမျိုးသမီးတစ်ဦး ထက်ပို၍ ထိမ်းမြားယူပိုင်ခွင့်ရှိနေသည်။ ယင်းကိစ္စနှင့် ပတ်သက်ပြီးကနဦး အိမ်ထောင်ဖက်ဖြစ်ခဲ့သည့် အမျိုးသမီးမှ မကျေနပ်ပါက တရားရုံးတွင် ကွာရှင်းလိုကြောင်း ဦးတိုက်လျှောက်ထားနိုင်ပြီး သက်ဆိုင်ရာ တရားရုံးကနေ ၎င်းတို့၏ ပိုင်ဆိုင်မှုတစ်ဝက်စီခွဲဝေပေးမှုဖြင့် တရားစီရင်ပေး ခြင်းဖြစ်သည်။ (အမှုဖွင့် ထောင်ချ၍တော့ မရပေ။)
နောက်တစ်ချက်မှာ အမျိုးသမီးတွင် တစ်ဦးထက်ပိုသည့် အိမ်ထောင်ဖက်ရှိလာခဲ့လျှင် အမျိုးသားဖက်မှ ကွာရှင်း လိုကြောင်း တရားရုံးသို့ လျှောက်ထားနိုင်ပြီး ပိုင်ဆိုင်မှုခွဲဝေရာတွင် ပိုင်ဆိုင်မှုအားလုံး အမျိုးသာကသာ ရပိုင်ခွင့်ရှိ ကာ အမျိုးသမီးဖက်က ပိုင်ဆိုင်မှုများကို လုံးဝ ရပိုင်ခွင့်မရှိပေ။ (အမှုဖွင့် ထောင်ချ၍တော့ မရပေ။)
ထိုပြင်ဆင်ချက်များအပေါ် ဒေသတွင်း ရှေ့နေအမျိုးသမီးတစ်ဦးက “ဒီဥပဒေကတော့ တော်တော်ကို မမျှတပါ။ အမျိုးသမီးတွေက ဖောက်ပြန်ခံရရင် ပိုင်ဆိုင်မှုတစ်ဝက်ခွဲပေးရဦးမယ်။ ကိုယ်တိုင်ဖောက်ပြန်ခဲ့ရင်တော့ အဝတ် တစ်ထည်ကိုယ်တစ်ခုနဲ့ အိမ်ပေါ်က ဆင်းပဲ။ ကျမဆီရောက်လာတဲ့ အမှုသည် အမျိုးသမီးတွေရင်ဖွင့်ပြောကြ တယ်။ ဒီဥပဒေကြီး ပြန်ပြင်ဖို့ ပြောကြရမယ်ပေါ့။ ဒါပေမယ့် ကျမလုပ်နိုင်တာလည်း ဘာမှ မရှိဘူး။ ဒီဥပဒေ ချ မှတ်ထားရင် ဒီအတိုင်းပဲရှေ့နေလိုက်ပေးရတော့မှာပဲ” ဟုပြောသည်။
ယင်းကြောင့်လက်ရှိ အာရက္ခပြည်သူ့အစိုးရက ပြောင်းလဲချမှတ်ထားသည့် ဤဥပဒေတွင် အားနည်းချက် အချက် နှစ်ခုကို တွေ့မြင်နိုင်ကြောင်း ဝေဖန်နေကြသည်။
ပထမအချက်မှာ ဤဥပဒေသည် အမျိုးသားများ၏ အိမ်ထောင်ရေးဖောက်ပြန်ခြင်းကို အားပေးထားသကဲ့သို့ ဖြစ်နေပြီး ဒုတိယအချက်မှာ အမျိုးသမီးများ၏ အိမ်ထောင်ရေး ဖောက်ပြန်မှုကို တားဆီးထားခြင်းဖြစ်သည်။ ယင်းကြောင့် ကျား၊ မ အခြေခံတန်းတူညီမျှမှုကို လျစ်လျူရှုထားသကဲ့သို့ ဖြစ်နေကြောင်း ဝေဖန်ကြသည်။
အမျိုးသမီးအရေး တက်ကြွလှုပ်ရှားသူတစ်ဦးက “ဒီဥပဒေကြောင့် လူမှုနယ်ပယ်မှာ အမျိုးသမီးတွေအနေနဲ့ ကိုယ့် ကိုယ်ကိုယ်ယုံကြည်မှု အားနည်းလာကြတယ်။ အိမ်ထောင်ရေးမှာ လင်ယောက်ျားနဲ့ ပြဿနာတစ်စုံတစ်ရာဖြစ် တယ် ဆိုရင်ပဲ ဒီအချက်အပေါ်ကြောက်ရွံ့စိတ်တွေပိုများလာကြတာကို ကျမတို့ဆီရောက်လာကြတဲ့ အမျိုးသမီး တွေရဲ့ အခြေနေအရတွေ့ရတာပေါ့နော်။ ဒီဥပဒေက အမျိုးသမီးအခွင့်ရေး လျော့နည်းတာကြောင့် အမျိုးသမီးတွေ အနေနဲ့လူမှုရေး တစ်ဆင့်နိမ့်သလို ခံစားလာစေရတာပါ” ဟုပြောသည်။
■ တစ်လင်တစ်မယားကျင့်သုံးသည့် နိုင်ငံနှင့် မကျင့်သုံးသည့် နိုင်ငံများ
ကမ္ဘာပေါ်တွင် တစ်လင်တစ်မယားစနစ် ကျင့်သုံးသည့် နိုင်ငံများနှင့် မကျင့်သုံးသည့်နိုင်ငံများလည်းရှိနေသည်။ တစ်လင်တစ်မယားစနစ်ကို အာရှတိုက်တွင် မြန်မာ၊ ထိုင်း၊ ဗီယမ်နမ်၊ ဂျပန်၊ တရုတ်၊ ကိုးရီးယား စသည့် နိုင်ငံများနှင့် လက်တင် အမေရိကန်နိုင်ငံများ၊ ဥရောပနိုင်ငံအားလုံးနီးပါး ကျင့်သုံးကြသည်။
တစ်လင်တစ်မယားစနစ်သည် ကျားမတန်းတူ ညီမျှမှုရှိခြင်းနှင့် လူ့အခွင့်အရေးနှင့် လိုက်လျောညီထွေမှုရှိကြောင်း ကမ္ဘာ့လူ့အဖွဲ့စည်းအများစုက လက်ခံထားကြပြီး ဤစနစ်၏ စံတန်ဖိုးကို အလေးထားသည့် အနေဖြင့် သဘောတူ ကျင့်သုံးနေကြခြင်းဖြစ်သည်။
ကမ္ဘာတွင် တစ်လင်တစ်မယားစနစ်ကို မကျင့်သုံးသည့်နိုင်ငံများမှာ အဖရိကတိုက်ရှိ နိုင်ဂျီးရီးယား၊ ဆီနီကော၊ အရှေ့အလယ်ပိုင်းရှိ ဆော်ဒီအာရေးဗီးယား၊ ကာတာ စသည့် နိုင်ငံများဖြစ်သည်။
■ ရခိုင်အမျိုးသမီးများ ပူပင်မှု

တစ်လင်တစ်မယားစနစ်ကို ကျင့်သုံးခြင်း၏ အားသာချက်မှာ ဥပဒေနှင့်အညီ ထိမ်းမြားကြသော လင်နှင့်မယားတို့ တစ်ဦးအပေါ်တစ်ဦး သစ္စာရှိစွာဖြင့် အိမ်ထောင်တည်ဆောက်နိုင်စေရန်နှင့် အမျိုးသမီးများ တရားမဝင်မယားအ ဖြစ် ရောက်ရှိခြင်းမှ ကာကွယ်ရန်တို့ ဖြစ်ကြောင်း ရှုမြင်ကြသည်။
ထို့အတူ အိမ်ထောင်ဖက်တစ်ဦးထက်ပို၍ ယူခြင်းကြောင့် နောက်ဆက်တွဲဖြစ်လာနိုင်သည့် အိမ်ထောင်ရေး ပြဿ နာနှင့် အိမ်ထောင်ရေးမှုခင်းများကို တားဆီးနိုင်ရန်၊ ကိုယ်ကျင့်တရား ပိုမိုထိန်းသိမ်းနိုင်ကြစေရန်တို့ကို ဦးတည် ထားသည်ကို တွေ့ရသည်။
ယင်းကြောင့် ယခင်က ကျင့်သုံးခဲ့သည့် တစ်လင်တစ်မယား စနစ်ဥပဒေသည် အိမ်ထောင်ရေးဖောက်ပြန်မှုအား အတိုင်းအတာတစ်ခုထိ တားဆီးနိုင်သည့် အဟန့်အတား တစ်ခုအဖြစ်လည်း မြင်ရသည်။ ယင်းအပြင် တစ်လင်တစ်မယား ဥပဒေသည် အိမ်ထောင်ရေး ဖောက်ပြန်ခံရသူများအတွက် ဥပဒေမှ ကာကွယ် ပေးထားသည့် စိတ်လုံခြုံမှု အကာကွယ်တစ်ခုဖြစ်သည်။
အိမ်ထောင်ရေး ဖောက်ပြန်မှုမှာ လူ့အဖွဲ့အစည်းတွင် နေ့စဉ်ဓူဝဖြစ်ပျက်နေသည့် အဖြစ်ပျက်တစ်ခုမှန်သော်လည်း ထိုလုပ်ရပ်များမှာ ပြစ်မှုမမြောက်တော့သည့်အခါ မိသားစု အေးချမ်းမှုကို ပိုပွတ်တိုက်မှု ပိုထိခိုက်လာနိုင်ကြောင်း ရှုမြင်သူများ လည်း ရှိနေသည်။ ထို့အတူ ရခိုင် လူ့အဖွဲ့အစည်း၏ စံတန်ဖိုးများပါ ထိခိုက်လာနိုင်တော့ မလားဟု စိုးရိမ်စိတ်များ လည်း ရခိုင်ပြည်သူများထံတွင် ရှိနေကြခြင်းဖြစ်သည်။
ရခိုင်အမျိုးသမီးများကွန်ရက် ဥက္ကဌ ဒေါ်ညိုအေးက “အမှန်တကယ် တစ်လင်တစ်မယားဥပဒေကိုသာ ဖျက်သိမ်း လိုက်တယ်ဆိုရင် အမျိုးသမီးတွေအတွက် မတွေးရဲစရာပဲ။ နောက်ဆက်တွဲ ဖြစ်ပေါ်လာနိုင်တဲ့ ပြဿနာတွေ၊ ပဋိပက္ခတွေကို မစဉ်းစားရဲဘူး။ နဂိုကတည်းကမှ အမျိုးသမီးတွေက နစ်နာနေရတာ။ ဒီဥပဒေသာ မရှိလို့ကတော့ အမျိုးသားတွေမှာ တွေမှာ မယား ၃ ယောက်ဖြစ်လိုက်၊ ၄ ယောက်ဖြစ်လိုက် မတွေးရဲစရာပဲ။ ပြီးတော့ ရခိုင်လူမျိုးတွေရဲ့ တန်ဖိုးထားတဲ့ ဘိုးဘွားစဉ်လာ ထိန်းသိမ်းလာတဲ့ စံနှုန်းတွေကို ချိုးဖောက်သလိုဖြစ်မယ်။ အမျိုးသမီးတွေ အရင် နစ်နာကြမယ်“ဟု ကိုပြောသည်။
ယင်းကြောင့် အဆိုပါ ဥပဒေကို ဖျက်နိုင်ရေးအတွက် ULA အနေဖြင့် ဥပဒေ၊ နည်းဥပဒေများကို သေချာ မြင်သာ အောင် ပြဋ္ဌာန်းရန် လိုအပ်ကြောင်းလည်း အမျိုးသမီး အရေးလှုပ်ရှားနေသူများက ဆိုသည်။
ULA/AA သည် တစ်လင်တစ်မယား ဥပဒေ ဖျက်သိမ်းလိုက်ခြင်းမှာ သေချာသည့် အကြောင်းပြချက်တော့ မတွေ့ရသေးပေ။ သို့သော် စစ်သားတစ်ပိုင်းအစိုးရ ဦးသိန်းစိန်လက်ထက်က မဘသများ လှုံ့ဆော်တောင်းဆိုမှုဖြင့် ပြဋ္ဌာန်းခဲ့သည့် ဥပဒေတစ်ခုဖြစ်နေခြင်းဟု ထင်မှတ်သူများလည်း ရှိနေသည်။
တစ်ချို့ကလည်း ရခိုင်ပြည် လူဦးရေးတိုးလာစေရေး၊ လူသားအရင်းအမြစ်လိုအပ်ချက်ကို ဖြည့်စွက်နိုင်ရေးအတွက် ရည်ရွယ်ပြီး တစ်လင်တစ်မယား ဥပဒေကို ဖျက်သိမ်းလိုက်ခြင်းဖြစ်နိုင်ကြောင်း မှတ်ချက်ပြုနေကြသည်။
မည်သို့ပင်ပြောကြပါစေ အာရက္ခတပ်တော်ထိန်းချုပ် ဒေသတွင်း လက်ရှိ ပြင်ဆင်ချမှတ်လိုက်သည့် လင်မယား ဥပဒေမှာ ကျား/ မရေးရာ အခြေခံ တန်းတူညီမျှမှုကိုပင် လျစ်လျူရှုကာ အမျိုးသမီးအခွင့်အရေးကို မျက်ကွယ် ပြု ထားသကဲ့သို့ ဖြစ်နေကြောင်းလည်း ဝေဖန်နေကြခြင်းဖြစ်သည်။
ထို့အတူ တစ်လင်တစ်မယားစနစ်ဖျက်သိမ်းလိုက်ခြင်းကြောင့် ရခိုင့်လူမှုအဖွဲ့အစည်းများတွင် အိမ်ထောင်ရေး ဖောက်ပြန်မှုများ ပိုမိုမြင့်တက်လာနိုင်ပြီး မလိုလားအပ်သည့် လူမှုရေးပြဿနာ မှုခင်းများလည်း တိုးမြင့်လာမည် ကို အမျိုးသမီးအသိုင်းအဝိုင်းက စိုးရိမ်နေကြခြင်းလည်းဖြစ်သည်။
ယခုဆောင်းပါးကို Western News သတင်းဌာနက မော်ရေးသည်။
